ခေတ္တရပ်နားထားသည့် (၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများ သြဂုတ် ၁၈ ရက်တွင် ပြန်လည်ကျင်းပမည်

ခေတ္တရပ်နားထားသည့် (၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများ သြဂုတ် ၁၈ ရက်တွင် ပြန်လည်ကျင်းပမည်
Published 11 August 2015

ခေတ္တရပ်နားထားသည့် (၁၂) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများအား သြဂုတ် ၁၈ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က သြဂုတ် ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်မှုအား ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။    (၁၂) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးများကို ဇူလိုင် ၂၃ ရက်ထိကျင်းပခဲ့ပြီး ဇူလိုင် ၂၄  ရက်မှစတင်ကာ ခေတ္တရပ်နားခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၀  ရက်တွင် ပြန်လည်ကျင်းပရန် ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းဒေသအတော်များများ၌ သဘာဝဘေးအန္တရာယ်ကျရောက်မှု အခြေအနေများအရ ကျင်းပနိုင်ခြင်းမရှိဘဲ ရွှေ့ဆိုင်းခဲ့သည်။    ပြည်ထောင်စုလွှတ်တော်၏ ကြေညာချက်တွင် ယခုအခါ သက်ဆိုင်ရာအဖွဲ့အစည်းများက ကယ်ဆယ်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်အနေဖြင့်လည်း ဆောင်ရွက်ရမည့်ဥပဒေကြမ်းများအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ အချိန်မီဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသဖြင့် ခေတ္တရွှေ့ဆိုင်းထားသည့်  ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းဝေးကို သြဂုတ် ၁၈ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁ နာရီခွဲတွင် ပြန်လည်ကျင်းပမည်ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ပါရန် ဖိတ်ကြားကြောင်း ဖော်ပြထားသည်။    ထို့အတူ ဇူလိုင် ၂၄ ရက်အထိကျင်းပခဲ့ကာ ဇူလိုင် ၂၅ ရက်မှစတင်၍ ခေတ္တရပ်နားခဲ့သည့် (၁၂) ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများကိုလည်း သြဂုတ် ၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ပြန်လည်ကျင်းပမည်ဖြစ်သဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး တက်ရောက်ရန် ဖိတ်ကြားကြောင်း ပြည်သူ့လွှတ်တော်က ကြေညာချက်ထုတ်ပြန်သည်။    အလားတူ အမျိုးသားလွှတ်တော်အစည်းအဝေးများကို ပြန်လည်ကျင်းပရမည်ဖြစ်သော်လည်း လက်ရှိကြေညာချက်ထုတ်ပြန်သည်ဟု မကြားသိရသေးဘဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေဖြင့် အစည်းအဝေးခေါ်သည့်ရက်အား အတိအကျထုတ်ပြန်တတ်သဖြင့် အစည်းအဝေးရက်မတိုင်မီ ခုနစ်ရက်အလိုဖြစ်သော သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ဖွယ်ရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက သြဂုတ် ၁၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။