သရုပ်ဆောင် ကျော်ကျော်ဗိုနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် ကျော်ကျော်ဗိုနှင့် တွေ့ဆုံခြင်း
Published 12 August 2015
လင်းလင်းခိုင်

ရေဘေးသင့် ပြည်သူများအတွက် အနုပညာရှင်များက အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ဖြစ်စေ ကူညီကယ်ဆယ်မှုများ ပြုလုပ်လျက်ရှိရာတွင် နှင်းဆီအဖွဲ့သားများလည်း အပါအဝင်ဖြစ်သည်။ နှင်းဆီအဖွဲ့သားများက ရေဘေးသင့်ဒေသ အများအပြားသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ပြုလုပ်လျက် ရှိသည့်အပြင် နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်း ဖွဲ့စည်းကာ လူမှုအကျိုးပြု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အငြိမ့်ကပြရန် စီစဉ်ထားသည့် နှင်းဆီအဖွဲ့သားများအနက် သရုပ်ဆောင် ကျော်ကျော်ဗိုကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။
မေး- နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း ထူထောင်ဖြစ်တဲ့ ရည်ရွယ်ချက်ကို အရင်သိချင်ပါတယ်။
ဖြေ- ရည်ရွယ်ချက်ကတော့ ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်ကို ကျွန်တော်တို့ဘက်က ဘယ်လိုဖြည့်ဆည်း ပေးနိုင်မလဲ၊ အဲဒီအပေါ်မှာ ဖောင်ဒေးရှင်းတစ်ခု လုပ်ကြမယ်ဆိုပြီး တိုင်ပင်ထားတာ ကြာပါပြီ။ နှင်းဆီအဖွဲ့သားတွေက ပရဟိတပွဲတွေလည်း ကပေးနေတာကြာပြီ။ အနုပညာနဲ့ ကပေးပြီးတော့ အပြင်မှာလည်း လုပ်အားနဲ့ အထောက်အကူလည်း ပြုစေချင်တယ်။ လိုအပ်တဲ့နေရာမှာ လိုအပ်တာကို ထိထိရောက်ရောက်လေး စနစ်တကျလေး ဖြစ်စေချင်တယ်။ အဲဒါလေးတွေ လုပ်နိုင်ဖို့အတွက် ဖွဲ့ဖြစ်သွားတာပါ။
မေး- နှင်းဆီအဖွဲ့သားတွေ ကူညီကယ်ဆယ်ရေးတွေ တောက်လျှောက်သွားနေတာဆိုတော့ တွေ့ကြုံခဲ့ရတာ တွေအပေါ် အဓိက လိုအပ်ချက်က ဘာတွေဖြစ်မယ်လို့ ထင်ပါလဲ။
ဖြေ- ကျွန်တော်သုံးသပ် မိသလောက်တော့ နိုင်ငံသူ နိုင်ငံသားတွေက ဆင်းရဲတဲ့သူများတယ်။ အထိခိုက်မခံနိုင်တဲ့ ဘဝတွေ ပိုများတယ်။ တစ်ခုခု လှုပ်ခတ်လိုက်တာနဲ့ မခံနိုင်ဘူး။ တခြားနိုင်ငံသားတွေဆိုရင် ဒီလိုထိခိုက်မှုမျိုးက နည်းနည်းလောက်ပဲ ယိမ်းယိုင်နိုင်ပေမယ့် ကိုယ့်နိုင်ငံသားတွေရဲ့ အနေအထားက ပြိုလဲသွားတယ်လေ။ မတူကြဘူး။ နိုင်ငံသားတွေက ဆင်းရဲနေကြတော့ သဘာဝဘေးဒဏ်ကို မခံနိုင်ဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင် ပြည်လည်ထူထောင်ရေးကအစ ကိုယ်ထူ ကိုယ်ထ လုပ်နိုင်တဲ့ အင်အားလေးတွေရှိတယ်။ ဒီမှာကတော့ စားဝတ်နေရေးအတွက် အမြဲတမ်း လုံးပန်းနေရတယ်။ အဲဒါလေးတွေ ကို Balance ဖြစ်စေချင်တယ်။ ပြန်လည်ထူထောင်ရေးမှာလည်း အကုန်လုံးဝိုင်းဝန်း ကြရလိမ့်ဦးမယ်။ နိုင်ငံတော်ပိုင်းဆိုင်ရာနဲ့ ကူညီထောက်ပံ့မှု အသင်းအဖွဲ့များက အများကြီး ကူညီထောက်ပံ့ပေးရလိမ့်မယ်။ ဒီလိုမျိုးဖြစ် ရပ်မျိုးတွေနောက်တစ်ခါ ကြုံတွေ့ရလာတဲ့ အခါ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ပြင်ဆင် ထားဖို့လည်း လိုအပ်တယ်။ အန္တရာယ်တစ်ခု ကြုံလာပြီဆိုရင် တကယ်တတ်သိ နားလည်တဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ အများကြီးလိုတယ်။ အခုက ဘယ်သူလာကူမလဲ စောင့်နေရတာနဲ့ ကြားထဲမှာ အချိန်အများကြီး မကုန်သင့်ဘဲ ကုန်ပြီး ပျက်စီးဆုံးရှုံးမှုလည်း ပိုများနိုင်တယ်။ အခုလုပ်နေကြတယ် ဆိုတာလည်း ကိုယ့်နိုင်ငံသားတွေ အတွက်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ စမ်းတဝါးဝါးနဲ့ လုပ်နေကြရတာ။ စနစ်တကျနဲ့ ဘာကိုဦးစားပေး လုပ်ရမယ် ဆိုတာမျိုး သိတဲ့ Professional Team တွေ အများကြီး ထွက်ပေါ်လာစေချင်တယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့လည်း ပျက်စီးဆုံးရှုံးနေတာတွေကို တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်တည်ဆောက် သွားချင်ပါတယ်။
မေး- ပြန်လည်ထူထောင်ရေးအတွက် ဆိုရာမှာ အများကြီးလိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အဲဒီအပေါ် ဘာတွေက အဓိက လိုအပ်မယ်ထင်လဲ။
ဖြေ- အများကြီး လိုအပ်ပါတယ်။ အခြေခံ အဆောက်အအုံ တည်ဆောက်ဖို့က ပြည်သူတွေဝိုင်းဝန်းမှုနဲ့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုနဲ့ သွားရမှာပါ။ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်မှုမှာလည်း တော်တော်လေးကို နက်နက်နဲနဲ လုပ်ရဦးမှာပါ။ လူတွေဆင်းရဲရုံတင် မကဘဲ စိတ်တွေပါဆင်းရဲရတဲ့ ပြည်သူပြည်သားတွေ အရမ်းများတယ်။ အချိုးချကြည့်ရင် အဲဒီလိုသူတွေက ပိုများနေပါတယ်။ အဲဒီလို အနေအထားကို ပြန်တည်ဆောက်ဖို့ဆိုရင် အချိန်ယူရမယ်။ စိတ်ဓာတ်မကျအောင် ဘာလုပ်ပေးနိုင်မလဲ ဆိုတာမျိုး စဉ်းစားရမယ်။ အနာဂတ်မှာ သူတို့ခိုင်မာဖို့အတွက် မျှော်လင့်ချက်တွေရှိနေဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထူထောင်ပေးဖို့ လိုအပ်ပါတယ်။
မေး-စိတ်ဓာတ်ခွန်အား မြှင့်တင်ရေး ခရီးစဉ်လို့လည်း အစ်ကို့ Facebook မှာ ရေးထားတာတွေ့ရတော့ နောက်ပိုင်းရော စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားပေးဖို့ ဘာတွေဆက်လုပ်ဖြစ်မလဲ။
ဖြေ- ဖြစ်ဖြစ်ချင်းကတော့ ကူညီမှုတွေသွား လုပ်ပေးတယ်။ အနုပညာသမားတွေ ဆိုတာကတော့ ပြည်သူတွေကချစ်တော့ အေးချမ်းပါစေ၊ နွေးထွေးပါစေဆိုတဲ့ တဒင်္ဂပျော်ရွှင်မှုလေး ရပါစေလို့ပဲ လုပ်ပေးနိုင်ပါတယ်။ ရေရှည်ပျော်ရွှင်မှု ရစေဖို့ကတော့ ကျွန်တော်တို့ တင်မကဘူး အားလုံးဝိုင်းပြီး လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
မေး- နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းအနေ နဲ့ ဘာတွေဆက်လုပ်သွားဖြစ်မလဲ။
ဖြေ- လုပ်မှာကတော့ အများကြီးပါပဲ။ ပြည်သူ့လူမှုရေး ကူညီမှုပေါ့။ စနစ်တကျလေး လုပ်သွားမယ်။ ကျွန်တော်တို့ အနုပညာနဲ့ ပတ် သက်ပြီး ရန်ပုံငွေလေးတွေရှာပေးတယ်။ အဲဒီ ရန်ပုံငွေတွေကို ထိရောက်တဲ့ အကူအညီလေးတွေ ဖြစ်စေချင်တယ်။ ပြည်သူတွေ လိုအပ်တာကို တတ်ကျွမ်းတဲ့ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်မယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့လည်း သစ်ပင်တွေ ပြန်စိုက်တာမျိုးလုပ်မယ်။ ရေရှည်မှာ အပေါင်းလက္ခဏာ ဆောင်တာတွေ အကုန်လုပ်ပါမယ်။
မေး- နှင်းဆီအငြိမ့် ကဖို့လည်း ရှိတယ်ဆို။
ဖြေ- ရှိတယ်။ ကျွန်တော်တို့က ရခိုင်မှာစပြီး သွားလှူကတည်းက အကုန်လုံးတိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ကြတာ။ ကူညီကယ်ဆယ်ရေးတွေ ပြီးရင် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်မယ်။ အဲဒီအတွက် ကျွန်တော်တို့ နှင်းဆီအငြိမ့် တစ်ပွဲကမယ်။ ရလာတာတွေကို အဓိကဦးစားပေး လိုအပ်နေတဲ့ နေရာတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ပေးသွားမယ်။
မေး- ခရီးသွားပရိုဂရမ်လည်း ရှိနေတော့ အဲဒါကိုရော ဘယ်လိုစီစဉ်ထားလဲ။
ဖြေ- အဲဒါက သွားမှာပါ။ Ride on Myanmar က Theme လေးကတော့ Episode အလိုက် နည်းနည်းလေးတော့ ပြောင်းသွားမယ်။ ပြည်နယ်နဲ့တိုင်း ၁၁ ခုက သဘာဝဘေး ထိသွားတာ။ အဲဒီနေရာတွေကို သွားမယ်။ လမ်းကတော့ ပထမထင်ထားတာထက်ကို ပိုကြမ်းသွားပြီ။ လမ်းတွေပျက်သွားတာကိုး။ အဲဒီလို အခက်အခဲတွေကို ကျော်ပြီးသွားမယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို တီဗွီအစီအစဉ်ကတစ်ဆင့် တင်ပြမယ်။ ကူညီနိုင်တာလည်း ကူညီမယ်။ အသိပညာရှင် အတတ်ပညာရှင်တွေလည်း ခေါ်သွားမယ်။ ကူညီလို့ရတာ ချက်ချင်းကူညီမယ်။
မေး- ဒီအစီအစဉ်အတွက် ဘယ်တော့လောက် စထွက် ဖြစ်မလဲ။
ဖြေ-လောလောဆယ်ကတော့ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်။ ပြန်လည်ထူထောင်ရေး အငြိမ့်ပွဲ အတွက်လည်း ဇာတ်တိုက်ဖို့တွေ ရှိတယ်။ နှင်းဆီရင်ခွင် ဖောင်ဒေးရှင်းအနေနဲ့ More Trees Please ဆိုတဲ့ လှုပ်ရှားမှုလေး လုပ်ဖို့ရှိတယ်။ သစ်ပျိုးပင်လေးတွေ စိုက်ဖို့လေ။ မဖြစ်မနေတော့ သွားရမှာဆိုတော့ အလွန်ဆုံးတော့ ဒီလကုန် ထွက်ဖြစ်မှာပါ။ အောက်တိုဘာလကုန်မှာ စတင်ထုတ်လွှင့်နိုင်ဖို့ စီစဉ်မှာပါ။
မေး- ဘာများ ထပ်ဖြည့်ပြောချင်တာ ရှိပါသေးလဲ။
ဖြေ- အဆင်ပြေစေချင်တာပါပဲ။ ကိုယ့်တစ်ဖို့တည်း ကြည့်ဖို့ထက် အများအတွက် ကြည့်စေချင်တာပါ။ ကိုယ်ချင်းစာစေ ချင်တာပါ။ အခုလည်း မြင်နေရတာပါပဲ။ တစ်ခုခုဖြစ်လာရင် အားလုံးက ဝိုင်းဝန်းလက်တွဲ ကြတာပါပဲ။ တစ်ခုခုဖြစ်မှ ထလုပ်တာထက် အမြဲတမ်းအခုလိုစိတ်နဲ့ ပူးပေါင်းကြမယ်ဆိုရင် ခဏလေးပါပဲ။ သူများတွေ အလယ်မှာ မျက်နှာပန်းလှသွားမယ်လို့ ယုံကြည်ပါတယ်။      
 

Most Read

Most Recent