ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းကို ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ရာတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့ ပါဝင်လာကြောင်း ဇူလိုင် ၂၉ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြု တာဝန်ပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။ထုတ်ပြန်ချက်အရ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုးကျွန်း မဲဆန္ဒနယ်မှ လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး သုံးဦး၊ ဒုဝန်ကြီး တစ်ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ခြောက်ဦးနှင့် ညွှန်ချုပ်အဆင့် ငါးဦးတို့မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားသည်။မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကျောက်တန်းမဲဆန္ဒနယ်မှ လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လှည်းကူးမဲဆန္ဒနယ်မှ လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လမ်းမတော် မဲဆန္ဒနယ်မှ လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မရမ်းကုန်း မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။“ပြည်သူ့လွှတ်တော်က ၄၅ မြို့နယ် ရှိတဲ့အတွက်ကြောင့် ၄၅ ဦး၊ အမျိုးသားလွှတ်တော်က ၁၂ ဦး၊ တိုင်းဒေသကြီးလွှတ်တော်က ၉၀၊ နောက် ကရင်တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦး၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦး၊ စုစုပေါင်း ရန်ကုန်တိုင်းဒေသကြီးကနေ ကိုယ်စားလှယ်လောင်း ၁၄၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ” ဟု ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားသည်။“၂၀၁၀ လို အပြတ်အသတ်နိုင်ဖို့ ကျွန်တော်တို့ မမျှော်လင့်ထားပါဘူး။ ထိုက်သင့်တဲ့ အချိုးတစ်ခုတော့ ကျွန်တော်တို့ ရဖို့ရာအတွက် ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အနိုင်ရလဒ်က အစိုးရဖွဲ့နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်းလည်း ၎င်းက အတည်ပြု ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှူးမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဒေသခံ ဦးကျော်ဇင်ဟိန်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်း ထုတ်ပြန်ရာတွင် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ပြည်ထောင်စုဝန်ကြီး သုံးဦးတို့ ပါဝင်