ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးလိုက်သော အရာရှိများကို ကျန်းမာရေးဝန်ကြီးဌာန၌ ခန့်ထားခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လာ

ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးလိုက်သော အရာရှိများကို ကျန်းမာရေးဝန်ကြီးဌာန၌ ခန့်ထားခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လာ
Published 9 August 2015
မင်းလွင် (ဆေး-၂)

သြဂုတ် ၈ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်ဆိုသော အမိန့်ကြော်ငြာစာတစ်ရပ် အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့ပြီးနောက် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဆရာဝန်များအကြားသာမက ပြင်ပ၌ ဆေးကုသမှု ပြုလုပ်နေသော ဆရာဝန်များအကြားတွင်ပါ ဝေဖန်သံများ ပွက်လောရိုက်သွားကြောင်း သိရသည်။
 
အဆိုပါ အမိန့်ကြော်ငြာစာတွင် အောက်ဖော်ပြပါ ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးလာသော အရာရှိများအား ကုသရေးဦးစီးဌာနလက်အောက်ရှိ အမည် နှင့်ယှဉ်တွဲပါ ရာထူးဌာနများတွင် အလုပ်တာဝန်များ စတင်ထမ်းဆောင်သည့် နေ့မှစ၍ ခန့်ထားလိုက်သည်ဟု ပါရှိသည်။ ယင်းကြော်ငြာစာအရ စစ်ဘက်မှ ဆရာဝန်များကို အရပ်ဘက် ကျန်းမာရေးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူးအပါအဝင် ဌာနမှူးရာထူးများ ခန့်ထားရုံမက ဆရာဝန်မဟုတ်သည့် DSA ဆင်း ဒုတိယဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးတို့ကို ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက် ညွှန်ကြားရေးမှူးရာထူးများ ခန့်ထားကြောင်းလည်း တွေ့ရှိရသည်။
 
ကျန်းမာရေးဝန်ကြီးဌာနကို အသစ်ပြန်လည်ဖွဲ့စည်းရာတွင် ကျန်းမာရေးဦးစီးဌာနကို နှစ်ပိုင်းခွဲခဲ့သည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အမျိုးမျိုးလုပ်နေသည့်အကြား မနိုင်ဝန် ထမ်းနေရသည့် ကျန်းမာရေးဌာနကို ပို၍ စွမ်းဆောင်ရည်မြင့်လာအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဟူ၍ ဌာနနှစ်ခု ခွဲလိုက်သည့်အခါ ရာထူးနေရာအသစ်များ ပို၍ ထွက်လာသည်။ ပိုထွက်လာသော ရာထူးနေရာများသည် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်များတွင် မသိသာလှဟုဆိုသော်လည်း မြို့နယ်အဆင့်၌ မြို့နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဟူ၍ ဖြစ်သွားသောကြောင့် ရာထူးနေရာပေါင်း ၃၃၀ ခန့် ပိုထွက်လာသည်။ ယင်းကဲ့သို့ ရာထူးနေရာများ ထွက်ပေါ်လာအောင် ပြုလုပ်ခြင်းသည် ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ အရာရှိများကို နေရာပေးရန်ဟု အစောပိုင်းကတည်းက ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
 
ယင်းနှင့်ပတ်သက်၍ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အထူးကုဆရာဝန်ကြီးတစ်ဦး က “အခုလက်ရှိ တာဝန်ထမ်းဆောင်ဆဲ မြို့နယ်ဆရာဝန်တွေဟာ အလုပ်စဝင်ချိန်ကစလို့ အခုအချိန်အထိ ဒီလစာ၊ ဒီရာထူးပဲ။ ရာထူးတက်ချင်ရင် နောက်ထပ် ဘွဲ့တစ်ခု ထပ်ယူရတယ်။ လက်ရှိမြို့နယ်အဆင့်မှာ ဆက်ဆံနေရတဲ့ မယက၊ စည်ပင်၊ ပညာရေးမှူးတွေ က လက်ထောက်ညွှန်မှူးအဆင့်။ ငါတို့ဆီက မြို့နယ်ဆရာဝန်တွေက ဦးစီးအရာရှိအဆင့်  ရာထူးတိုးပေးချင်ရင် ကိုယ့်ဌာနက မြို့နယ်ဆရာဝန်တွေထဲမှာကို အရည်အချင်းရှိတဲ့သူတွေ အများကြီး။ မြို့နယ်ဆရာဝန်တွေဟာ အုပ်ချုပ်ရေး၊ ကုသရေး၊ ပြည်သူ့ကျန်းမာရေး ဘက်စုံသုံးလို့ရတယ်။ အခုတော့ ရွာကျော် ရွက်တိုက် မိုးပေါ်က ကျလာတဲ့သူတွေကို ဆရာခေါ်ရတော့မယ်။ သူတို့ရသွားတဲ့ ရာထူး လစာတွေက ငါတို့ရရမယ့် ရပိုင်ခွင့်တွေပဲ။ အလုပ်မရသေးတဲ့ ဆရာဝန်သစ်လွင်တွေကလည်း အလုပ်ရဖို့အရေး တမျှော်မျှော်နဲ့ စောင့်နေရတယ်။ ဟိုသင်တန်းတက်၊ ဒီသင်တန်းတက် စောင့်နေရတယ်။ သူတို့ DSMA က ကျောင်းစတက်တာနဲ့ လစာရပြီ။ နေစရာ အဆင်သင့်၊ စားစရာ အဆင်သင့်၊ ကျောင်းပြီးတာနဲ့ အလုပ်က အဆင်သင့်။ နောက်ပြီး ဒီဘက်ကို ခုန်ဝင်လာတော့ အလုပ်စောင့်နေတဲ့ ဆရာဝန်လေးတွေ အခွင့်အလမ်းလျော့တာပေါ့။ ငါပြောတော့ စစ်ဘက်က တစ်ယောက်က ပြန်ချေပသေးတယ်။ DSA တွေက အခုအုပ်ချုပ်ရေးပိုင်းကို ဝင်တာ သူတို့က အကုန်သင်ပြီးသား။ 
ဘယ်နေရာရောက်ရောက် အုပ်ချုပ်တတ်တယ်တဲ့။ သူတို့ အဲဒီလိုတတ်လို့ တိုင်းပြည်လည်း ကုန်ပြီ” ဟု ပြောကြားခဲ့သည်။
 
ကျန်းမာရေးဝန်ကြီးဌာနတွင် ဆရာဝန်များသည် လက်ထောက်ဆရာဝန်အဆင့်မှ ဖြည်းဖြည်းချင်း ရာထူးတက်ရသူများ ဖြစ်သည်။ အောက်ခြေမှ ကုတ်ကတ် တက်လာနေရသည့် အရပ်ဘက်ဆရာဝန်များအနေဖြင့် အထက်အရာရှိနေရာများသို့ စစ်ဘက်မှ အခန့်သင့် ရောက်ရှိလာခြင်းအတွက် မခံချိမခံသာ ဖြစ်ကြသည်။ ပို၍ဆိုးသည်မှာ အရပ်ဘက်ဆရာဝန်များ မလုပ်တတ် မကိုင်တတ်သောကြောင့် စစ်ဘက်မှ လာရောက်အုပ်ချုပ်ရသည်ဆိုခြင်းကို အသည်းနာကြသည်။
 
တာဝန်ထမ်းဆောင်ဆဲ ဆရာဝန်ကြီးတစ်ဦးကလည်း “တခြားဟာတွေ မသိပေမယ့် ကုသရေးဘက်မှာ အထူးကုနေရာတွေကို ပေးရတာက အရပ်ဘက်အတွက် အရမ်းနစ်နာတယ်။ အရပ်ဘက်မှာ လူကများတယ်။ ပို့စ်က နည်းတယ်။ အရမ်း Competitive  ဖြစ်တာ။ 
အရပ်ဘက်မှာ ၁၀ တန်းအောင်ပြီးပြီးချင်း ကျောင်းမတက်ဘဲ စောင့်ရတဲ့အချိန်တွေ ရှိခဲ့တယ်။ ကျောင်းပြီးတော့လည်း အလုပ်က တန်းမဝင်ရဘူး။ အလုပ်ဝင်ပြီးရင်လည်း သတ်မှတ်ထားတဲ့ လုပ်သက်တွေပြည့်မှ ဘွဲ့လွန်အဆင့်ဆင့်ကို ဖြေရတာ။ ကျွန်တော်တို့ ဆရာသမားတွေ အသက် ၃၅ နှစ်ကျော်မှ အထူးကုဖြစ်ကြတာ။ တပ်က မတူဘူး။ ၁၀ တန်းအောင်တဲ့နှစ်မှာပဲ ကျောင်းတက်ခွင့်ရတယ်။ ဘွဲ့ရပြီးရင် အလုပ်ကဝင်ပြီး ဖြစ်ရုံမက ဘွဲ့လွန်တွေပါ တန်းတက်ခွင့်တွေရတာ။ ငယ်ငယ်လေးနဲ့ အထူးကုတွေ ပါရဂူတွေ ဖြစ်ရော။ 
အဲဒီရာထူးအတိုင်း အရပ်ဘက်ကို ပြောင်းလိုက်ရင် ကိုယ်နဲ့ ၁၀ တန်းအတူ အောင်ခဲ့တဲ့သူတွေထက် ငါးနှစ်လောက် စောပြီး ရာထူးကြီးရရော။ အခွင့်ထူးခံ ဆိုနိုင်တယ်။ 
 
ဝင်လိုက်တဲ့ နေရာတွေကလည်း အရပ်ဘက်မှာ နေရာရဖို့ အခက်ဆုံး ပြိုင်ဆိုင်မှုအများဆုံး ရန်ကုန်တဲ့။ ဖြတ်လမ်းကနေ အကောင်းဆုံး နေရာတွေကို အမြန်ဆုံးရောက်လာတာ။ လမ်းပွင့်သွားရင် နောက်ရောက်လာမယ့် သူတွေ အများကြီးရှိနေမှာ။ ကျုပ်တို့က ကြီးပါပြီ။ နေရာတွေ အရေးမပါတော့ပါဘူး။ ငယ်ရွယ်သူတွေအတွက်ကတော့ အရေးကြီးတယ်။ သူတို့ရဲ့ Potential Place တွေကို နေရာယူခံလိုက်ရတာကိုး”ဟု သူ၏ Facebook တွင် ရေးသားထားသည်။
 
အရပ်ဘက်ဆရာဝန်များက စစ်ဘက်မှ ဆရာဝန်များအနေဖြင့် အရပ်ဘက်လူနာများအကျိုးအတွက်ဟု ယခင်ကတည်းက စိတ်ကူးရှိခဲ့ပါက အဘယ့်ကြောင့် စစ်တပ်ထဲ၌ နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ပါသနည်းဟု မေးခွန်းထုတ်ကြသည်။ စစ်ဘက်ဆရာဝန်များအနေဖြင့် အရပ်ဘက်ဆရာဝန်များနှင့် မတူညီသော ရွေးချယ်မှုကို ပြုလုပ်ကာ မတူညီသောလမ်းကို လျှောက်လျက် မတူညီသော အခွင့်အရေးများ ခံစားပြီးမှ တစ်သက်လုံး ကိုယ့်စရိတ် ကိုယ်အကုန်ခံ၊ အလုပ်ဝင်ရန် စောင့်ဆိုင်းကာ အချိန်ကုန်ခံ၊  ကိုယ့်အားကိုယ်ကိုးကာ ရပ်တည်ခဲ့ရသည့် အရပ်ဘက်ဆရာဝန်များ၏ နေရာကို ခြိမ်းခြောက်လာခြင်းသည် မည်သို့မျှ မဖြစ်သင့်သောကိစ္စဟု ယူဆကြသည်။
 
ဆေးပညာဆိုင်ရာအပြင် အခြားဆောင်းပါးများကိုပါ ရေးသားနေသူ ဒေါက်တာ နန္ဒဝင်း (ဆေး-၁) ကလည်း “တပ်မတော်ကပဲ လာလာ အရပ်ဘက်ကပဲဖြစ်ဖြစ် အမှန်တကယ် အရည်အချင်းရှိတဲ့သူ၊ လူမှန်နေရာ မှန်ဖြစ်မယ်ဆိုရင် လက်ခံလို့ရတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ တပ်မတော်ဘက်က ပြောတဲ့စကားရှိတယ်လေ။ ကျွန်တော်တို့ မတတ်လို့ သူတို့ လာအုပ်ချုပ်ရတယ်ဆိုတာကိုတော့ လက်မခံဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ကိုလည်း အဲဒီလိုအခွင့်အရေးလည်း မပေးဘူး။ အရပ်ဘက်က လူတွေက အရည်အချင်းမရှိလို့ တပ်ဘက်ကလူတွေ လာအုပ်ချုပ်တယ်ဆိုတာကိုတော့ လက်မခံနိုင်ဘူး။ အရပ်ဘက်က အရည်အချင်းရှိတဲ့ သူတွေကိုရော နေရာပေးရဲ့လားဆိုတာ  ဆရာ့ဘက်က ပြောချင်တယ်။ အရပ်ဘက်မှာ အရည်အချင်းမရှိတဲ့သူတွေ စုစည်းနေတဲ့အတွက် ဒီနေရာနဲ့ မထိုက်တန်လို့ သူတို့လာရတယ်ဆိုတဲ့စကားကိုတော့ လက်မခံဘူး။ ရာထူးကြီးတာဖြစ်ဖြစ်၊ ငယ်တာဖြစ်ဖြစ် အမှန်တကယ် ထိုက်တန်တဲ့ အရည်အသွေးကို ပြနိုင်တယ်ဆိုရင်တော့ ပြည်သူအတွက်ကို မှန်ကန်တဲ့ စေတနာရှိတယ်ဆိုရင်တော့ ကျွန်တော်တို့က နောက်ကနေ ဦးညွတ်ပြီးလိုက်ဖို့ဆိုရင် ဝန်မလေးပါဘူး။ ဒါပေမဲ့ ဆရာတို့ကိုအပေါ်ကနေ စီမံခန့် ခွဲမယ့် သူကတော့ အနည်းဆုံးတော့ ဆရာတို့ထက်တော့ စေတနာပါသင့်တယ်။ အရည်အချင်းရှိသင့်တယ်။ ကိုယ့်လောက် စေတနာမပါ။ အရည်အချင်းမရှိဘူးဆိုရင်တော့ သူ့ဘာသာ ဆရာသာဖြစ်မယ် ဘယ်တော့မှ ဆရာ အမှန်တကယ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆန္ဒကတော့ အမှန်တကယ် အရည်အချင်းရှိတဲ့ သူတွေကိုပဲ ရှိစေချင်ပါတယ်” ဟု ပြောကြားသည်။
 
ရာထူးတက်ရန်အတွက် အလွန်ပြိုင်ဆိုင်မှုပြင်းထန်ပြီး လွန်စွာခက်ခဲလှသော ကျန်းမာရေးဝန်ကြီးဌာနတွင် ရာထူးအနိမ့်ပိုင်း၌ တာဝန်ထမ်းဆောင်နေရသူများ၏ ကြိုးစားချင်စိတ်အား အညွန့်ချိုးလိုက်သကဲ့သို့ ဖြစ်နိုင်သည်။ “ငါတို့ ဘယ်လောက်ပဲ လုပ်လုပ်၊ အချိန်တန်ရင် သူများကလာပြီး နေရာယူသွားမှာပဲ”ဟူသော အတွေးများကို ဖြစ်ပေါ်စေနိုင်သည်။ အလုပ်ဝင်ရောက်ခွင့် မရသေးသည့် ဆရာဝန်များအတွက်လည်း ယခုကိစ္စက စိတ်ဓာတ်ကျစရာ ဖြစ်လာသည်။
 
နိုင်ငံတကာ လူမှုအဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာဖြိုးသီဟက  “ကျွန်တော့်အမြင်ကတော့ မဖြစ်သင့်တဲ့ကိစ္စ တစ်ခုပါ။ ပညာရှင်အချင်းချင်းပဲ လုပ်ရမယ်လို့ မြင်ပါတယ်။ ဒီကိစ္စကိုလည်း အတော် စိတ်ပျက်ပါတယ်။ 
ဘယ်လိုပြောပြော သူတို့ လုပ်ချင်တာ လုပ်တာပါပဲ။ ဆရာဝန်တွေ အလုပ်မရတဲ့ကိစ္စဆိုရင် Posting ဆိုရင်လည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က ခန့်အပ်တယ်ဆိုပေမယ့် ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘယ်လိုစံနှုန်းနဲ့ ရွေးချယ်လဲဆိုတာ မသိရဘူး။ ကျွန်တော်တို့လို လူငယ်ဆရာဝန် တော်တော်များများလည်း Posting ရဖို့ကို ခက်ခက်ခဲခဲ လုပ်နေရတယ်။ ဒီလိုအချိန်မှာ ဒီလို စစ်တပ်ဘက်က ခန့်အပ်မှုတွေ ရှိလာတော့ ကျွန်တော်တို့ မျှော်လင့်ထားတာတွေ က ပိုဝေးသွားတယ်။ နဂိုကတည်းက Posting ဝင်ဖို့ မူဝါဒအပြောင်းအလဲတွေက အရမ်းများနေတယ်။ ဝင်ဖို့ ချီတုံချတုံ ဖြစ်နေကြတဲ့သူတွေလည်း ရှိနေတဲ့အခါမှာ Posting ဝင်ပြီးရင်လည်း ပိုပြီးအဆင်မပြေနိုင်ဖို့ ရာခိုင်နှုန်း ပိုများလာတယ်လို့ ခံစားရတယ်။ တော်တော် များများလည်း Posting ဝင်ဖို့ တွန့်ဆုတ်သွားတယ်လို့ ကြားနေရတယ်။ အလုပ်ဝင်သွားပြီဆိုရင်လည်း လုပ်ရတဲ့အလုပ်နဲ့ လခက လည်း မျှတမှုမရှိဘူး။ ဒါ့အပြင် ရေရှည်မှာလည်း အာမခံချက်က မရှိဘူး။ ဒါကြောင့် မြန်မာနိုင်ငံက ဆရာဝန်တွေလည်း ပြည်ပကို ပိုထွက်လာကြတယ်။ မိုးကျရွှေကိုယ်က ကျွန်တော်တို့ဌာနမှ မဟုတ်ဘူး။ 
တခြားဌာနတွေမှာဆိုရင်လည်း အခွင့်ထူးခံလူတန်းစားလို ရောက်လာတတ်ကြတာပါပဲ”ဟု ပြောကြားခဲ့သည်။
 
မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာမီမီကိုက “ကျွန်မတို့ ကျန်းမာရေးဝန်ကြီးက တပ်ဘက်ကဖြစ်တော့ ဒီအစီအစဉ်တွေ ဖြစ်လာတော့မယ်ဆိုတာ နဂိုကတည်းက ဆရာဝန် တော်တော်များများက သုံးသပ်ပြီးသားပါ။ အရင်ခေတ် စစ်ဆေးတက္ကသိုလ် မရှိတဲ့အချိန် ကျွန်မတို့ခေတ်တုန်းကဆို အရပ်ဘက်က ဆရာဝန်တွေက သုံးနှစ် တာဝန်ထမ်းဆောင်ရတယ်။ ဒီလိုလုပ်ရတော့ သူတို့ထဲကိုခေါ်တော့လည်း ဘယ်သူမှမနေနိုင်ဘူး။ အဲဒါကြောင့် စစ်ဆေးအနေနဲ့ လိုအပ်လို့ဆိုပြီး အမှတ်သတ်မှတ်ချက်မထားဘဲ စစ်ဆေးဆရာဝန်တွေကို စခေါ်တယ်။ သူတို့မှာက သူတို့ အခွင့်အရေးနဲ့ သူတို့တက်ကြတာ။ ဒီဘက်က ကလေးတွေက အမှတ်တွေ အရမ်းများပြီး ဆေးတက္ကသိုလ်တက်ရတာ။ အမှတ် အများကြီးကွာတယ်ဆိုကတည်းက ကလေးတစ်ယောက်ရဲ့ IQ က ကွာတာပဲ။ အရည်အချင်း ဘယ်လောက်ကွာမလဲ။ ဒါကို လူတိုင်းနားလည်တယ်။ ဒီဘက်မှာ အံဝင်ခွင်ကျဖြစ်တဲ့သူ မဟုတ်တာတွေ ရောက်လာရင် ကျွန်မတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ဘယ်လိုဖြစ်သွားမလဲဆိုတာ မစဉ်းစားနိုင်တော့ဘူး။ 
 
အရင်ဝန်ကြီးတုန်းကတည်းက ဒီကိစ္စကို ဆွေးနွေးတယ်လို့ အသံတွေကြားတယ်။ အခုသူတို့က သွေးတိုးစမ်းတဲ့အနေနဲ့ ဝင်လာကြတာလို့ မြင်တယ်။ သူတို့ဝင်လာကတည်းက Specialist Post နဲ့ ဝင်လာကြတာ။ ကျွန်မတို့ အရပ်ဘက်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဆရာဝန်တွေမှ အများကြီး။ ဒါတွေကို ဘယ်လိုဖြေရှင်းပေးမှာလဲ။ ကျွန်မအနေနဲ့ ဒီလို ပြောင်းလာတာကို လုံးဝသဘောမတူသလို ကျွန်မတို့ လုပ်ငန်းခွင် ပတ်ဝန်းကျင်ကိုလည်း စစ်တပ်လို အုပ်ချုပ်မှာကို မလိုလားပါဘူး” ဟု ပြောကြားခဲ့သည်။
 
စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းလာခြင်းကိစ္စ၌ ပြဿနာများစွာ ရှိပါသည်။ ပြောင်းလာသူများဘက်မှ ပြဿနာမရှိဟုဆိုသည့်တိုင် အရပ်ဘက်မှ လက်ရှိလူများအတွက် ပြဿနာရှိနေသည်။ စနစ်အရ၊ ဥပဒေအရ ပြဿနာရှိနေသည်။
 
လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ မြို့နယ်ဆရာဝန်ကြီးတစ်ဦးက “ အခုဝင်လာတဲ့ အသွင်ပြောင်းတွေက အုပ်ချုပ်ရေးကို ကိုင်မယ်ထားဦး။ အုပ်ချုပ်ရေးဆိုတာ အမျိုးမျိုးရှိတယ်။ နွားကျောင်းသားက နွားကိုထိန်းတဲ့ အုပ်ချုပ်ရေးနဲ့ လူလူချင်းထိန်းတဲ့ အုပ်ချုပ်ရေး  မတူဘူး။ အဓိက ကတော့ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မှာပဲနေတာ အကောင်းဆုံး။ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။
 
ဘွဲ့လွန်သင်တန်း တက်ရောက်နေသော လက်ထောက်ဆရာဝန်တစ်ဦးက “ကျွန်တော်တို့ဆီမှာ ဆေးတက္ကသိုလ်လေးခုကနေ ဘွဲ့ရပြီး လက်ထောက်ဆရာဝန်လုပ်ဖို့ စောင့်ဆိုင်းနေကြရတဲ့ ဆရာဝန်ငယ်တွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်။ အရပ်ဘက်က ဒီဆရာဝန်ငယ်တွေကိုတောင် လောက်ငအောင် အလုပ်မပေးနိုင်သေးချိန်မှာ တပ်ဘက်က ပုဂ္ဂိုလ်တွေကို ဒုတိယညွှန်ကြားရေးမှူး (စီမံ) ရာထူးတွေ၊ ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်ရေးမှာ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးတွေ၊ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရေးမှာ လက်ထောက်ညွှန်ကြားရေးမှူးတွေ ပေးလာတာကတော့ ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ စစ်တပ်က ကိုယ့်ဌာနကို အာဏာသိမ်းလိုက်သလို ခံစားရပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ လက်ရှိအစိုးရ ဝန်ထမ်းဆရာဝန်တွေ အင်မတန်စိတ်ပျက် နေကြပါတယ်။ ဆရာဝန်ငယ်တွေကလည်း အစိုးရဝန်ထမ်းလုပ်ဖို့ရာ တော်တော်လေး စိတ်ဓာတ်ကျနေကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက ၂၀၁၃ မတ် ၈ ရက်က ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြဋ္ဌာန်းထားတာရှိပါတယ်။ 
ဝန်ထမ်းရွေးချယ်ခန့်ထားရေးနဲ့ ပတ်သက်လို့ အခန်း (၃) အပိုဒ် ၆/၇/၈/၉ ဆိုပြီး အပိုဒ်လေးပိုဒ် ပြဋ္ဌာန်းထားပါတယ်။ အခုလို တပ်ဘက်က ပုဂ္ဂိုလ်တွေကို ကျန်းမာရေးကို တိုက်ရိုက်ဆွဲခန့်တာတွေဟာ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ရော ညီညွတ်ပါသလားလို့ မေးခွန်းထုတ်ချင်ပါတယ်”ဟု ပြောကြားခဲ့သည်။
 
ယခင် စစ်အစိုးရလက်ထက်က ဝန်ကြီးဌာနများသို့ ပြောင်းလဲတာဝန်ယူသော ဝန်ကြီးများက အုပ်ချုပ်မှုပိုင်းတာဝန်ယူသော ညွှန်ကြားရေးမှူး ရာထူးမှစ၍ ညွှန်ချုပ်ရာထူးများအား ၎င်းတို့နှင့် နီးစပ်ရာ တပ်မတော်အရာရှိများအား တိုက်ရိုက်ခန့်ထားခဲ့ကြသည်။ သို့သော် ၂၀၁၃ ခုနှစ် မတ်လအတွင်း နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း(၃) အပိုဒ်(က) တွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးသည် ဝန်ထမ်းအဖွဲ့အစည်း အသီးသီးရှိ ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်သည့် စတင်ခန့်ရာထူးအတွက် ရာထူးဝန်အဖွဲ့ က ရွေးချယ်ပေးသော ဝန်ထမ်းများကိုသာ ခန့်ထားရမည်ဟု ဖော်ပြထားသည်။ ထို့ပြင် အပိုဒ်(ခ) တွင် ရာထူးဝန်အဖွဲ့သည် ပုဒ်မ(က) အရ ညှိနှိုင်းလာသည့်အပေါ် စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်ဟုလည်း ဖော်ပြထားသည်။ ယင်းနှင့် ပတ်သက်၍ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ဆွဲခန့်တွေကို ခန့်ချင်သလို ခန့်လို့မရတော့ဘူး။ ဥပဒေအရ လုပ်ရတော့မယ်” ဟု ပြောကြားခဲ့ဖူးသည်။
 

Most Read

Most Recent