တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို အစိုးရအသိအမှတ်ပြု တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့အနက် ထက်ဝက်ကျော်ပါဝင်ရန် အသင့်ဖြစ်ပါက စတင်လက်မှတ်ရေးထိုးရန် ပြင်ဆင်နေ

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို အစိုးရအသိအမှတ်ပြု တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့အနက် ထက်ဝက်ကျော်ပါဝင်ရန် အသင့်ဖြစ်ပါက စတင်လက်မှတ်ရေးထိုးရန် ပြင်ဆင်နေ
Published 4 August 2015
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရအသိအမှတ်ပြု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၅ ဖွဲ့အနက် ထက်ဝက်ကျော်ပါဝင်ရန် အသင့်ဖြစ်ပါက စတင်လက်မှတ်ရေးထိုးရန် ပြင်ဆင်နေကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြီးခဲ့သည့် ပြည်ထောင်စုနေ့တွင် "ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ" ကတိပြုချက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလေးဖွဲ့တို့ သြဂုတ် ၃ ရက်က နေပြည်တော်၌တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်၏ပြောကြားချက်အရ သိရသည်။    အဆိုပါတွေ့ဆုံပွဲသို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ RCSS၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။    ယင်းတွေ့ဆုံပွဲတွင် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ ပြောကြားမှုနှင့်ပတ်သက်၍ RCSS ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက "သမ္မတကြီးအနေနဲ့ ဒီလက်မှတ်ထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်သွားမယ်ဆိုတဲ့အကြောင်းကို သိရပါတယ်။ နောက်ပြီးတော့ ဒီအားလုံးပါဝင်ရေးကိစ္စမှာ သမ္မတကြီးအနေနဲ့တော့ သက်ဆိုင်သူတွေအားလုံး အစိုးရဘက်ပိုင်းက လက်ခံတဲ့ အဖွဲ့အစည်းအားလုံး သုံးပုံနှစ်ပုံ ဒါမှမဟုတ်ရင် တစ်ဝက်လောက် လက်မှတ်ထိုးဖို့ရှိလာပြီဆိုရင်တော့ သမ္မတကြီးကိုယ်တိုင် လက်မှတ်ထိုးဖို့ဆိုတာ သမ္မတကြီးက ပြောကြားသွားတာပါ။ အစိုးရပိုင်းက ဒီ NCA ကို ချက်ချင်းလက်မှတ်ထိုးဖို့ လက်ခံပြီးတော့ မထိုးနိုင်သေးတဲ့အဖွဲ့ပေါင်း ကျွန်တော်သိရသလောက်တော့ ခြောက်ဖွဲ့တော့ ရှိပါလိမ့်မယ်" ဟုပြောကြားသည်။    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိရာ အစိုးရနှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ထားသည့်အဖွဲ့ ၁၄ ဖွဲ့နှင့် တိုက်ပွဲလျှော့ချရေးဆွေးနွေးထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့ကိုသာ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် လတ်တလောပါဝင်ရန် အစိုးရကလက်ခံထားပြီး ကိုးကန့်အဖွဲ့ (မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ "ဝ" အမျိုးသားအဖွဲ့ချုပ် (WNO)၊   ရခိုင်အမျိုးသားကောင်စီ (ANC) တို့ကို လတ်တလောပါဝင်ရန် လက်မခံသေးပေ။    "ကိုးကန့်ကျတော့ အစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အချိန်ဆိုတော့ အစိုးရကတော့ အခုချက်ချင်းလက်မခံနိုင်သေးပါဘူး။ သူတို့နဲ့ဆက်ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေ ထပ်မံပြုလုပ်ရဦးမယ်လို့ ပြောပါတယ်။ နောက်တစ်ဖွဲ့က AA ပေါ့။ AA ကကျတော့ အစိုးရဘက်ပိုင်းကပြောတဲ့ပုံစံအရဆိုရင် ဖားကန့်မှာ ကျောက်တွေတူးပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ကို လိုင်ဇာမှာ တည်ထောင်လာခဲ့တဲ့အဖွဲ့ဖြစ်တော့ ကေအိုင်အိုလက်မှတ်ထိုးပြီဆိုရင် သူတို့လည်း ကေအိုင်အိုနဲ့အတူ ပြီးသွားမှာပါဆိုတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ကို ရှင်းပြပါတယ်" ဟု ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။    အစိုးရနှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ထားသည့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA/UWSP) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့သည် ၎င်းတို့အနေဖြင့် အစိုးရနှင့် အပစ်ရပ်စဲရေးကို ၂၆ နှစ်ကြာလုပ်ဆောင်ထားပြီးဖြစ်၍ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုရာတွင် ပါဝင်မည်မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲကျမှသာ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရတာဝန်ရှိသူများကိုလည်း တင်ပြထားကြောင်း သိရသည်။    "၁၅ ဖွဲ့မှာ UWSA ပါမယ်။ NDAA ပါမယ်။ သူတို့ကျတော့ အတိအလင်းကြေညာပြီးသားဖြစ်ပါတယ်။ NCA ကို သူတို့လက်မှတ်မထိုးနိုင်ပါဘူးလို့။  ဒါပေမဲ့လည်း အစိုးရက ဒီ NCA မှာပါဝင်ပြီးတော့ လက်မှတ်ထိုးလာနိုင်အောင် သူတို့ကိုလည်း ချဉ်းကပ်သွားမယ်။ ကိုယ်စားလှယ်တွေစေလွှတ်ပြီးတော့ သူတို့နဲ့ ညှိနှိုင်းဆွေးနွေးမယ်ဆိုပြီးတော့ ပြောပါတယ်။ အခု ၁၃ ဖွဲ့လောက်မှာ တစ်ဝက်လောက် လက်မှတ်ထိုးဖို့အသင့်ဖြစ်ရင် စပြီးတော့ လက်မှတ်ထိုးသွားမယ်ဆိုတဲ့ ပုံစံမျိုးပေါ့" ဟု ဗိုလ်မှူးကြီးစိုင်းလက ရှင်းပြသည်။    တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးအပေါ် RCSS အဖွဲ့၏ သဘောထားနှင့်ပတ်သက်၍ မေးမြန်းရာ RCSS အဖွဲ့သည် ၂၀၁၅ ခုနှစ် ပြည်ထောင်စုနေ့ကပြုလုပ်ခဲ့သည့် "ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ" ကတိပြုချက်တွင် ပါဝင်လက်မှတ်ထိုးခဲ့သည့် အဖွဲ့ဖြစ်သည်ဟု ဗိုလ်မှူးကြီးစိုင်းလက ရှင်းပြခဲ့ပြီး "ငြိမ်းချမ်းရေးကို မဖြစ်မနေဆောင်ရွက်ရမယ့် အနှစ်သာရက အဲဒီစာချုပ်ထဲမှာပါတယ်ဆိုတော့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့က ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု The Daily Eleven ကိုပြောကြားသည်။