အာဏာရှင်တွေ လူလုံးပြခဲ့တဲ့ အာဆီယံ ဒေသတွင်း ဖိုရမ်

အာဏာရှင်တွေ လူလုံးပြခဲ့တဲ့ အာဆီယံ ဒေသတွင်း ဖိုရမ်
Published 9 August 2015
နေထွန်းနိုင်

“ကမ္ဘာကြီးနဲ့ ချိတ်ဆက်ဖို့အတွက် အာဆီယံဟာ တွန့်ဆုတ်မနေသင့်ပါဘူး”သြဂုတ် ၄ ရက်မှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။မလေးရှား အစိုးရအဖွဲ့အတွင်း ငွေကြေးအရှုပ်တော်ပုံ ဇာတ်ရှိန်မြင့်နေချိန်မှာ အထင်ကြီးလောက်စရာ မိန့်ခွန်းတစ်ရပ်ကို နာဂျစ်ပြောခဲ့ပါတယ်။အာဆီယံဟာ ကမ္ဘာပေါ်မှာ နေရာတစ်ခု ရှိနေတယ်။ တရုတ်နဲ့ အိန္ဒိယပြီးရင် အာရှဒေသတွင်း တတိယအင်အားစု၊ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ အမေရိကန်၊ ဥရောသမဂ္ဂ (အီးယူ)နဲ့ တရုတ်ပြီးရင် နံပါတ်လေးအဆင့် အင်အားကြီး ဖြစ်လာမယ်ဆိုတဲ့ စကားတွေကို နာဂျစ်က ပြောပါတယ်။ဒီလို ပြောကြားချက်တွေကို သူ့ထင်မြင်ချက် တစ်ခုတည်းနဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အမေရိကန်နိုင်ငံခြား ဆက်သွယ်မှုကောင်စီရဲ့ ပြောကြားချက်၊ စစ်တမ်းတွေကို ကိုးကားပြီး ပြောခဲ့တာပါ။ကိန်းဂဏန်းတွေကို မူတည်ကြည့်ရင်တော့ အာဆီယံဟာ အဆီတဝင်းဝင်းပါပဲ။ ဒါကြောင့်လည်း အမေရိကန်ရဲ့ အာရှ-ပစိဖိတ် အာရုံစိုက်မှုမှာ အာဆီယံဟာ အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ တရုတ်ကလည်း သူ့ရဲ့ ရေကြောင်းပိုးလမ်းမ ဖော်ဆောင်ရေး (ပုလဲသွယ် မဟာဗျူဟာ) မှာ အာဆီယံကို ကူမင်းနဲ့ ချိတ်ဆက်တဲ့ ပထမ ဗဟိုချက်အဖြစ် ပုံဖော်ထားပါတယ်။အမေရိကန်နဲ့ တရုတ်လိုပဲ အခြားသော အာရှနဲ့ ဥရောပနိုင်ငံ အများစုကလည်း အာဆီယံကို အာရုံစိုက်ထားပါတယ်။  ■ မလေးရှား အာဆီယံစင်မြင့်၂၀၁၅ ခုနှစ်ရဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌက မလေးရှားနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီနှစ်အတွက် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ အာဆီယံဒေသတွင်း ဖိုရမ်၊ အဓိက ဆက်စပ်အစည်းအဝေး အများစုကို မလေးရှားမှာ လုပ်ပါတယ်။ ဒီလိုအရေးပါတဲ့ အစည်းအဝေးတွေမှာ ဥက္ကဋ္ဌနိုင်ငံတွေက ဝန်ကြီးချုပ်၊ သမ္မတ၊ ခေါင်းဆောင်တွေ မိန့်ခွန်းပြောကြပါတယ်။ဒါကြောင့် နာဂျစ်ရာဇက်က သြဂုတ် ၄ ရက်မှာ ပြုလုပ်တဲ့ ၄၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဒေသတွင်း ဖိုရမ်နဲ့ ဆက်စပ်အစည်းအဝေးများအတွက် မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။အာဆီယံနဲ့ ပတ်သက်ပြီး သူ့ရဲ့ မိန့်ခွန်းပါ မျှော်မှန်းချက်တွေက မဆန်းတော့ပါဘူး။ ဖန်တစ်ရာတေနေတဲ့ အကြောင်းအရာတွေပါပဲ။ သူ့လိုပဲ အခြားအာဆီယံ ခေါင်းဆောင်တွေလည်း ဒီလိုပဲ ပြောခဲ့ကြပါတယ်။စိတ်ဝင်စားဖို့ ကောင်းတာက ကျဆင်းနေတဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ဒေသတွင်း ထိပ်သီးအစည်းအဝေး မိန့်ခွန်းကတစ်ဆင့် ပြန်မြှင့်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။တစ်နည်းအားဖြင့် အာဏာရှင်နဲ့ ဒီမိုကရေစီ အာဏာရှင် ဘာကွာသလဲဆိုတာ နာဂျစ်က ဖော်ညွှန်းခဲ့ပါတယ်။သူလိုပဲ အာဆီယံ ဒေသတွင်းဖိုရမ်မှာ လူလုံးပြခဲ့သူတွေ ရှိခဲ့ပါတယ်။ သူတို့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၊ စစ်အာဏာသိမ်း ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပူးတွဲတာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး Tanasak Partimapragorn နဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Ri Tong-il တို့ ဖြစ်ကြပါတယ်။■ နာဂျစ်ရာဇက်နှင့် ငွေကြေးအရှုပ်တော်ပုံပြီးခဲ့တဲ့ နှစ်တွေမှာ မလေးရှားဟာ ကမ္ဘာ့မီဒီယာ စာမျက်နှာတွေမှာ ထင်ထင်ရှားရှား ဖြစ်ခဲ့ပါတယ်။မလေးရှားလေကြောင်းလိုင်းပိုင် MH 370 ပျံသန်းနေစဉ်မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားတယ်။ ဒီအတိုင်းပဲ မလေးရှားလေကြောင်းလိုင်းပိုင် MH 17 က ယူကရိန်းလေပိုင်နက်အတွင်း ပစ်ချခံရပါတယ်။  ၂၀၁၅ ခုနှစ်မှာ မလေးရှားက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတယ်။တစ်ချိန်တည်းမှာပဲ မလေးရှားအစိုးရ ရန်ပုံငွေ 1Malaysia Development Fund (1MDB) အစီအစဉ်နဲ့ မလေးရှားအစိုးရ၊ နာဂျစ်ရာဇက်တို့ရဲ့ ငွေကြေးအရှုပ်အရှင်းတွေ ဖြစ်လာပါတယ်။မလေးရှားအစိုးရရဲ့ ငွေကြေးအရှုပ်အရှင်း ပြဿနာက ဇူလိုင်လထဲမှာ ပိုပြီး ဇာတ်ရှိန်မြင့်ခဲ့ပါတယ်။ 1MDB ရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး (မလေးရှားရင်းဂစ် ၂ ဒသမ ၆ ဘီလျံ) ကို နာဂျစ်ရာဇက်က သူ့ရဲ့ ဘဏ်စာရင်းထဲ လွှဲပြောင်းထားတယ်လို့ The Wall Street Journal က ဖော်ထုတ်ရေးသားခဲ့ပါတယ်။နာဂျစ်က ဒါကို ငြင်းဆန်ပြီး The Wall Street Journal ကို တရားစွဲမယ်လို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ မလေးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ငြိမ်မနေခဲ့ပါဘူး။ လူသိရှင်ကြား စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို မလေးရှားရှေ့နေချုပ်ကိုယ်တိုင် ဦးဆောင်စစ်ဆေးခဲ့ပါတယ်။ မလေးရှား ဒုတိယဝန်ကြီးချုပ် မူဟစ်ဒင်ယာစင်ကလည်း ရှင်းလင်းမှုလုပ်ဖို့ နာဂျစ်ရာဇက်ကို လူသိရှင်ကြား တောင်းဆိုပါတယ်။■ ဒီမိုကရေစီ အာဏာရှင်  မလေးရှားအစိုးရ အဖွဲ့ထဲမှာ လူသိထင်ရှား တောင်းဆိုမှုတွေ ဖြစ်လာချိန်မှာ မထင်မှတ်တဲ့ လုပ်ဆောင်မှုတစ်ခုကို နာဂျစ်ရာဇက်က လုပ်လိုက်ပါတယ်။ငွေကြေးအရှုပ်တော်ပုံ စွပ်စွဲချက်ကို ဦးဆောင်စစ်ဆေးနေတဲ့ ရှေ့နေချုပ်နဲ့ မလေးရှား ဒုတိယဝန်ကြီးချုပ် မူဟစ်ဒင်ယာစင်တို့ကို နာဂျစ်ရာဇက်က ဇူလိုင် ၂၈ ရက်မှာ ရာထူးက ဖယ်ရှားလိုက်ပါတယ်။ သူတို့တင် မကပါဘူး။ အခြားသော လေးဦးထက် မနည်းကိုလည်း ရာထူးက ဖယ်ရှားလိုက်ပြီး ခုနစ်ဦးထက် မနည်းတဲ့ လူသစ်တွေ အစားထိုးပြီး အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။မလေးရှား ဒုတိယဝန်ကြီးချုပ်ဟာ နာဂျစ်ရာဇက် အားထားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက ဒုတိယဝန်ကြီးချုပ်ရာထူး ပေးထားပါတယ်။ ဒါပေမဲ့ သူ့ကို ပြင်းထန်တဲ့ဝေဖန်မှု လုပ်လာချိန်မှာ ရာထူးက ဖယ်ရှားပစ်လိုက်ပါတယ်။နိုင်ငံရေး ပြိုင်ဘက်တွေနဲ့ သူ့ကို ဒုက္ခပေးနိုင်သူတွေကို စနစ်တကျ ဖယ်ရှားမှု လုပ်လေ့ရှိတာက နာရစ်ရဲ့ စရိုက်တစ်ခု ဖြစ်ပါတယ်။မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ Ri Tong-il သတင်းစာ ရှင်းလင်းစဉ်
၂၀၁၄ ခုနှစ်ကလည်း သူ့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကို ထောင်ထဲပို့ခဲ့ပါတယ်။လိင်ကိစ္စနဲ့ ပတ်သက်ပြီး နာမည်ပျက် မရှိတဲ့ အီဘရာဟင်ကို ၂၀၀၈ ခုနှစ်မှာ သူ့ကိုယ်ရေးအရာရှိနဲ့ လိင်တူဆက်ဆံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၁၄ ခုနှစ်မတ်မှာ ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် အီဘရာဟင်ကို ဂုဏ်သိက္ခာအရရော၊ နိုင်ငံရေးအရပါ နာလန်မထူအောင် လုပ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်အရ အီဘရာဟင်က ၂၀၁၉ ခုနှစ်ရောက်မှ ပြန်လွတ်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒါဟာ စနစ်တကျ စီစဉ်မှု ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိပါတယ်။ အခုလည်း အစိုးရထိပ်တန်း အရာရှိတွေကို ဖယ်ရှားပစ်ခဲ့တာနဲ့ ပတ်သက်ပြီး နာဂျစ်က အကြောင်းပြချက် ပေးခဲ့ပါတယ်။၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ အစိုးရအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုရှိအောင် လုပ်တယ်လို့ သူက ဆိုပါတယ်။■ ဖုံးကွယ်မရတဲ့ အမှန်တရားအာဆီယံဒေသတွင်း ဖိုရမ်အတွက် ဆက်စပ်အစည်းအဝေးတွေ စတင်နေတဲ့ သြဂုတ် ၃ ရက်မှာ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သူတို့ စုံစမ်းစစ်ဆေးမှုတွေကို ထုတ်ပြန်လိုက်ပါတယ်။သူတို့ရဲ့ ထုတ်ပြန်ချက်အရ The Wall Street Journal က ဖော်ထုတ်ရေးမှုက မှန်ကန်တဲ့ဘက်ကို ဦးတည်စေပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၇၀၀ (မလေးရှားရင်းဂစ် ၂ ဒသမ ၆ ဘီလျံ) နီးပါးဟာ နာဂျစ်ရဲ့ ဘဏ်စာရင်းထဲမှာ ရှိနေပါတယ်။ဒါပေမဲ့ အဲဒီငွေတွေက 1MDB ရန်ပုံငွေတွေထဲက မဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။ ဒီငွေတွေကို အလှူရှင်တွေကပေးခဲ့တာလို့ သူတို့က အကြောင်းပြချက်ပေးပါတယ်။ ဒီလောက်များပြားတဲ့ ငွေကြေးတွေကို ဘယ်သူတွေက လှူခဲ့သလဲဆိုတာ ထုတ်မပြောပါဘူး။ ဒါ့အပြင် နောက်ထပ် ရင်းဂစ် လေးဘီလျံကိစ္စကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။■ မင်းဧကရာဇ် ဖြစ်လိုသူနာဂျစ်ရာဇက်ရဲ့ ငွေကြေးအရှုပ်တော်ပုံ ပြီးပြတ်ခြင်း မရှိသေးပါဘူး။ နာဂျစ်ရဲ့ ပြိုင်ဘက် နိုင်ငံရေးသမား အတိုက်အခံအီ ဘရာဟင်က နာဂျစ်ကို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။နာဂျစ်ကို ပြင်သစ်ဘုရင် လူဝီ ၁၆ နဲ့ နှိုင်းယှဉ်ပြောခဲ့သလို နာဂျစ်ရဲ့ ကြွယ်ဝချမ်းသာမှု၊ လုပ်ကိုင်ပုံတွေကို ကြည့်ခြင်းအားဖြင့် သူဟာ ဝန်ကြီးချုပ်နေရာထက် မင်းဧကရာဇ် ဖြစ်လိုသူတစ်ဦး ဖြစ်နေပြီလို့ အီဘရာဟင်က ဝေဖန်ပါတယ်။၂၀၀၈ ခုနှစ် မလေးရှားရွေးကောက်ပွဲမှာ နာဂျစ်က အာမက်ဘာဒါဝီကို အနိုင်ယူခဲ့ပါတယ်။ ဘာဒါဝီရဲ့ အရှုံးက နိုင်ငံစီးပွားရေးကျဆင်းမှု၊ အကျင့်ပျက်ခြစားမှု ထူပြောခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။စီးပွားရေး ပြုပြင်ပြောင်းလဲမှု မက်လုံးနဲ့ နာဂျစ်ရဲ့ အစောပိုင်းနှစ်တွေမှာ အောင်မြင်မှုရခဲ့ပါတယ်။ လူမျိုးရေးမူဝါဒအပေါ် အခြေခံပြီး စုစည်းညီညွတ်မှုကို ဖော်ဆောင်မယ့် 1Malaysia အစီအစဉ်ဟာ သူ့ရဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီအစဉ်အစဉ်နဲ့အတူ နွမ်းပါးတဲ့ လူထုကို ကူညီထောက်ပံ့ရေး၊ ပြည်သူဗဟိုပြု စီမံကိန်းတွေလည်း အစောပိုင်းမှာ အောင်မြင်ခဲ့ပါတယ်။ဒါတွေကြောင့်ပဲ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမှာ ပြိုင်ဘက် အီဘရာဟင်ကို အနိုင်ရပြီး ဝန်ကြီးချုပ်တာဝန် ဆက်ရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမှာ ရှုပ်ထွေးမှုတစ်ချို့ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ‘မဲပေးရင် နိုင်ငံသားခံယူခွင့် ရှိမယ်’ ဆိုတဲ့ အစီအစဉ်ကို နာဂျစ်က ဖော်ဆောင်ခဲ့ပါတယ်။ ဒီနည်းနဲ့ မဲတွေရခဲ့ပြီး ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ပါတယ်။■ နိုင်ငံရေး မျက်နှာပြောင်တိုက်မှု၂၀၁၃ ခုနှစ် ရွေးကောက်ပွဲပြီးချိန်မှာ နာဂျစ်ရာဇက် ခြေလှမ်းတွေ ပိုပျက်လာပါတယ်။ အခုချိန်မှာတော့ နာဂျစ်နဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေက ပိုပြီး ထင်ရှားလာပါတယ်။မလေးရှားနိုင်ငံရဲ့ စီးပွားရေး ကျဆင်းလာတာ၊ အခွန်ကောက်ခံပုံစနစ် ပြောင်းလဲခဲ့တာတွေအပြင် 1MDB ရန်ပုံငွေ အစီအစဉ်ကို ဝေဖန်တာတွေ ရှိလာပါတယ်။တရုတ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ပူးတွဲ သတင်းစာ ရှင်းလင်းစဉ်
1MDB ရန်ပုံငွေ အစီအစဉ်က အစောပိုင်းမှာ အောင်မြင်ခဲ့တယ် ဆိုပေမယ့် စီမံခန့်ခွဲမှု မှားယွင်းပုံကြောင့် အကြွေး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလျံကျော် ရှိလာပါတယ်။ ဒီအချိန်မှာ အကြွေးတင်နေတဲ့ ရန်ပုံငွေ အစီအစဉ်ကနေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါးက နာဂျစ်ရဲ့ ဘဏ်စာရင်းထဲ ရောက်နေတယ်ဆိုတဲ့ စွပ်စွဲချက် ထွက်လာတာပါ။အထူးသဖြင့် နာဂျစ်ရဲ့ ငွေစာရင်းထဲ ရောက်နေတဲ့ သံသယဖြစ်ဖွယ် ငွေလွှဲငါးခုမှာ နှစ်ခုက 1MDB ရန်ပုံငွေ အစီအစဉ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီက လွှဲခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီငွေတွေကို ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲ ကာလမှာ လွှဲခဲ့တာပါ။ အဲဒီငွေလွှဲနှစ်ခုပေါင်း ပမာဏက အမေရိကန်ဒေါ်လာ ၆၈၁ သန်း ရှိပါတယ်။ဒီအချက်တွေက မလေးရှားနိုင်ငံ သမိုင်းမှာ တစ်ကြိမ်မှ မရှိဘူးတဲ့ နိုင်ငံရေးမျက်နှာပြောင်တိုက်မှုဆီကို ဦးတည်နေတယ်လို့ မလေးရှား နိုင်ငံရေး အကဲခတ်တွေ ပြောပါတယ်။နာဂျစ်ရဲ့ ဖခင် မလေးရှားဝန်ကြီးချုပ် ထွန်းရာဇက်၊ နာဂျစ်ရာဇက်ရဲ့ ဆရာ မဟာသီတို့ကြောင့် တိုးတက်တဲ့ မလေးရှားနိုင်ငံ ပေါ်ခဲ့ပေမယ့် မဟာသီ ယုံကြည်ခဲ့တဲ့ ဘာဒါဝီ လက်ထက်မှာ အကျင့်ပျက် ခြစားမှုများစွာနဲ့ လူမျိုးရေး တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဘာဒါဝီကို စွန့်လွှတ်ပြီး နာဂျစ်ကို မဟာသီက ထောက်ခံခဲ့ပါတယ်။အခု နာဂျစ်က ဘာဒါဝီပုံစံ ပြန်ဖြစ်လာပါတယ်။ ရာထူးက နှုတ်ထွက်ဖို့ နာဂျစ်ကို မဟာသီက လူသိရှင်ကြား ပြောပါတယ်။ ဒါပေမဲ့ မဟာသီရဲ့ ပြောစကားက နာဂျစ်ရဲ့ အာဏာကို မကျော်နိုင်ခဲ့ပါဘူး။အာဆီယံဒေသတွင်း ဖိုရမ် မစခင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အဖွင့်မှာ အာဆီယံကို ကမ္ဘာ့ထိပ်တန်းရောက်အောင် ပို့ဆောင်ဖို့ နာဂျစ်က ပြောပါတယ်။အာဆီယံကို လတ်တလော ဦးဆောင်ထားသူမို့ အခုလိုပြောတယ် ဆိုပေမယ့် မလေးရှားနိုင်ငံတွင်း ခြစားမှုတွေမှာ သူကိုယ်တိုင် ပါဝင်ပတ်သက်နေတယ် ဆိုရင်တော့ သူ့ရဲ့ နိုင်ငံရေးအနာဂတ် ဇာတ်သိမ်းကောင်းမှာ မဟုတ်ပါဘူး။■ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး၏ သတင်းစာရှင်းလင်းပွဲ  သြဂုတ် ၄ ရက်မှာ ဒီမိုကရေစီ အာဏာရှင် နာဂျစ်ရာဇက်က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေကို မိန့်ခွန်းပြောခဲ့သလို သြဂုတ် ၅ ရက်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ထိုင်းစစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး Tanasak Partimapragorn တို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။တောင်တရုတ်ပင်လယ် အရေးမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နဲ့ သဘောထား တင်းမာနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းစစ်အာဏာသိမ်း အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Tanasak Partimapragorn တို့ရဲ့ သတင်းစာရှင်းလင်းပွဲက အာဆီယံဒေသတွင်းဖိုရမ် ဆက်စပ်အစည်းအဝေး ကာလမှာ ထူးခြားတဲ့ သတင်းစာ ရှင်းလင်းပွဲ ဖြစ်ခဲ့ပါတယ်။သတင်းစာ ရှင်းလင်းပွဲ ခေါင်းစဉ်က အာဆီယံ-တရုတ် အစည်းအဝေး အကြောင်းအရာ ဖြစ်ပါတယ်။ အာဆီယံနဲ့ တရုတ်ကြားမှာ ထိုင်းနိုင်ငံက ပေါင်းစပ်ညိနှိုင်းပေးသူအဖြစ် သုံးနှစ်တာ လုပ်ကိုင်ပေးခဲ့တာမို့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်တဲ့ သဘောပါပဲ။သူတို့ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အစည်းအဝေး ကာလအတွင်း ဆွေးနွေးခဲ့တာတွေနဲ့ တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှုတွေကို ပြောခဲ့ကြပါတယ်။ အနှစ်ချုပ်က တောင်တရုတ်ပင်လယ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ကျင့်ဝတ် (CoC) ကို ဖော်ဆောင်ဖို့ အရှိန်မြင့်လုပ်မယ်လို့ ပြောခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းစစ်ဗိုလ်ချုပ်ကြီးတို့ နှစ်ဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထူးခြားတာက သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟန်ပန် ဖြစ်ပါတယ်။လိုတာထက်ပိုတဲ့ ရင်းနှီးမှုပုံစံပြပြီး လက်ဆောင်ဖလှယ်မှုကို သတင်းထောက်တွေရှေ့မှာပဲ ဖွဲ့နွဲ့ပြောဆိုခဲ့ကြပါတယ်။ ဒါဟာ တရုတ်ရဲ့ ထိုင်းနိုင်ငံ အာဏာသိမ်းအစိုးရအပေါ် သဘောထားကို ထင်ဟပ်ပြတာ ဖြစ်သလို ထိုင်းစစ်ဗိုလ်ချုပ်ကြီးကလည်း အာဆီယံဒေသတွင်း သူတို့ရဲ့ တရားဝင်မှုကို ဖော်ကြွားခဲ့ပါတယ်။သြဂုတ် ၅ ရက်မှာပဲ တောင်တရုတ်ပင်လယ်အရေး ပူးတွဲကြေညာချက်ထုတ်ဖို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးခဲ့ပါတယ်။ ပြီးပြတ်ခဲ့ခြင်း မရှိပါဘူး။ပူးတွဲကြေညာချက်မှာ ပြင်းထန်တဲ့ စကားလုံးသုံးစွဲပြီး တရုတ်ကို သတိပေးဖို့ ဖိလစ်ပိုင်က အဆိုပြုခဲ့ပေမယ် တရုတ်နဲ့ ရင်းနှီးတဲ့ အဖွဲ့ဝင်နိုင်ငံ တစ်ခုက ပြင်းထန်စွာ ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်နိုင်ငံက ကန့်ကွက်ခဲ့သလဲ ဆိုတာကို သံတမန်တွေက ထုတ်မပြောပါဘူး။သြဂုတ် ၆ ရက်မှာ ထွက်လာခဲ့တဲ့ ပူးတွဲကြေညာချက်မှာတော့ တောင်တရုတ်ပင်လယ် အရေးအတွက် ‘အလွန်အမင်း စိုးရိမ်’ ဆိုတဲ့ စကားရပ်ပဲ ပါလာခဲ့ပါတယ်။■ မြောက်ကိုရီးယားရဲ့ ကြိမ်းမောင်းမှု  အာဆီယံ ဒေသတွင်း ဖိုရမ်မှာ နောက်ထပ် ထူးခြားခဲ့တာ တစ်ခုက မြောက်ကိုရီးယားနိုင်ငံက လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပါတယ်။အာဆီယံ ဒေသတွင်း ဖိုရမ်ဟာ အာရှဒေသတွင်း လုံခြုံရေး အတွက်ပါ အရေးကြီးတဲ့ ဖိုရမ်တစ်ခု ဖြစ်ပါတယ်။ ဒီဖိုရမ်ကို အမေရိကန်၊ ဥရောပသမဂ္ဂ (အီးယူ)၊ ရုရှား၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား အပါအဝင် အာရှအင်အားကြီးနိုင်ငံ အားလုံးနီးပါး တက်ရောက်ခဲ့ပါတယ်။ ဒီနိုင်ငံတွေထဲမှာ မြောက်ကိုရီးယားကလည်း အဖွဲ့ဝင်နိုင်ငံ တစ်ခု အနေနဲ့ တက်ပါတယ်။အာဆီယံ ဒေသတွင်း ဖိုရမ်ကို မြောက်ကိုရီးယား တက်လေ့ ရှိပေမဲ့ သတင်းစာရှင်းလင်းပွဲတော့ လုပ်လေ့ မရှိပါဘူး။ ဒီတစ်ကြိမ်တော့ ထူးထူးခြားခြား လုပ်ခဲ့တာပါ။သတင်းစာ ရှင်းလင်းပွဲကို မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Ri Tong-il က လုပ်ခဲ့ပါတယ်။ သူက မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ရယ်ခြင်း၊ ပြုံးခြင်း မရှိ တင်းမာတဲ့ ဟန်ပန်နဲ့ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Ri-Tong-il က သူတို့နိုင်ငံရဲ့ အမည်ကို တရားဝင် အတိုကောက် အသုံးအနှုန်း DPRK လို့ သုံးစွဲခဲ့ပါတယ်။ဂျပန်နဲ့ တရုတ်တို့လို စကားပြန်မထားဘဲ အင်္ဂလိပ်ဘာသာနဲ့ ရှင်းလင်းခဲ့ပါတယ်။ ဒီလို ရှင်းတဲ့အခါ အာဆီယံဒေသတွင်း ဖိုရမ်မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Su-yong ဆွေးနွေးခဲ့တဲ့ အရာတွေကို အသေးစိတ်အလိုက် စာရွက်ပြန်မကြည့်ဘဲ အလွတ်နီးပါး ပြန်ရွတ်ပြခဲ့တာ ဖြစ်ပါတယ်။အကြမ်းဖျင်း ရှင်းလင်းမှုပြီးလို့ မေးခွန်းမေးခိုင်းတဲ့ အချိန်မှာ တောင်ကိုရီးယား ဂျာနယ်လစ်တွေက ကိုရီးယား ဘာသာစကားနဲ့ မေးပါတယ်။ ဒီအခါ အင်္ဂလိပ် ဘာသာစကားနဲ့ မေးဖို့ Ri Tong-il က ပြောပါတယ်။ ဒီနေရာမှာ ရှိနေသူတွေဟာ ကိုရီးယားလူမျိုးတွေချည်း မဟုတ်ဘဲ နိုင်ငံတကာ ဂျာနယ်လစ်တွေ ပါနေတာကြောင့် အင်္ဂလိပ်လိုမေးဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယား ဂျာနယ်လစ်က ကိုရီးယား ဘာသာစကားနဲ့ပဲ ထပ်မေးပါတယ်။ ဒီတစ်ကြိမ်မှာ မေးတဲ့မေးခွန်းကို Ri Tong-il ကိုယ်တိုင် အင်္ဂလိပ်ဘာသာပြန်ပြီး အင်္ဂလိပ်လိုပဲ ပြန်ဖြေခဲ့ပါတယ်။အမေရိကန်ကို တုံ့ပြန်ဖို့အတွက် သီးသန့်လုပ်ခဲ့တဲ့ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မြောက်ကိုရီးယားက အမေရိကန်ကိုပဲ အပြစ်ဖို့ခဲ့ပါတယ်။ သူတို့ရဲ့ နောက်တစ်ကြိမ်  နျူကလီးယား စမ်းသပ်မှုက အမေရိကန်ရဲ့ သဘောထားပေါ်မှာပဲ မူတည်တယ်၊ မြောက်ကိုရီးယား အနေနဲ့ ရွေးချယ်စရာ အခြားနည်းလမ်း မရှိဘူးလို့ ဆိုပါတယ်။နောက်ပြီး နျူကလီးယား စမ်းသပ်မှုဟာ သူတို့နိုင်ငံရဲ့ လုံခြုံမှု၊ သူတို့နိုင်ငံသားတွေရဲ့ လုံခြုံမှုနဲ့ မြောက်ကိုရီးယားရဲ့ ဂုဏ်သိက္ခာနဲ့ပါ သက်ဆိုင်တယ်လို့ Ri Tong-il က ပြောခဲ့ပါတယ်။အာဆီယံ-တရုတ် အစည်းအဝေးပွဲ၌ ဗီယက်နမ်၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးများနှင့် အင်ဒိုနီးရှား ကိုယ်စားလှယ်ကို တွေ့ရစဉ် (ဝဲမှယာသို့)
မြောက်ကိုရီးယားဟာ ၂၀၀၆၊ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ နျူကလီးယား စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပုံစံသစ်နဲ့ စမ်းသပ်မှုလုပ်ဖို့ သူတို့ ပြင်နေပါတယ်။တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အပေါ်လည်း ဘဝင်မကျကြောင်းတွေကို သူက ပြောခဲ့ပါသေးတယ်။၁၉၅၄ ခုနှစ်က စတင် ရေတွက်ရင် တောင်ကိုရီးယားနဲ့ အမေရိကန်တို့က အကြိမ်ပေါင်း ၂၀၀၀၀ ကျော် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တယ်၊ တစ်နှစ်မှာရှိတဲ့ ၃၆၅ ရက်မှာ ၃၆၅ ကြိမ်နှုန်းနဲ့ နေ့တိုင်း စစ်ရေးပူးတွဲလေ့ကျင့်မှု လုပ်နေတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။သူ့ရဲ့ သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်ကတော့ မြောက်ကိုရီးယား အနေနဲ့  နျူကလီးယား စမ်းသပ်မှု နောက်တစ်ကြိမ်လုပ်ဖို့ ပြင်ဆင်နေတာကို ပြောရင်း ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။■ ထူးမခြားနား ဆုံးဖြတ်ချက်များသြဂုတ် ၁ ရက်ကနေ ၆ ရက်အထိ လုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ ဒေသတွင်း ဖိုရမ်နဲ့ ဆက်စပ် အစည်းအဝေးတွေရဲ့ ဆုံးဖြတ်ချက်တွေမှာ ထူးခြားချက်တွေ မပါခဲ့ပါဘူး။ဒါပေမဲ့ ဒီတစ်ကြိမ် ဆွေးနွေးမှုမှာ ပါခဲ့တဲ့ အကြမ်းဖျင်း ဆွေးနွေးမှုတွေကို နိုဝင်ဘာ နောက်ဆုံးပတ်မှာ လုပ်မယ့် အာဆီယံထိပ်သီးမှာ ဆက်ပြီး ဆွေးနွေးကြပါလိမ့်မယ်။ဒီတစ်ကြိမ် ဆွေးနွေးပွဲမှာ ထူးခြားခဲ့တာက အာဏာရှင်တွေ လူလုံးပြခဲ့ခြင်းပါပဲ။မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အဖွင့်မှာ ကမ္ဘာပေါ်မှာ အာဆီယံအတွက် ထိုက်တန်တဲ့ နေရာတစ်ခု ရှိတယ်၊ ကမ္ဘာကြီးနဲ့ ချိတ်ဆက်ဖို့ အာဆီယံက တွန့်ဆုတ်မနေသင့်ဘူးလို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ မင်းဆိုမင်းညစ်ဝါဒ (Despotism) တွေ ဆက်ရှိနေမယ်ဆိုရင် အာဆီယံမှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမဆို ထိုက်တန်တဲ့ နေရာကို ရောက်မှာမဟုတ်ပါဘူး။