လက်ရှိ မြန်မာနိုင်ငံ အနံှ့အပြားမှာ ကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ် အခြေအနေနဲ့ပတ်သက်ပြီး သစ်တောပြုန်းတီးမှုတွေနဲ့ ဆက်စပ်နေပုံကို သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဥက္ကဋ္ဌ ဦးသန်းနွယ်နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။
မေး-လက်ရှိ မြန်မာနိုင်ငံရဲ့ သစ်တောလွှမ်းမိုးမှု အခြေအနေကို အရင်ဆုံးပြောပြပေးပါ။
ဖြေ- ၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေး ရချိန်က လူဦးရေ ၁၇ သန်းသာ ရှိပါတယ်။ သစ်တောဖုံးလွှမ်းမှု ၅၆ ရာခိုင်နှုန်းရှိပါတယ်။ အခု ၂၀၁၅ ခုနှစ်မှာလူဦးရေသန်း ၅၀ ကျော် ရှိပါတယ်။ သစ်တောဖုံးလွှမ်းမှု ၄၅ ရာခိုင် နှုန်းသာရှိပါတယ်။ FAO ရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဖုံးလွှမ်းမှု ၅၁ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၀၅ ခုနှစ်မှာ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၀ ပြည့် နှစ်မှာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းရှိတယ်။ ၂၀၁၅ ခုနှစ်မှာ ၅၄ ဒသမ ၀၁ ရာခိုင်နှုန်းရှိတယ်။ အဲဒီတော့ ၆၂ နှစ်အတွင်းမှာ သစ် တောပြုန်းတီးမှုက ၁၁ ရာခိုင်နှုန်းလောက်ရှိ ပါတယ်။ လူဦးရေအားဖြင့်လည်း တိုးလာတယ်။ သစ်တောဖုံးလွှမ်း မှုကလည်း ပြောင်းလဲလာတယ်။ ဥပမာအနေနဲ့ တောင်ငူခရိုင် မှာရှိတဲ့အမြန်လမ်းနေရာဟာ အရင်က သခင်သန်းထွန်းတို့ ကွန်မြူနစ်ပါတီ နှစ်ပေါင်း ၃၀ နီးပါး ပဲခူးရိုးမတောကြီးမှာ ခိုအောင်းပြီး နိုင်ငံတော်ကို တော်လှန်ပုန်ကန်ခဲ့ကြတဲ့ အဲဒီလိုတောကြီးဟာ အခုမျက်မြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကြည့်ခြင်းအားဖြင့် သစ်တောဖုံးလွှမ်းမှု လျော့နည်းတယ်ဆိုတာ သိသာပါတယ်။
မေး- အခုလို သစ်တောတွေ ပြုန်းတီးရတဲ့ အကြောင်းအရင်းက ဘာပါလဲ။
ဖြေ- သစ်တောပြုန်းတီးရတာ အချက်အများကြီးရှိပါတယ်။ ပထမဆုံးကတော့ လူဦးရေတွေ တိုးတက်လာတယ်။ အဲဒီအတွက် လိုအပ်ချက်တွေ များလာတယ်။ သစ်တောတွေက ရှိပြီးသားထက် တိုးတာမရှိဘဲ တဖြည်းဖြည်း လူဦးရေက တိုးလာတယ်။ နောက်မြို့ရွာတွေ တိုးချဲ့တယ်။ အခုရန်ကုန်မှာဆိုရင်ပဲ ဒဂုံ တောင်၊ မြောက်၊ တောင်ဥက္ကလာ၊ မြောက် ဥက္ကလာ စတာတွေတိုးချဲ့ခဲ့သလိုပဲ နေပြည် တော်ဆိုတာလည်း အရင်က ဖိုးစောင့်တောင် ကြိုးဝိုင်းဖြစ်လို့ သစ်တောတွေဖုံးလွှမ်းပြီး အမြဲတမ်း တောကြီးမျက်မည်းဖြစ်ပါတယ်။ နောက်တစ်ချက်ဆိုရင် လူဦးရေတိုးလာနဲ့ အမျှ လိုလာတဲ့ လယ်ယာကိုင်းကျွန်း ဧရိယာကို တိုးချဲ့ရတာ ရှိပါတယ်။ နောက်သစ်တောတွေ မီးလောင်တယ်၊ သစ်တောထွက်ပစ္စည်းတွေ တိုးချဲ့ဖို့ လိုအပ်လာလို့ သစ်ခုတ်ကြပါတယ်။ ဒီလိုထုတ်လုပ်ကြရာမှာ လိုအပ်တာထက်ပိုပြီး ထုတ်ကြတာကြောင့် သစ်တောပျက်စီးတာ ရှိပါတယ်။ နောက်မြေအသုံးချမှုအပေါ် ပြတ်သားပီပြင်တဲ့ မြေယာအသုံးချမှု စီမံချက် မရှိတာကြောင့် ဖြစ်ပါတယ်။ ဥပမာ ဖားကန့်တို့၊ သပိတ်ကျင်းတို့က ရွှေတူးဖော်တာတွေ၊ ဓာတ်သတ္တု တူးဖော်တာတွေရှိတယ်။ လက်ပံတောင်းတောင်မှာဆိုရင် တောင်ကြီးတွေဟာ လုံးဝပျောက်သွားတယ်။ ဒါတွေဟာ ဓာတ်သတ္တု တူးဖော်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလိုအချက်တွေဟာ သစ်တောတွေပြုန်းတီးရတဲ့ အကြောင်းရင်း တွေဖြစ်ပါတယ်။
မေး- အခုလို သစ်တောပြုန်းတီးမှုတွေ ဖြစ်ပေါ်လာပြီး တဲ့နောက်မှာ နောက်ဆက်တွဲအကြောင်းအရာတွေ ဘာများဖြစ်လာ နိုင်ပါသလဲ။
ဖြေ- သစ်ပင်တွေလျော့သွားရင် လူတွေမှာ ဘယ်လို effect ဖြစ်တယ်ဆိုတဲ့ နိယာမတွေ ရှိပြီးသားပါ။ ဒီဟာတွေအတွက် ဘာလုပ်ရ မယ်ဆိုတာရှိပါတယ်။ အခုအချိန်ရေတွေ ကြီးတယ်။ ရေတွေက နောက်နေတယ်။ မိုးရွာတော့ရေတွေဟာ တောင်တွေပေါ်ကိုကျတယ်။ အဲဒီတောင်တွေပေါ်မှာ သစ်တောသစ်ပင် ဖုံးလွှမ်းမှု မရှိတဲ့အတွက် တန်ဖိုးရှိတဲ့ မြေသြဇာကောင်းတဲ့ အပေါ်ယံ မြေဆီမြေလွှာတွေ ရေနဲ့ပါသွားပါတယ်။ အဲဒီနောက် ချောင်းငယ်ထဲ ရောက်သွားတယ်။ မြစ်တွေ ထဲရောက်တယ်။ ဧရာဝတီမြစ်ကြီးမှာ သောင်ထွန်းနေတာဟာ အဲဒီသဘောတွေပါ။ သစ်ပင်သစ်တောရှိရင် သစ်ပင်က သစ်မြစ်တွေဟာ တစ်ခါတည်း မြေပေါ်ဖြန့်ပြီး မိုးရွာတဲ့ရေတွေကို စုပ်ထားပြီး မြေအောက်ရေရရှိရေးကိုပါ အများကြီး အထောက်အကူပြုပါတယ်။ လက်ရှိအခြေအနေက ကမ္ဘာကြီး တစ်ခုလုံး ပူနွေးလာတယ်။ ရာသီဥတုတွေ ပြောင်းလဲလာပါတယ်။ အခုရေကြီးမှုတွေဟာ သစ်တောများမရှိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
မေး- အခုအတိုင်း သစ်တောဖုံးလွှမ်းမှု နည်းပါးလာတာ ဆက်ရှိနေမယ်ဆိုရင် နောက်ပိုင်းအန္တရာယ်တွေ စိုးရိမ်စရာ ရှိနေမလား။
ဖြေ- သစ်တောရေးရာ ဝန်ကြီးဌာနရဲ့ အောက်က သစ်တောဦးစီးဌာနနဲ့ မြန်မာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနတို့ ပူးပေါင်းပြီး Redd Plus ဆိုတဲ့စီမံကိန်း ဆွဲနေပါတယ်။ ဒီစီမံကိန်းဟာ ဘာကိုညွှန်ပြသလဲ ဆိုရင် သစ်ပင်သစ်တောတွေ မခုတ်ဘဲနဲ့ သစ်ပင်သစ်တောတွေ ပြန်စိုက်မယ်။ သစ်ပင်သစ်တောတွေ စိုက်တဲ့အတွက်ကြောင့် ကာဗွန်ထရိတ်အနေနဲ့ ဘယ်လောက်ပေးမယ်။ Tourism တို့လိုလုပ်ရင် သစ်ပင်မခုတ်ဘဲနဲ့ ခုတ်တာထက် ငွေကြေးပိုရမယ့် စီမံချက်တွေ ဆွဲနေပါတယ်။ အဲဒီအတွက် ရာသီဥတု ပြောင်းလဲမှုရော သဘာဝသဟဇာတ ဂေဟစနစ် ပြောင်းလဲမှုရော အကုန်လုံး သက်သာသွားမယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဒီစီမံချက်တွေ အောင်မြင်ဖို့အတွက် အစိုးရတစ်ဦးတည်း၊ ဌာနတစ်ခုတည်းကို အားမကိုးဘဲ ပြည်သူလူထုက ပူးပေါင်းပါဝင်ပြီး ဆောင် ရွက်ကြမယ်ဆိုရင် အချိန်မနှောင်းသေးပါဘူး။ အများပြည်သူက တစ်နိုင်တစ်ပိုင်သစ်ပင်တွေ စိုက်ကြပါ။ ပြီးတော့ သစ်ပင်စိုက်ရတာ လွယ်ပေမယ့် ထိန်းသိမ်းရတာခက်လို့ သစ်ပင်တွေကို ထိန်းသိမ်းကြပါ။ မြတ်နိုးကြပါ။ မိမိအသက်ဟာ သစ်ပင်အပေါ် မူတည်တယ် ဆိုတာကို အခြေအနေတွေအရ သိနေကြပါပြီ။ အဲဒီအတွက်အားလုံးက သဘာဝဘေး အန္တရာယ်ကနေ ကင်းဝေးဖို့အတွက် သစ်ပင်သစ်တောများကို စိုက်ပျိုးကြပါ။ ထိန်းသိမ်းကြပါလို့ ပြောချင်ပါတယ်။
မေး- သီးခြားပြောချင်တာမျာ းရှိပါသေးလား။
ဖြေ- ပြောချင်တာကတော့ အခုတစ်ကမ္ဘာလုံး ပူနွေးမှုဖြစ်နေပါတယ်။ နေရာတိုင်းမှာ ရေဘေး၊ လေဘေး ရှိနေပါတယ်။ ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါးရှိတယ်။ အဲဒါတွေဟာ ကိုယ့်အတွက် အသုံးချတတ်ရင် အကျိုးရှိပြီး အသုံးမချတတ်ရင်တော့ ရန်သူဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါးကို အားလုံးက ဂရုတစိုက် ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သဘာဝဘေး အန္တရာယ်တွေကနေ ကင်းဝေးမှာ ဖြစ်ပါတယ်။
“အခု ရေကြီးမှုတွေဟာ သစ်တောများ မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်” ဦးသန်းနွယ် (သစ်တောသယံဇာတပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) ဥက္ကဋ္ဌ) နှင့် တွေ့ဆုံခြင်း