အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ခွင့် ရရှိခဲ့လျှင်လည်း ပြည်သူများ မလိုလားသည့် တစ်နေ့တွင် အေးအေးဆေးဆေး ထွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ခွင့် ရရှိခဲ့လျှင်လည်း ပြည်သူများ မလိုလားသည့် တစ်နေ့တွင် အေးအေးဆေးဆေး ထွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 26 July 2015
မင်းသူဝင်းထွဋ်၊ ငြိမ်းကို၊ မျိုးမင်းထက်

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၀၀ ရာခိုင်နှုန်း အောင်နိုင်၍ အစိုးရဖွဲ့ခွင့် ရရှိခဲ့လျှင်လည်း ပြည်သူများ မလိုလားသည့် တစ်နေ့တွင် အေးအေးဆေးဆေး ထွက်ပေးမည်ဖြစ်ပြီး ကတ်ဖဲ့နေမည် မဟုတ်ကြောင်း ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်ဘောလုံးကွင်း၌ ဇူလိုင် ၂၆ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲ အခမ်းအနားတွင် ပြောကြားသည်။
“ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူကနေထောက်ခံလို့ ပြည်သူကနေလိုလားလို့ မဲပေးလိုက်လို့ ကျွန်မတို့ အပြတ်အသက် ၁၀၀ ရာခိုင်နှုန်းနိုင်လို့ အစိုးရ ဖြစ်လာရင်လည်း ကျွန်မတို့ဟာ ဘယ်တော့မှ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ ကျွန်မတို့ရဲ့မူကို မေ့မှာမဟုတ်ပါဘူး။ တခြားအဖွဲ့အစည်း အစုအဖွဲ့တွေကို ကျွန်မတို့က နှိပ်ကွပ်ဖို့ မဟုတ်ဘူး။ အနိုင်ယူဖို့ မဟုတ်ဘူး။ လက်ကမ်းပြီးတော့ အားလုံးညီညီညွတ်ညွတ်နဲ့ လုပ်ဖို့ဆိုတာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်ဆုံးပြောရမှာကတော့ ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ကို အစိုးရအဖြစ် ပြည်သူက တင်ပြီးတဲ့နောက်မှာ ပြည်သူက မလိုလားတော့ဘူးဆိုရင် ကျွန်မတို့ကနေပြီးတော့ အေးအေးဆေးဆေး ထွက်ပေးမယ့်သူတွေပါ။ ကတ်ဖဲ့ပြီးတော့ နေမှာမဟုတ်ပါဘူးလို့ ကျွန်မပြောပါရစေ။ ဒီဟာဟာ ၁၉၄၇ ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင် အချိန်မှာတုန်းကလည်း ဖေဖေ ဒီအတိုင်းပဲ ပြောခဲ့ပါတယ်။ ပြည်သူက မလိုလားတဲ့ တစ်နေ့မှာ ဖယ်ပေးမှာတဲ့ ကတ်ဖဲ့ပြီးတော့ မနေချင်ဘူးတဲ့။ အဲဒီလိုမာနမျိုးတော့ ကျွန်မတို့မှာ အပြည့်အ၀ ရှိပါတယ်လို့ ကျွန်မပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ဖခင်ဖြစ်သူ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စကားအတိုင်း ရွေးကောက်ပွဲတွင် အနိုင်ရပြီးပါက တိုင်းပြည်ကို သစ္စာနှင့် မေတ္တာကို အခြေခံကာ အုပ်ချုပ်သွားမည်ဟု ပြောကြားသည်။
“နောက်ပြီးတော့ ဖေဖေပြောခဲ့တဲ့ စကားတစ်ခုလည်း ကျွန်မထပ်ပြီး ပြောချင်ပါတယ်။  ရွေးကောက်ပွဲနိုင်ပြီးတဲ့ အခါကျတော့ သစ္စာနဲ့ မေတ္တာကို အခြေခံပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်သွားမယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။ ကျွန်မတို့လည်း ဒီအတိုင်းပါပဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုင်ငံကပေးတဲ့ တာဝန်အပေါ်မှာ သစ္စာရှိရှိနဲ့ ကျွန်မတို့ ဆက်ပြီးတော့ လုပ်ပါမယ်။ နိုင်ငံတာဝန်ပေးလို့ရှိရင် နောက်ပြီးတော့ မေတ္တာအပြည့်အဝနဲ့ ပြည်သူတွေ အပေါ်မှာထားပြီးတော့ ကြိုးစားပြီးတော့ လုပ်ပါ့မယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။