ကမ္ဘာ့ရွှေဈေး စံချိန်တင် ကျဆင်းနေချိန်တွင် ပြည်တွင်းရွှေဈေးနှုန်း သိသိသာသာ မြင့်တက်နေရာမှ အနည်းငယ် ကျဆင်းလာ

ကမ္ဘာ့ရွှေဈေး စံချိန်တင် ကျဆင်းနေချိန်တွင် ပြည်တွင်းရွှေဈေးနှုန်း သိသိသာသာ မြင့်တက်နေရာမှ အနည်းငယ် ကျဆင်းလာ
Published 1 August 2015
အငယ်ထွေး

ကမ္ဘာ့ရွှေဈေးနှုန်းသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှစကာ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ပြီး လက်ရှိအချိန်တွင် တစ်အောင်စ (၁ ကျပ်သားလျှင် ၀ ဒသမ ၅၇၆ အောင်စ) လျှင် အမေရိကန်ဒေါ်လာ ၁၀၈၄ ဒေါ်လာအထိ ကျဆင်းနေသော်လည်း ပြည်တွင်းအခေါက်ရွှေဈေးနှုန်းသည် တစ်ကျပ်သားလျှင် ကျပ် ၇၅၀၀၀၀ အထိ မြင့်တက်သွားခဲ့ကြောင်း၊ သို့သော် သြဂုတ် ၁ ရက်တွင် ကျပ် ၇၁၀၀၀၀ သို့ ပြန်လည်ကျဆင်းလာကြောင်း သတင်းရရှိသည်။ကမ္ဘာ့ရွှေဈေးနှုန်းသည် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် တစ်အောင်စလျှင် ၁၈၆၉ ဒသမ ၂၀ ဒေါ်လာအထိ ရောက်ရှိခဲ့ရာမှ ၂၀၁၂ ဇူလိုင် ၁၇ ရက်တွင် တစ်အောင်စလျှင် ကျပ် ၁၅၇၀ သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ ယင်းနောက် ၂၀၁၂ အောက်တိုဘာ ၉ ရက်တွင် တစ်အောင်စလျှင် ၁၇၆၃ ဒေါ်လာသို့ ပြန်လည်မြင့်တက်လာသော်လည်း ယင်းကာလနောက်ပိုင်း ဈေးများ ပြန်လည်ကျဆင်းလာခဲ့သည်မှာ လက်ရှိ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် တစ်အောင်စလျှင် ၁၀၈၆ ဒသာမ ၁၄ အထိ စံချိန်တင် ကျဆင်းနေလာခဲ့သည်။ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေးကွက်တွင် ရွှေဈေး စံချိန်တင် ကျဆင်းနေခြင်းသည် အမေရိကန် ဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုများ အပါအဝင် တရုတ်ဗဟိုဘဏ်၏ ဝယ်လိုအား ကျဆင်းမှုကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် ၂၀၁၂ အောက်တိုဘာလနောက်ပိုင်း အနိမ့်ဆုံးဈေး ဖြစ်နေကြောင်း၊ သို့သော် ပြည်တွင်းဈေးကွက်တွင် စံချိန်တင် မြင့်တက်နေကြောင်း ၂၀၁၂ ဒီဇင်ဘာတွင် ပြည်တွင်းရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၆၉၀၀၀၀ ရှိခဲ့ရာမှ ကာလအတန် ကျပ် ၆၂၀၀၀၀ ဝန်းကျင်တွင် ရှိနေခဲ့သည်။ သို့သော် ထိုကာလတွင် ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၁၁၀၀ အထက်တွင် ရှိခဲ့သည်။လက်ရှိအချိန်သည် ကမ္ဘာ့ရွှေဈေးကွက်တွက် အနိမ့်ဆုံးအချိန် ဖြစ်နေသော်လည်း ပြည်တွင်းဈေးကွက်တွက် စံချိန်တင် အမြင့်ဆုံးအချိန်လည်း ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လအတွက် ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၀၀၀၀ ကျပ်အထိ မြင့်တက်သွားခဲ့သည်။“ကမ္ဘာ့ရွှေဈေးက ကျနေချိန်မှာ ပြည်တွင်းမှာ ရွှေဈေးတက်ရတယ် ဆိုတာက ဒေါ်လာဈေးတက်လို့ တက်ရတာပါ။ အခုဆိုရင် ဒေါ်လာဈေးက ကျပ် ၁၂၀၀ အထက်မှာ ရှိနေတယ်။ မြန်မာငွေတန်ဖိုးက တော်တော်ကျနေတော့ ကျွန်တော်တို့က ရွှေဈေးကို တင်ရောင်းရတယ်” ဟု ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်တွင်းဈေးကွက်ရှိ အမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ၁၂၈၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။ ဗဟိုဘဏ်၏ နှုန်းရှင်ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။ ယင်းနောက်ပိုင်း ဗဟိုဘဏ်ဈေး အနည်းငယ် ပြန်ကျပြီး ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်၌ တစ်ဒေါ်လာလျှင် ၁၂၃၆ ကျပ်တွင် ရှိနေခဲ့သည်။ ယင်းအချိန်တွင် အပြင်ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ နှင့် ၅၀ ကြား ရှိနေခဲ့သည်။ ထိုနေ့ အခေါက်ရွေဈေးမှာ ကျပ် ၇၃၀၀၀၀ ဖြစ်နေခဲ့သည်။“ပြည်တွင်းရွှေဈေးကွက် အနေအထားကို လေ့လာရင် ဒေါ်လာနဲ့ ရွှေနဲ့ ချိတ်ထားတာကို တွေ့ရတယ်။ ဟိုတုန်းက ဒေါ်လာဈေးတက်ရင် ရွှေဈေးကျတယ်။ ရွှေဈေးတက်ရင် ဒေါ်လာဈေးကျတယ်။ အခုကျတော့ ဒေါ်လာဈေးမာလာလို့ဆိုပြီး ရွှေဈေးလည်း လိုက်မာတယ်။ ဒေါ်လာဈေး စံချိန်တင်မြင့်နေလို့ ရွေဈေးစံချိန်တင် လိုက်မြင့်တယ်လု့ိ ပြောတယ်။ ဒါပေမဲ့ ရွှေတစ်ကျပ်သား အခု ပြည်တွင်းဈေးက ကျပ် ၇၃၀၀၀၀ ရှိတယ် ထားပါတော့။ ကမ္ဘာ့ရွှေဈေးက ၁၀၈၀ ဒေါ်လာဝန်းကျင်မှာပဲ ရှိတယ်။ ဒီနေ့ သြဂုတ် ၁ ရက်မှာတော့ ၁၀၉၀ ဒေါ်လာလောက် ရှိနေတယ်။ ရွှေတစ်ကျပ်သားက ၀ ဒသမ ၅၇၆ အောင်စ ရှိတယ်။ တစ်အောင်စမှာ ၁ ဒသမ ၇၃ ကျပ်သား ရှိတယ်ဆိုတော့ အခု ပြည်တွင်းမှာ ပေါက်နေတဲ့ အမေရိကန်ဒေါ်လာဈေးက တစ်ဒေါ်လာကို ကျပ် ၁၂၃၀ လောက် ရှိနေတယ်ဆိုတော့ တစ်အောင်စက ကျပ် ၁၃၃၅၉၀၀ လောက် ရှိတယ်ဆိုတော့ တစ်ကျပ်သားကို ကျပ် ၇၀၀၀၀၀ အထက်မှာ ရှိနေမယ်။ နောက်ဆုံးတော့ ရွှေဈေးကို ဒေါ်လာဈေးနဲ့တွက်ပြီး ဈေးလိုက်မြင့်ကြတဲ့အတွက် သူတို့ရွှေဆိုင်တွေက ဈေးလိုက်တက်တာပါ” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ထို့ကြောင့် လက်ရှိအချိန်သည် ရွှေဝယ်ယူ စုဆောင်းမှုထက် ရှိပြီးသားရွှေ ပြန်ထုတ်လျှင် ကိုက်နိုင်ကြောင်း၊ သို့သော် မြန်မာငွေ ကျဆင်းနေသည့်အတွက် ရွှေပြန်ရောင်းချချင်သူတို့လည်း ဆက်လက်ထိန်းထားမှုများ ရှိနေကြောင်း သိရသည်။ သြဂုတ် ၁ ရက် ပေါက်ဈေးများမှာမူ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၇၀၀၀၀ ကျော်နှင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၁၀၀၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။