လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းပေးနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ စတုတ္ထအကြိမ်မြောက် ထပ်မံတင်ပြကြောင်း ထုတ်ပြန်

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းပေးနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ စတုတ္ထအကြိမ်မြောက် ထပ်မံတင်ပြကြောင်း ထုတ်ပြန်
Published 14 August 2015
ကျော်ထင်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပေးနိုင်ရေး စတုတ္ထအကြိမ်မြောက်အဖြစ် သြဂုတ် ၁၃ ရက်တွင် ထပ်မံတင်ပြထားရှိကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းထုတ်လွှင့်မှုအရ သိရသည်။
လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြုစုပြီး ၂၀၁၂ ခုနှစ် သြဂုတ် ၂၇ ရက်၌ လည်းကောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်၌ လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်၌ လည်းကောင်း ပြည်ထောင်စု လွှတ်တော်နာယကထံသို့ လိပ်မူပြီး ပေးပို့ခဲ့သော်လည်း ယင်းဥပဒေပြဋ္ဌာန်းခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် ဆောလျင်စွာ အတည်ပြုပြဋ္ဌာန်း ပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ပေးပါရန် သြဂုတ် ၁၃ ရက်တွင် ထပ်မံတင်ပြထားကြောင်း မြန်မာ့ရုပ်မြင်သံကြား ထုတ်လွှင့်မှုအရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏စာ၌ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၈ (ခ)တွင် ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၆၉ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၉၆ (က) တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးကိုတာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည့် အကြောင်းအချက်များကို လည်းကောင်း၊ ပုဒ်မခွဲ (ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှပြန်လည် ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၃၉၇ တွင် ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်ဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားရှိသည်ဟု မြန်မာ့ရုပ်မြင်သံကြား သတင်းက ထုတ်လွှင့်ခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် ရွေးချယ်တင်မြှောက်လိုက်သည့် မဲဆန္ဒရှင်များက သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်အား ထိန်းကျောင်းပေးနိုင်မည့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊ ဖွဲ့စည်း ပုံအခြေခံဥပဒေက ပေးအပ်ထားသော အဆိုပါတာဝန်နှင့် အခွင့်အရေးကို မဲဆန္ဒရှင်များက ကျင့်သုံးဆောင်ရွက် လိုသော်လည်း အဆိုပါတာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိသဖြင့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေး ဆုံးရှုံးသည့်သဘော သက်ရောက်နေပါကြောင်း ဖော်ပြထားသည်ဟု သတင်းထုတ်လွှင့်မှုအရ သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေ အကျဉ်းချုပ်ကို ပူးတွဲပြီး ထပ်မံပေးပို့ခဲ့ရာ ပြည်ထောင်စု လွှတ်တော်သည် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၁ ရက်နှင့် ၂၃ ရက်များတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း အတည်ပြု ပြဋ္ဌာန်းနိုင်သည်အထိ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ခဲ့ကြောင်း၊ သို့ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆောလျင်စွာ အတည်ပြုပြဋ္ဌာန်း ပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထပ်မံတင်ပြ ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ခဲ့မှုအရ သိရသည်။                                             

Most Read

Most Recent