အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေးအတွက် နောက်ဆုံးညှိနှိုင်းမှုဖြစ်မည့် နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖက်အဆင့်မြင့်ဆုံး ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေးကို ညှိနှိုင်းနေကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့သည် သြဂုတ် ၆ ရက်နှင့် ၇ ရက်များတွင် ရန်ကုန်မြို့၌တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းကို ညှိနှိုင်းခဲ့ရာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သတ်မှတ်ရေးကိစ္စကို ပြေလည်မှုရရှိအောင် ဆုံးဖြတ်နိုင်ခြင်း မရှိ၍ သမ္မတအပါအဝင် နှစ်ဖက်အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်များ တွေ့ဆုံညှိနှိုင်းနိုင်ရေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
နှစ်ဖက်အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်များ တွေ့ဆုံနိုင်ရေးကိစ္စနှင့် ပတ်သက်၍ “စာတွေအပြန်အလှန်ပို့နေတဲ့ အနေအထားပဲဖြစ်တယ်။ အပြန်အလှန်တော့ ဆက်သွယ်မှုတွေ တရားဝင်စာပို့နေတာတွေ လုပ်နေတယ်။ လောလောဆယ်တော့။ တွေ့ဖို့ကိစ္စတွေပဲပေါ့” ဟု Myanmar Peace Center မှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၉ ရက်က အတည်ပြု ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်က “လက်မှတ်ရေးထိုးတဲ့ ကိစ္စမှာ တိုင်းရင်းသားတွေဘက်က အားလုံးပါဝင်ရေး အစိုးရဘက်ကတော့ အခြေအနေအရ အားလုံးပါဝင်ရေးကို လက်မခံနိုင်သေးဘူး။ အဲဒီတစ်ချက်ပဲ ကျန်ပါတော့တယ်။ နှစ်ဖက်အဆင့်မြင့်ဆုံး ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ အပိုင်းက ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ ဒါဟာ အပြီးသတ်ပါပဲ။ ဒီအစည်းအဝေး ဒီဟာနဲ့မှ မဖြေရှင်းနိုင်လို့ရှိရင်လည်း ဘာမှဆက်လုပ်စရာလဲ မရှိတော့ဘူး။ ဒါဟာအပြီးသတ် ဖြစ်မှာပေါ့” ဟု ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိစ္စနှင့် ပတ်သက်ပြီး နှစ်ဖက်အဆင့်မြင့်ဆုံး ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းပွဲမှာ နေပြည်တော်တွင် ပြုလုပ်နိုင်ဖွယ် ရှိသည်ဟုလည်း Myanmar Peace Center မှ ဦးလှမောင်ရွှေက သြဂုတ် ၇ ရက်က ပြုလုပ်သည့် NCA ညှိနှိုင်းမှု ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ဦးလှမောင်ရွှေက “ကျွန်တော်တို့ဘက်က ကျန်တာကတော့ အားလုံးပါဝင်ရေး ဆိုတဲ့အချက်ကို SD ခေါင်းဆောင်တွေနောက် သူတို့ထက်ပိုပြီးတော့ ထိပ်သီးခေါင်း ဆောင်တွေနဲ့ နောက်ဆုံးညှိနှိုင်းမှုပေါ့ နောက်ဆုံးညှိနှိုင်း တာကတော့ MPC မှာလုပ်မယ့် အနေအထား မဟုတ်ပါဘူး။ နေပြည်တော်လိုဟာမျိုးမှာ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒါဟာ နောက်ဆုံးပဲဖြစ်သွားပြီးတော့ အဲဒီကထွက်လာတဲ့ ရလဒ်အပေါ်မှာ ဆက်ပြီးတော့ နှစ်ဖက်အဖွဲ့အစည်းက ဆက်ဆောင်ရွက်ကြဖို့ပေါ့” ဟု ပြောကြားသည်။
နိုင်ငံရေး ဆွေးနွေးပွဲများကို ရောက်ရှိရန်အတွက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးသည့် အဆင့်ကို ဦးစွာကျော်ဖြတ်ရန်လိုကြောင်း၊ အစိုးရဘက်က တိုင်းရင်းသား အဖွဲ့အစည်းများအား တင်ပြထားသည်မှာ လာမည့်ရွေးကောက်ပွဲတွေ မတိုင်မီ လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် ရေးဆွဲနိုင်ရေး မျှော်လင့်ထားကြောင်း၊ ယင်းနောက်တွင် ရွေးကောက်ပွဲပြီးသွားပါက နိုင်ငံရေးဆွေးနွေးပွဲများ စနိုင်ရေး၊ မစနိုင်ပါကလည်း လက်ရှိအခြေခံများနှင့် နောင်အစိုးရလက်ထက်တွင် ဆက်သွားနိုင်ရေးအတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် အချိန်အကန့်အသတ် ရှိနေသည်ကို ရှင်းပြထားကြောင်း ဦးလှမောင်ရွှေက ဆိုသည်။
SD အဖွဲ့ဝင် ဦးနိုင်ဟံသာကမူ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးရာတွင် အဖွဲ့အစည်း အားလုံးပါဝင်ရေးသည် အရေးကြီးကြောင်း၊ အပစ်ရပ်မူကြမ်းရရှိရေး တောက်လျှောက်ပါဝင် ဆွေးနွေးလာသည့် အဖွဲ့အစည်းများကို ချန်ထားရန် မသင့်လျော်ဟု ပြောကြားသည်။
ဦးနိုင်ဟံသာက “တကယ်လို့ သူတို့ကို ချန်ထားရင် သူတို့ကို မတိုက်ပါဘူးလို့ အစိုးရဘက်ကလည်း ဒီနေ့အထိ အာမမခံသေးဘူး။ သူတို့ကို တိုက်နေမယ် ကျွန်တော်တို့က အေးအေးဆေးဆေး ဆွေးနွေးနေမယ်ဆိုရင် မသင့်တော်ဘူးလို့ အန်ကယ်တို့ မြင်တယ်” ဟု ပြောကြားသည်။
အားလုံးပါဝင်ရေးကိစ္စနှင့် ပတ်သက်ပြီး အစိုးရဘက်က သဘောထားကြီးပေးရန် လိုသည်ဟုလည်း ဦးနိုင်ဟံသာက ပြောကြားခဲ့သည်။
အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက “စာချုပ်ကပြီးသွားပြီဆိုတော့ ဒါနဲ့ပတ်သက်ပြီး ဘာမှတွေ့စရာ မလိုတော့ဘူး။ ဒါကသမိုင်းဝင်ပဲ။ သူတို့လက်မှတ် ထိုး မထိုးဘဲ ကျန်တော့တယ်။ မပြေလည်စရာ မရှိပါဘူး။ တိုင်းရင်းသားတွေကို ပြောထားတာက သူတို့လက်နက်လည်း ချစရာ မလိုဘူး။ သမ္မတကြီးကလည်းစစ်ရေး၊ နိုင်ငံရေးအာမခံချက်တို့ လူမှုရေးဆိုင်ရာ အာမခံချက်တို့ စီးပွားရေးဆိုင်ရာ အာမခံချက်တို့ အကုန်လုံး ပေးဦးမှာပဲလေ။ ဘာမှ ဆုံးရှုံးစရာ မရှိဘူး။ အဲဒါမှ လက်လွှတ်တယ် ဆိုရင်တော့ မပြောတတ်ဘူးပေါ့” ဟု ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် နောက်ဆုံးညှိနှိုင်းမှုဖြစ်မည့် သမ္မတအပါအဝင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖက်အဆင့်မြင့်ဆုံး ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေး ညှိနှိုင်းနေ