တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာတွင် အဖွဲ့အစည်းအားလုံး ပါဝင်ရေးမူကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ဆက်လက်စွဲကိုင်မည်

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာတွင် အဖွဲ့အစည်းအားလုံး ပါဝင်ရေးမူကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ဆက်လက်စွဲကိုင်မည်
Published 29 July 2015
အောင်ဇော်ထွန်း

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ရေးမူကို ဆက်လက်စွဲကိုင်ပြီး အစိုးရ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးသွားရန် ထိုင်းနိုင်ငံချင်းမိုင်တွင် လေးရက်ကြာ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ၏ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း SD အဖွဲ့ဝင် ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ဇူလိုင် ၂၉ ရက် ညပိုင်းတွင် ပြောကြားသည်။တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များပါဝင်သည့် SD အဖွဲ့၏ ဆွေးနွေးပွဲကို ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်ခဲ့ရာ ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် SD တို့၏ ဆွေးနွေးပွဲရလဒ်အပေါ် တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းစီမှ သဘောထားများတင်ပြ ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ ဆုံးဖြတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ပဒိုစောကွယ်ထူးဝင်းက “လေးရက်ပေါ့။ ဆွေးနွေးတာ SD နဲ့ UPWC ရလာတဲ့ အချက်တွေကို အတည်ပြုချက်တွေ ပြုလုပ်နိုင်ခဲ့တယ်။ အကုန်လုံး ပါဝင်ရေးမူကိုကျတော့ ဆက်ပြီး ညှိနှိုင်းမယ်လို့ သဘောထားရှိတယ်။ SD နဲ့ UPWC တွေ့ရင် ဆက်ပြီးတော့ ညှိမယ်။ အကုန်လုံး ပါဝင်ရေးမူကို ကျွန်တော်တို့ ထပ်မံပြီးတော့ ညှိနှိုင်းမယ့် သဘောထား ရှိတယ်” ဟု ပြောကြားသည်။ဆက်လက်၍ ၎င်းက “ဒီဘက်မှာ အခြေအနေ အမျိုးမျိုးကြောင့် အကုန်လုံးပါဝင်ရေးက ကျွန်တော်တို့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် အာမခံရှိနိုင်တဲ့ သဘောတူညီချက် တစ်ခုပဲလို့ အဖွဲ့အများကြီး လက်ခံတဲ့ အပေါ်မှာ သဘောထား ချမှတ်တယ်လေ။ နောက်ဆုံး သဘောထားက SD ရဲ့ ညှိနှိုင်းမှု ရလဒ်အပေါ်မှာ ထိပ်သီးခေါင်းဆောင်တွေက အတည်ပြုသွားမယ်ဆိုတဲ့ သဘောထား ကျသွားပါတယ်” ဟု ပြောကြားသည်။သြဂုတ်လဆန်းပိုင်းတွင် အစိုးရကိုယ်စားလှယ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အပစ်ရပ်စာချုပ် (မူကြမ်း) ညှိနှိုင်းမှု (၉)ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ ကျင်းပနိုင်ရေး နှစ်ဖက်ညှိနှိုင်းမည်ဖြစ်သည်။“NCA အလားအလာကတော့ ဒီရွေးကောက်ပွဲ မတိုင်ခင် သဘောတူညီမှု ရယူနိုင်မယ်လို့တော့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ NCA ကို အလေးထားတယ်။ တန်ဖိုးလည်း ထားတယ်။ ဒါက ပိုမိုပြီးတော့ တိကျခိုင်မာတဲ့ NCA ဖြစ်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေက ဆွေးနွေးပြီး ဒါကို သဘောတူ ချမှတ်တာ။ ဒါရဖို့အတွက် ကြိုးစားနေတဲ့ အပိုင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။