အသေးစား အလတ်စား လုပ်ငန်းများ အာမခံပစ္စည်း မလိုဘဲ ချေးငွေထုတ်ချေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ လိုအပ်ချက် ရှိနေကြောင်း ပြည်တွင်းဘဏ်လုပ်ငန်း လုပ်ကိုင်နေသူများ ထောက်ပြ

အသေးစား အလတ်စား လုပ်ငန်းများ အာမခံပစ္စည်း မလိုဘဲ ချေးငွေထုတ်ချေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ လိုအပ်ချက် ရှိနေကြောင်း ပြည်တွင်းဘဏ်လုပ်ငန်း လုပ်ကိုင်နေသူများ ထောက်ပြ
Published 27 July 2015

အသေးစား အလတ်စား လုပ်ငန်းများ ချေးငွေထုတ်ချေး နိုင်ရေးအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ လိုအပ်ချက် ရှိနေကြောင်း ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့ Sule Shangrila ၌ ပြုလုပ်သည့် တတိယအကြိမ် Myanmar Banking and Finance Confernece သို့ တက်ရောက်လာသည့် ပြည်တွင်းဘဏ်လုပ်ငန်း လုပ်ကိုင်နေသူများက ထောက်ပြကြသည်။
“မြန်မာပြည်မှာ ငွေရေးကြေးရေး ဘဏ္ဍာရေးနဲ့ ပတ်သက်ရင်တော့ SMEs အတွက် အဓိက,က Private Investment၊ Private Economic Development အတွက် အဓိက လိုအပ်တာတွေက အများကြီးပဲ။ သို့ပေမယ့် အရင်းအနှီးလို့ခေါ်တဲ့ Private Investment က အဓိကလိုအပ်တယ်။ အဲဒီ Private Investment ကို ပြည်တွင်းက ပေးနိုင်မလား၊ Funding က ပေးမလား စသဖြင့် sSource က နှစ်ခုရှိတယ်။ အဓိက, ကတော့ ပြည်တွင်း Source က ရဖို့ကတော့ လူတွေက ပိုပြီးတော့ကြိုးစားတယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ SMIDB ဘဏ်လို တချို့ဘဏ်တွေက SME၊ SMI ကို ချေးငွေပေးတယ် ဆိုပေမယ့် လက်တွေ့လုပ်တဲ့နေရာမှာ အများကြီး အခက်အခဲရှိတယ်။ အပေါင်ခံ ပစ္စည်းမရှိတာတို့ပေါ့။ အဲဒါတွေက အဓိက အခက်အခဲ။ နိုင်ငံခြား SME၊ SMI ကို ပေးမယ်ဆိုပေမယ့်လည်း တကယ်တမ်းကျတော့ လက်တွေ့လုပ်တဲ့အခါမှာ အများကြီး အလှမ်းကွာနေတာ တွေ့ရတယ်။ အဲဒါကြောင့် ပုဂ္ဂလိက ကဏ္ဍကို တကယ် Promote လုပ်မယ်ဆိုရင်တော့ Private Investment နဲ့ ပတ်သက်တဲ့ Capital Resources တွေက အများကြီး သေချာလုပ်ပေးဖို့လိုတယ်” ကမ္ဘာ့ရတနာဘဏ် အကြီးတန်း အကြံပေး ဒေါက်တာဂျော့စိုးဝင်းက ပြောကြားသည်။
“ GIZ က ပြောသွားတာတွေကလည်း အမှန်အကန်ပါပဲ။ ငွေရေးကြေးရေး လိုသလို Technical Assistant လည်းလိုတယ်။ Technical Assistant ဆိုတာက လုပ်ငန်းအသေးလေးတွေ စတင်တည်ထောင်ခဲ့တဲ့ အခါမှာ လုပ်ငန်းအသေးတွေ ဘယ်လိုစပြီးလုပ်ရမယ်။ ဘယ်လိုနည်းလမ်းနဲ့ တည်ထောင်မယ်။ ဘယ်လိုဈေးကွက် ရှာမယ်။ ဘယ်လို အုပ်ချုပ်မယ် စတာတွေက မြန်မာပြည်မှာ တကယ့်ကို လက်တွေ့ကျကျ သင်ကြားပေးတဲ့ဌာန သိပ်မရှိဘူး။ GIZ က လုပ်မယ်ဆိုရင်တော့ ပိုကောင်းတယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့တော့ အရေးကြီးတာပေါ့” ဟုလည်း ဒေါက်တာဂျော့စိုးဝင်းက ဆိုသည်။
SME အများစုအနေဖြင့် အိမ်နှင့်ခြံ အာမခံ ပစ္စည်းအဖြစ် ထားရှိမှသာ ချေးငွေရရှိနိုင်သည့် ဘဏ်စနစ်ကြောင့် ချေးငွေရရှိရန် ခက်ခဲနေပြီး အာမခံပစ္စည်းတန်ဖိုး၏ တစ်ဝက်ထက်မပိုသည့် ချေးငွေကိုသာ ဘဏ်မှ ထုတ်ချေးခြင်းကြောင့်လည်း လုပ်ငန်းအများစုမှာ လုံလောက်သည့် ချေးငွေဖြစ်ရန်လည်း ခက်ခဲမှု ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အိမ်နှင့်ခြံကို အာမခံပစ္စည်းအဖြစ် ထားရန်မလိုဘဲ ချေးငွေထုတ်ချေးရန်အတွက် အချက်နှစ်ချက် လိုအပ်နေကြောင်းလည်း CB ဘဏ်၏ ဒုတိယအထွေထွေမန်နေဂျာ ဦးဦးသိန်းမြင့်က ပြောကြားသည်။
“SME လုပ်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကဘဏ်တွေက အာမခံပစ္စည်းလိုတယ်။ မြေနဲ့အိမ်ယူပြီးတော့ ထုတ်ချေးတယ်။ မြန်မာနိုင်ငံမှာ အဲဒီအာမခံပစ္စည်း မလိုဘဲနဲ့ ထုတ်ချေးဖို့ဆိုရင် နိုင်ငံခြားမှာ Credit Bureau ဆိုတာရှိပါတယ်။ Credit Bureau ဆိုတာက ငွေချေးတဲ့လူတွေရဲ့ ရာဇဝင်ဖြစ်တဲ့အတွက် ကောင်းကောင်းပြန်ဆပ်တဲ့ သူတွေဆိုရင် A အဆင့်ပေါ့။ အတော်အသင့်ဆိုရင် B။ ညံ့ တယ်ဆိုရင် C ပေါ့။ အဲဒီလို သတ်မှတ်တယ်။ အဲဒါမျိုးက ကျွန်တော်တို့နိုင်ငံမှာ မရှိသေးဘူး။ အဲဒါကို ထူထောင်ဖို့အတွက် လုပ်နေတယ်။ အဲဒီဟာ မရှိသေးတဲ့အတွက် လူတစ်ယောက်ကို ငွေချေးလိုက်ရင် ဆုံးမလား၊ မဆုံးဘူးလားဆိုတာ ဆုံးဖြတ်ရခက်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီနိုင်ငံမှာ အာမခံပစ္စည်းမယူဘဲနဲ့ လုပ်မယ်ဆိုရင် အခွန်စနစ်ကို ဒီထက်ပိုပြီးတော့ ကောင်းကောင်းလုပ်ဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလူဟာ ချေးငွေနဲ့ ထိုက်တန်ရဲ့လား၊ မရှိဘူးလားပေါ့။ ပိုင်ဆိုင်မှုက ဘယ်လောက်ပီပြင်သလဲ။ သူရဲ့ Statement တွေရှိတယ်။ ကျွန်တော်တို့ဆီမှာဆိုရင် ကျွန်တော် စာရင်း နှစ်မျိုးလုပ်တာ တွေရှိတယ်။ အဲဒီလို နှစ်မျိုးလုပ်ထားတဲ့ဟာတွေကို ဘဏ်က လက်ခံလိုက်လို့ရှိရင် ဆုံးဖြတ်တာ မှားသွားနိုင်တယ်” ဟု ဦးဦးသိန်းမြင့်က ပြောသည်။