အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သတ်မှတ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှု အခြေခံမူများနှင့် ကိုက်ညီသော်လည်း ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရမှု မရှိသည့်အပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ် ပြောကြားသည်။ဒေါက်တာညိုညိုသင်းက “ကျွန်မကတော့ NLD က ချထားတဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူ လေးရပ်စလုံးနဲ့ ကိုက်ညီတယ်။ မူလေးရပ်မှာ နံပါတ်(၁) ကျွန်မက ကျွန်မရဲ့ပြိုင်ဘက်ထက် ပညာအရည်အချင်း သာတယ်။ ဥပဒေဒေါက်တာဘွဲ့ ရထားတယ်။ နံပါတ်(၂) ကျွန်မက အမျိုးသမီး ဖြစ်တယ်။ နံပါတ်(၃) လူငယ်လည်း ဖြစ်တယ်။ နံပါတ် (၄) ကတော့ တိုင်းရင်းသားမဖြစ်တာ တစ်ခုတည်း။ ဒါပေမဲ့ ကျွန်မရဲ့ ပြိုင်ဘက်ကလည်း တိုင်းရင်းသား မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျွန်မက မူလေးရပ်နဲ့ လုံးဝသွေဖည်ခြင်း မရှိဘူး။ ဒါကြောင့်မို့လို့ မူအတိုင်း ဆုံးဖြတ်တာ ဆိုရင်တော့ ကျွန်မကတော့ လေးစားပါတယ်။ ဆုံးဖြတ်ချက်ကို လေးစားတယ်။ လိုက်နာပါတယ်။ မူအတိုင်းဆုံးဖြတ်တဲ့ ကိစ္စမှန်သမျှကို ကျွန်မတို့ ဒီ NLD မြို့နယ် အသီးသီးက လိုက်နာသင့်တာပေါ့။ နောက်ပြီးတော့ မြို့နယ်က ဆုံးဖြတ်ချက်တွေကိုလည်းပဲ အထက်အဖွဲ့အစည်း အဆင့်ဆင့်က လေးစားရမယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူဗဟိုပြုစနစ်ကို သွားနေတဲ့ အချိန်မှာ မြို့နယ်အသီးသီးရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားမယ်လို့ ပြောထားတဲ့အတွက်ကြောင့်မို့လို့ လေးလေးစားစားနဲ့ ဆောင်ရွက်သင့်တာပေါ့။ ဒါပဲ ကျွန်မက သဘောထားပေးချင်တယ်” ဟု သြဂုတ် ၃ ရက်က The Daily Eleven ကို ပြောကြားသည်။NLD က ၂၀၁၅ ဇန်နဝါရီတွင် မိမိကို ဖိတ်ခေါ်ခဲ့ကြောင်း၊ မိမိအနေဖြင့် မတ်လတွင် လက်ခံခဲ့ပြီး ဇူလိုင် ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့နှင့် မြို့နယ်ဗဟိုအလုပ်အမှုဆောင် ကော်မတီတို့၏ အစည်းအဝေးတွင် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားရွေးချယ် ခံခဲ့ရကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။“တချို့တာဝန်ရှိသူတွေကတော့ ပြောတယ်။ မြို့နယ်က ဆုံးဖြတ်ထားတဲ့ဟာကို သူတို့ မပြင်ဘူးလို့ ပြောတယ်။ ပြင်တာတွေ ရှိတယ်ဆိုရင် အထောက်အထားနဲ့တကွ လာနိုင်တယ်လို့ ပြောတယ်ပေါ့။ အဲဒီတော့ ကျွန်မကတော့ မြို့နယ်ကလည်း နံပါတ်(၁) ဦးစားပေးနဲ့ တက်သွားတယ်။ တိုင်းကလည်းပဲ ကျွန်မ သိရသလောက်ကတော့ နံပါတ် (၁) ဦးစားပေးနဲ့ပဲ တက်သွားတယ်ပေါ့။ ဒါပေမဲ့ နောက်ဆုံးအဆင့်၊ ဗဟိုအဆင့် ရောက်တော့မှပဲ အခုလို အပြောင်းအလဲတွေ ဖြစ်သွားတယ်ပေါ့။ အဲဒီတော့ ဘာကြောင့်ဖြစ်တာလဲတော့ မသိဘူး။ ဒါကတော့ ဗဟိုကိုပဲ မေးရမှာပေါ့” ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။လက်ရှိတွင် မိမိအနေဖြင့် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ် ရှိမရှိကိုမူ ဖြေကြားဦးမည် မဟုတ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။“ကျွန်မကတော့ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ဖို့ ရှိမရှိကတော့ မဖြေသေးပါဘူး။ လက်ရှိမေးခွန်းထုတ်ထားဆဲ ကာလဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါကိုတော့ ကျွန်မ မဖြေသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းနှင့် ပြည်နယ် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းအားလုံးကို သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။NLD အနေဖြင့် ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ရာတွင် အဖွဲ့ချုပ်၏ နိုင်ငံရေးမူဝါဒ သဘောတရားနှင့် ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ ဒေသခံ ပြည်သူတို့က ယုံကြည်အားကိုးပြီး လက်ခံနိုင်သော ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် ပြည်သူလူထု အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ ယှဉ်ပြိုင်ဘက်များအပေါ် အနိုင်ရရှိရန် အလားအလာကောင်းသော ပုဂ္ဂိုလ်များ၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးကို ဦးတည်ရန်၊ အစိုးရအဖွဲ့တွင် ဦးဆောင်နိုင်မည့် အရည်အချင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များ ပါဝင်ရန် စသည့်အချက်များအပေါ် အခြေခံ၍ ဦးစားပေး ရွေးချယ်ခဲ့ကြောင်း သိရသည်။ကိုယ်စားလှယ်လောင်း ရွေးချယ်ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍မူ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ကျွန်တော်တို့ ပြင်ပ NLD မဟုတ်သော ပညာရှင်များကိုလည်း အကြံဉာဏ် ယူပါတယ်။ ပြီးတော့ စီအီးစီထဲက Group တွေခွဲပြီး စိစစ်ကြပါတယ်။ စိစစ်ပြီးတော့ စီအီးစီတစ်ခုလုံးက ဆုံးဖြတ်တာပါ” ဟု ပြောကြားသည်။ဒေါက်တာဒေါ်ညိုညိုသင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိင် ရွေးချယ်ခံခဲ့ပြီး လက်ရှိအချိန်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရပ်တည်နေသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သက်တမ်းအတွင်း ရန်ကုန်မြို့သစ် စီမံကိန်းအား ဆိုင်းငံ့ပေးရန် အဆို၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများအား နိုင်ငံပိုင်ဆေးရုံကြီးများ၌ အခမဲ့ဆေးကုသခွင့်ပေးရန် အဆို၊ ကျိုက္ကဆံကွင်းအား ပုဂ္ဂလိကသို့ ရောင်းချရန် စီစဉ်မှုအား ရပ်ဆိုင်းရန် အဆို၊ Dagon City အိမ်ရာစီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း ဆိုင်းငံ့ပေးထားရန် စသည့်အရေးကြီးအဆိုများ တင်သွင်းခဲ့သည်။“ကျွန်မကိစ္စကို ပြောရမယ်ဆိုရင်တော့ ကျွန်မဟာ ရွေးကောက်ပွဲကို နိုင်မယ့်လူဖြစ်ကြောင်း၊ လွှတ်တော်ထဲမှာ အရည်အချင်းရှိကြောင်း၊ ပြည်သူလူထုကို တစိုက်မတ်မတ် သစ္စာရှိခဲ့ကြောင်း၊ အာဏာရှင်စနစ်ကို အမြဲတွန်းလှန်တိုက်ဖျက်တဲ့သူဖြစ်ကြောင်း၊ ကျွန်မရဲ့ လွှတ်တော်သက်တမ်းအတွင်းမှာ သက်သေပြခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့်မို့လို့ ညိုညိုသင်းဆိုတဲ့ နာမည်တစ်လုံးလည်း ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ အဲဒီဟာကိုတော့ လေးစားစေချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ရပ်တည်ချက်သည် တစ်လျှောက်လုံး ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းစာရင်းများ ထုတ်ပြန်ထားမှုတွင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရမည်ဟု အများယူဆထားသူအချို့ ပါဝင်ခဲ့ခြင်း မရှိပေ။
NLD အခြေခံမူများနှင့် ကိုက်ညီသော်လည်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခံရခြင်း မရှိသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း မေးခွန်းထုတ်