ဖမ်းဆီးခံကျောင်းသားများက လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုဖြင့် ပြန်လည်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားမှုကို သာယာဝတီမြို့နယ်တရားသူကြီးက လက်မခံဘဲ ပယ်ချခဲ့သည့်အတွက် ခရိုင်တရားရုံးသို့ လာမည့်အပတ်တွင် အမှုပြင်ဆင်ချက်တက်မည်ဖြစ်ကြောင်း ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ထံမှ သိရသည်။သပိတ်မှောက်ကျောင်းသားများကို လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့က တရားသူကြီး၏ချုပ်မိန့်ရမန်မပါရှိဘဲ သာယာဝတီအကျဉ်းထောင်တွင် တစ်ရက်အဓမ္မချုပ်နှောင်ခဲ့မှုနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်နှစ်ဦးကို သာယာဝတီအကျဉ်းထောင်တွင် နှစ်လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့မှုကြောင့် ၎င်းတို့ကို ကျောင်းသားများဘက်မှ မတရားဖမ်းဆီးချုပ်နှောင်မှုဖြင့် ပြန်လည်တရားစွဲဆိုခွင့်ပြုရန် လျှောက်ထားခဲ့ရာ သာယာဝတီမြို့နယ်တရားသူကြီးက မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့သည် ပြန်တမ်းဝင်အရာရှိဖြစ်သောကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၁၉၇ (၁)အရ နိုင်ငံတော်သမ္မတထံမှ ခွင့်ပြုချက်ရမှသာ တရားစွဲဆိုနိုင်သောကြောင့် တရားရုံးမှလက်မခံဘဲ ပယ်ကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့ရုံးချိန်းက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အမှုကို လာမယ့်အပတ်တွင်းမှာ သာယာဝတီခရိုင်တရားရုံးကို ပြင်ဆင်ချက်တက်ပါမယ်ဟု သြဂုတ် ၁၄ ရက်က ပြောကြားသည်။ပြစ်ဆိုင်ရာကျင့်ထုံးဥပဒေ ၁၉၇(၁)တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၉ ၏ အဓိပ္ပာယ်အရ တရားသူကြီးဖြစ်သူ၊ သို့မဟုတ်ရာဇဝတ်တရားသူကြီးတစ်ဦး သို့မဟုတ် နိုင်ငံတော်သမ္မတ သို့မဟုတ် အခြားအဆင့်မြင့်သော အာဏာပိုင်၏အခွင့်အမိန့်မရရှိဘဲ ရာထူးမှထုတ်ပယ်ခြင်းမပြုနိုင်သော ပြည်သူ့ဝန်ထမ်းတစ်ဦးသည် မိမိရာထူးအလျောက် တာဝန်ထမ်းဆောင်စဉ်ပြုသော သို့မဟုတ် ပြုလုပ်သည်ဟုသဘောသက်ရောက်သော ပြစ်မှုတစ်စုံတစ်ရာနှင့် စွပ်စွဲခြင်းခံရသောအခါ နိုင်ငံတော်သမ္မတ၏ ကြိုတင်အခွင့်အမိန့်မရရှိဘဲ အဆိုပါပြစ်မှုကို မည်သည့်တရားရုံးကမှ အရေးမယူရဟု ပြဋ္ဌာန်းပါရှိသည်ကို တွေ့ရသည်။
လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့အား တရားစွဲခွင့်ပြုရန် ဖမ်းဆီးခံကျောင်းသားများလျှောက်ထားမှု မြို့နယ်တရားရုံးကပယ်ချသည့်အတွက် သာယာဝတီခရိုင်တရားရုံးသို့ လာမည့်အပတ်တွင် အမှုပြင်ဆင်ချက်တက်မည်