ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်ကနေ ၂၄ ရက်အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (SD) တို့ ရန်ကုန်မှာ တွေ့ဆုံပြီး အပစ်ရပ်စာချုပ်အတွက် ဆွေးနွေးခဲ့ကြပေမဲ့ ရေရာတဲ့အဖြေ မထွက်ခဲ့ပါဘူး။ယေဘုယျအားဖြင့် ဆွေးနွေးမှု အောင်မြင်တယ်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။ ဒါဟာ သံတမန်နည်းအရ ကောက်ချက်ချခြင်းသာဖြစ်ပြီး အဓိက အရေးကြီးတဲ့ အချက်တွေ သဘောတူညီချက်ရဖို့ ကျန်နေပါတယ်။ ကျန်နေတဲ့အတွက် အပစ်ရပ်စာချုပ် မချုပ်နိုင်ခဲ့ပါဘူး။အကယ်၍ ဇူလိုင် ဆွေးနွေးပွဲက NCA အတွက် တံခါးတစ်ချပ် ပွင့်ခဲ့တယ်ဆိုရင် ထပ်ဖွင့်ဖို့ ကျန်နေတဲ့ တံခါးများစွာ ရှိနေပါသေးတယ်။ ထပ်ဖွင့်ရမယ့် တံခါးတွေက အခုဖွင့်ထားတဲ့ တံခါးတွေထက် ပိုခိုင်ခန့်ပြီး ထုထည်ကြီးမားတဲ့ တံခါးတွေ ဖြစ်ပါတယ်။■ ငြိမ်းချမ်းရေး လိုအပ်ချက်နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်မီး ချုပ်ငြိမ်းဖို့ ငြိမ်းချမ်းရေးက လိုအပ်ချက် ဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီငြိမ်းချမ်းရေး လိုအပ်ချက်က လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုအတွက် မဟုတ်ပါဘူး။မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဋ္ဌာန (MPC) ရဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းမှုက သူတို့ရဲ့ လုပ်ငန်းစဉ် ပရောဂျက်အတွက် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ သက်တမ်းကုန်ဆုံးမယ့် MPC အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အပြီးသတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရအောင် ကြိုးပမ်းခြင်းက သူတို့ရဲ့ ပန်းတိုင်ပါ။MPC ရဲ့ မျှော်မှန်းချက် ပန်းတိုင်ဆိုတာ သမ္မတ ဦးသိန်းစိန်အတွက် ဖြစ်ပါတယ်။၂၀၁၁ ခုနှစ် မတ်လမှာ အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ ကိစ္စကြီးနှစ်ခုကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ပထမလုပ်ငန်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုနဲ့အတူ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဖြစ်ပါတယ်။ ဒုတိယလုပ်ငန်းက ပြည်တွင်းစစ်ချုပ်ငြိမ်းရေး ကြိုးပမ်းမှု ဖြစ်ပါတယ်။သူ့ရဲ့ ပထမလုပ်ငန်းက ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ ပြုပြင်ပြောင်းလဲမှုတွေက အပေါ်ယံ သဘောဆောင်ပြီး အခုနောက်ပိုင်းမှာ ရပ်သွားတယ်၊ နောက်ကြောင်း ပြန်လှည့်သွားတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ဒုတိယ လုပ်ငန်းဖြစ်တဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးက NCA နဲ့ သက်ဆိုင်နေပါတယ်။ ဒီအပိုင်းမှာ တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရေးဆိုတဲ့ စကားလုံးတွေသာ ပေါ်ထွက်ခဲ့ပြီး တိုင်းရင်းသား ပြည်သူအားလုံး အကျိုးခံစားခွင့်ရှိတဲ့ ရလာဒ် မထွက်သေးပါဘူး။ဒီအချိန်မှာ နောက်ထပ် သမ္မတသက်တမ်းတစ်ခု ထမ်းဆောင်နိုင်ဖို့ ပထမသက်တမ်းမှာ ဘာတွေ အောင်မြင်အောင် လုပ်ခဲ့သလဲဆိုတာ အဆုံးအဖြတ် ဖြစ်လာပါတယ်။ NCA လက်မှတ်ထိုးမှု အောင်မြင်မယ်ဆိုရင် နောက်သက်တမ်း ဆက်လက် တာဝန်ယူဖို့ အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။တကယ်တော့ ငြိမ်းချမ်းရေးက မှေးမှိန်ခဲ့ပြီးပါပြီ။ ဇွန်လအတွင်း ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တိုင်းရင်းသားတွေက ပြင်ဆင်ဖို့ လိုလားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁၊ ၂၆၁၊ ၂၆၄ ပါ ပြဋ္ဌာန်းချက်တွေကို မပြင်ဘဲ ပယ်ချခံခဲ့ရချိန်ကတည်းက ငြိမ်းချမ်းရေး အလားအလာ မှေးမှိန်သွားတာပါ။ ဒါပေမဲ့ သမ္မတဦးသိန်းစိန် နောက်သက်တမ်း တာဝန်ယူဖို့ ကြိုးစားချိန်မှာ လက်ချည်းဗလာ မဖြစ်စေဖို့ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးခေါင်းစဉ်နဲ့ အပစ်ရပ်ရေး လက်မှတ်ထိုးဖို့ MPC က ထပ်မံ ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ အချိန်မရှိတော့ပါဘူး။■ ရွေးကောက်ပွဲ အဓိကအခုချိန်မှာ ပြည်သူတိုင်း အာရုံစိုက်နေတာက နိုဝင်ဘာ ၈ ရက်မှာလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဖြစ်ပါတယ်။ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင် ၂၀ ကနေ သြဂုတ် ၈ ရက်အထိ တင်သွင်းရပါမယ်။ သြဂုတ် ၈ ရက်က နောက်ဆုံး တင်သွင်းရမယ့်ရက် ဖြစ်ပါတယ်။ဒါပြီးရင် စက်တင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု စတင်မှာ ဖြစ်ပါတယ်။UPWC၊ MPC နဲ့ အစိုးရပိုင်းက NCA ကို သြဂုတ် ပထမပတ် ဒါမှမဟုတ် ဒုတိယပတ်မှာ အပြီးသတ် သဘောတူညီမှုရဖို့ မျှော်မှန်းထားပါတယ်။ဘာကြောင့်လဲဆိုရင် UPWC မှာ ပါဝင်နေသူတွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုအဖွဲ့ (UPCC) မှာ ပါဝင်နေသူတွေထဲက တစ်ချို့က ရွေးကောက်ပွဲဝင် ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလို ရွေးကောက်ပွဲ ဝင်ပြိုင်မယ် ဆိုတဲ့ သူတွေထဲမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ပါဝင် ဆွေးနွေးနေတဲ့ တပ်မတော် အရာရှိကြီးတွေလည်း ပါဝင်ကြောင်း သတင်းတွေ ထွက်နေပါတယ်။ဒါကြောင့် NCA အပြီးသတ် ညှိနှိုင်းမှုကို သြဂုတ်လ နောက်ဆုံးထားပြီး အပြီးသတ်မယ်၊ နောက် ရွေးကောက်ပွဲ မတိုင်ခင် အပစ်ရပ် စာချုပ် ချုပ်မယ်ဆိုတာ အစိုးရရဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။သြဂုတ်လထဲမှာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးဖို့ ဖြစ်နိုင်ခြေ နည်းပါတယ်။ အကယ်၍ သြဂုတ်မှာ လက်မှတ်ထိုးဖြစ်ခဲ့တယ် ဆိုရင် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် အပြီးသတ် ရေးရပါမယ်။ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရမှာပါ။ဒီအခါ ရွေးကောက်ပွဲက အဓိက ဖြစ်လာပါတယ်။ ရွေးကောက်ပွဲလုပ်မယ့် လမှာ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သြဂုတ်မှာ လက်မှတ်ထိုးရင် နိုဝင်ဘာမှာ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရမှာပါ။ ရွေးကောက်ပွဲ လုပ်မယ့် နိုဝင်ဘာမှာ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း မလိုလားပါဘူး။နောက်တစ်ချက်က နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ဖြစ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို အားလုံးပါဝင် ရေးဆွဲ ညှိနှိုင်းပြီးမှ အတည်ပြုရမှာ ဖြစ်ပါတယ်။အခုချိန်မှာ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ငါးမျိုး ရှိနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ရေးဆွဲတာ တစ်ခု၊ UPWC ဘက်က ရေးဆွဲထားတာ တစ်ခု၊ နိုင်ငံရေးပါတီ ၅၆ ပါတီ ပေါင်းပြီး ရေးဆွဲထားတာ တစ်ခု၊ NLD က ရေးဆွဲထားတာ တစ်ခု၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ရေးဆွဲထားတာ တစ်ခု စုစုပေါင်း ငါးခု ရှိနေပါတယ်။ရှိနေတဲ့ မူငါးခုကို ရက် ၆၀ အတွင်း အပြီးသတ် ဆွေးနွေး ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သြဂုတ်မှာ အပစ်ရပ်ရေး သဘောတူညီချက် ရရင် စက်တင်ဘာနဲ့ အောက်တိုဘာမှာ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို ဆွေးနွေးကြရမှာပါ။ဒါပေမဲ့ စက်တင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလ စတင်ပါပြီ။ နိုဝင်ဘာအထိ မဲဆွယ်စည်းရုံးရေး လုပ်ကြမှာ ဖြစ်ပါတယ်။ ဒီကာလမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးက လွဲပြီး ကျန်တာတွေကို လုပ်ဖို့ ခဲယဉ်းပါလိမ့်မယ်။ဒီအချက်တွေကလည်း ရွေးကောက်ပွဲ မတိုင်ခင်မှာ အပစ်ရပ် လက်မှတ်ထိုးရေး ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတဲ့ အချက်အပေါ် သက်ရောက်မှု ရှိနေပါတယ်။ သြဂုတ်လမှာ သဘောတူညီမှုရပြီး လက်မှတ်ထိုးဖို့ မဖြစ်နိုင်သလို အောက်တိုဘာမှာ ထိုးနိုင်မလား ဆိုတာ မသေချာပါဘူး။ နိုဝင်ဘာ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အနည်ထိုင်မှုက ၂၀၁၆ ခုနှစ် ဧပြီနောက်ပိုင်းမှသာ ဖြစ်လာနိုင်ခြေ ရှိပါတယ်။■ ညှိနှိုင်းမှု မရသေးတဲ့ အရေးကြီး အချက်များအပစ်ရပ် NCA စာချုပ်အတွက် ညှိနှိုင်းမရသေးတဲ့ အရေးကြီး အချက်တွေ ကျန်နေပါတယ်။ ဒီအချက်တွေကို အစိုးရဘက်က သဘောတူမယ်၊ အာမခံချက် ရမယ်ဆိုရင် အချိန်မရွေး လက်မှတ်ထိုးမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြောထားပါတယ်။ပထမ အချက်က လက်မှတ်ထိုးမှုမှာ ပါဝင်ရမယ့် အဖွဲ့တွေ ဖြစ်ပါတယ်။ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်အဖွဲ့တွေကို လက်မှတ်ထိုးမှုမှာ ဖယ်ထားဖို့ အစိုးရက လိုလားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေက ဒီသုံးဖွဲ့ပါမှ လက်မှတ်ထိုးမယ်လို့ ပြောပါတယ်။ဒီအချက်က မကြာသေးမီက ကိုးကန့် အပါအဝင် တအာင်း၊ ရခိုင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ထားတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ပါ သက်ဆိုင်နေပါတယ်။ဒုတိယ တစ်ချက်က စာချုပ် လက်မှတ်ထိုးတဲ့အခါ ပါဝင်ရမယ့် အသိသက်သေတွေ ဖြစ်ပါတယ်။ ဒါကို နှစ်ဖက်ညှိနှိုင်းမှုတွေ ဆက်လုပ်ရပါဦးမယ်။တတိယ တစ်ချက်က လုံခြုံရေးဆိုင်ရာ ကိစ္စ ဖြစ်ပါတယ်။ အစိုးရဘက်က DDR လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို အရင်လုပ်လိုပါတယ်။ ဒါဟာ စကားလုံးအားဖြင့် ဘာမှမဟုတ်ပေမဲ့ အနှစ်သာရပိုင်းအရ လက်နက်ဖြုတ်သိမ်းရေး၊ လက်နက်ချရေးပဲ ဖြစ်ပါတယ်။တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က SSR လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်ကို အရင် လုပ်လိုပါတယ်။ လက်နက်ဖြုတ်သိမ်းတာ မဟုတ်ဘဲ ဘယ်လို လုပ်ဆောင်မလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။အစိုးရဘက်က SSR အဆိုတင်မှုကို လက်မခံပါဘူး။ DDR ကိုပဲ တန်းသွားဖို့ လိုလားပါတယ်။ ဒီအချက်က တပ်နေရာ ချထားရေးတွေနဲ့ သက်ဆိုင်နေသလို လုပ်ထုံးလုပ်နည်း၊ နည်းနာပိုင်း ပြဿနာ လည်း မဟုတ်ပါဘူး။ အရင်းခံ ပြဿနာ ဖြစ်ပါတယ်။ ဒါပေမဲ့ MPC ကတော့ ဒါကို အရင်းခံပြဿနာလို့ မယူဆပဲ လုပ်ထုံးလုပ်နည်း၊ နည်းနာပိုင်း ပြဿနာလို့ ပုံဖော်ထားပါတယ်။အခုထိ ရှိနေဆဲဖြစ်တဲ့ တိုက်ပွဲတွေ၊ သံသယတွေနဲ့ ယခင် ကျိုးပျက်ခဲ့တဲ့ သဘောတူညီချက် စာချုပ်တွေကြောင့် အစိုးရပိုင်းက လိုလားတဲ့ DDR ပုံစံဟာ အလွယ်တကူ ဖြစ်လာနိုင်ခြေ မရှိပါဘူး။ဒါ့အပြင် DDR ဖြစ်ဖို့ ဆွေးနွေးမှုတွေက နိုင်ငံတကာမှာတောင် နှစ်နဲ့ချီ ကြာမြင့်လေ့ ရှိပါတယ်။လုံခြုံရေးဆိုင်ရာ ကိစ္စရပ် ပြေလည်မှု မရှိရင် ငြိမ်းချမ်းရေး ဆိုတာလည်း အရှည်တည်တံ့မှာ မဟုတ်ပါဘူး။ အပစ်ရပ်စာချုပ် မူကြမ်းမှာ ဖွင့်ဆိုထားချက်အရ လက်မှတ်ထိုးပြီးရင် ၂၄ နာရီအတွင်း အောက်ခြေတပ်ဖွဲ့ဝင်တွေကို အသိပေးရမယ်။ နောက်ထပ် ၁၄ ရက်အတွင်း တပ်နေရာချထားရေးကို ဆွေးနွေးရမယ်လို့ ဆိုထားပါတယ်။ဒါကလည်း ထင်သလောက် မလွယ်ကူနိုင်ပါဘူး။နောက်တစ်ချက် လက်ရှိ ရွေးကောက်ပွဲ မတိုင်မီ အချိန်မှာတင် အစိုးရအဖွဲ့ရော၊ တပ်မတော်မှာပါ အပြောင်းအလဲတွေ ရှိနေမှာ ဖြစ်ပါတယ်။ဥပမာ အနေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဆက်တိုက်ပါဝင်ခဲ့တဲ့ တပ်မတော် အရာရှိကြီးတွေ အငြိမ်းစားယူပြီး ရွေးကောက်ပွဲ ဝင်မယ်၊ တိုင်းနဲ့ပြည်နယ် အသီးသီးက ဝန်ကြီးချုပ်တွေ အပြင် နယ်လုံဝန်ကြီးတွေအားလုံး ရာထူးက ထွက်ပြီး ရွေးကောက်ပွဲ ဝင်ကြမယ် ဆိုရင် တပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေမှာ ညှိနှိုင်းဖို့ အခက်အခဲ ရှိလာမှာ ဖြစ်ပါတယ်။ ဒီအခါ သေးငယ်တဲ့ ထိတွေ့မှုတွေကနေ ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။အခုလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ ဒီတိုက်ပွဲ အများစုမှာ ဖြစ်ပွားရတဲ့ အကြောင်းအရင်းက တပ်နေရာ ချထားမှု အတိအကျ မရှိတာနဲ့ အများဆုံး သက်ဆိုင်နေပြီး နယ်ကျွံမှု ဖြစ်တာ၊ ထိုးစစ်အသွင်ဆောင်တဲ့ တပ်လှုပ်ရှားမှု လုပ်တာတွေကလည်း အကြောင်းအရင်းတစ်ရပ် ဖြစ်နေပါတယ်။■ မရေရာသေးတဲ့ အခြေအနေရွေးကောက်ပွဲ မတိုင်ခင်မှာ အပစ်ရပ် NCA စာချုပ် လက်မှတ်ရေးထိုးလိုခြင်း ကိစ္စမှာ Political Credit ရလိုခြင်းက အဓိက ကျနေပါတယ်။အခုချိန်မှာ Political Credit လိုချင်နေတာက သမ္မတ ဦးသိန်းစိန်၊ MPC နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဖြစ်ပြီး ကုလသမဂ္ဂနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် ငွေကြေး ထောက်ပံ့နေတဲ့ နိုင်ငံတစ်ချို့လည်း ပါဝင်ပါတယ်။ သူတို့က အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ ဖိအားပေးနေတာပါ။သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့က ရွေးကောက်ပွဲအတွက် Political Credit ရလိုတာပါ။ MPC က သူတို့ ဆက်လက်ရပ်တည်နိုင်ဖို့ Political Credit လိုချင်တာပါ။ကုလသမဂ္ဂ အပါအဝင် မြန်မာ့ငြိမ်းချမ်းရေးကို ငွေကြေးကူညီ ထောက်ပံ့မှု ပေးနေတဲ့ နိုင်ငံတွေကလည်း သူတို့ရဲ့ ကူညီထောက်ပံ့မှုတွေ ရလာဒ်ပေါ်ချင်ပါတယ်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာလည်း သဘောကွဲမှုတွေ ရှိနေပါတယ်။ အင်အားကြီး ‘ဝ’ နဲ့ မိုင်းလားအဖွဲ့တွေက NCA ကို လက်မှတ်ထိုးမှာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲ ရောက်မှ ဝင်ပါမယ်လို့ ဆိုပါတယ်။ သူတို့ မပါရင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးလို့ သတ်မှတ်ရ ခက်ပါလိမ့်မယ်။ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ကို အစဉ်တစိုက် တောင်းဆိုနေတဲ့ KIO အဖွဲ့ထဲမှာလည်း သဘောကွဲနေတာတွေ ရှိပါတယ်။ ရသလောက် ယူမယ်ဆိုတဲ့ သူတွေ ရှိသလို၊ မူလ ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း လုပ်မယ် ဆိုသူတွေလည်း ရှိပါတယ်။ထူးခြားတာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ KIO ရဲ့ ထိပ်ပိုင်းကိုယ်စားလှယ် အနေနဲ့ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ အခန်းကဏ္ဍ မှေးမှိန်နေပါတယ်။ သူ့ရဲ့ အခန်းကဏ္ဍ မှေးမှိန်မှုဟာ မတ် ၃၁ ရက်က သဘောတူညီမှု ရခဲ့တဲ့ NCA မူကြမ်း ထွက်ပေါ်ပြီးချိန်မှာ ပိုပြီး ထင်ရှားလာပါတယ်။ဒီအတိုင်းပဲ KNU မှာလည်း အပြောင်းအလဲတွေ ရှိနေပါတယ်။ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထူထောင်ခဲ့သူ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းတို့ရဲ့ ခြေလှမ်းတွေ နောက်ပြန်ဆုတ်ထားပါတယ်။သူတို့နေရာမှာ ယုံကြည်ချက် ခိုင်မာပြီး KNU အဖွဲ့အတွင်း သဘောထား တင်းမာသူတွေကို ဦးဆောင်ထားသူလို့ သတ်မှတ်ခံထားရတဲ့ KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန် ပိုပြီး နေရာရလာပါတယ်။နော်စီဖိုးရာစိန်ဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နေရာမှာ အစားထိုး ဖွဲ့စည်းထားတဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ (SD) ရဲ့ ခေါင်းဆောင်နေရာ ရောက်လာပါတယ်။အခုချိန်မှာ နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်းနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ကို အဖွဲ့ခေါင်းဆောင် နေရာပေးပြီး ဖွဲ့စည်းထားတဲ့ NCCT ထက် SD က ပိုပြီး သြဇာကြီးပါတယ်။အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ ဒီလို အပြောင်းအလဲတွေ ရှိနေပေမယ့် သူတို့မှာ တူညီတဲ့ အချက်တစ်ခု ရှိနေပါတယ်။ အဲဒါက ကိုးကန့်၊ တအာင်း၊ ရခိုင် အဖွဲ့သုံးဖွဲ့စလုံး ပါဝင်မှာ NCA ကို လက်မှတ်ထိုးမယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။လာမယ့် သြဂုတ်လ ဆွေးနွေးပွဲမှာတော့ NCCT အဖွဲ့ဝင် လက်နက်ကိုင်တိုင်း NCA လက်မှတ်ထိုးခွင့် ရှိရေး၊ မရှိရေးနဲ့ လုံခြုံရေးဆိုင်ရာ DDR/SSR ကိစ္စတွေက အရေးကြီးဆုံးပါပဲ။ ဒီနှစ်ချက်ကို အစိုးရက သဘောတူရင် NCA စာချုပ် လက်မှတ်ထိုးနိုင်ပါလိမ့်မယ်။တစ်ဖက်မှာလည်း Political Credit အရ NCA စာချုပ်ကို ရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ရေးထိုး လိုသူတွေ ရှိနေပေမဲ့ ငြိမ်းချမ်းရေးနဲ့ NCA စာချုပ်က တိုင်းရင်းသားပြည်သူ အားလုံးနဲ့ သက်ဆိုင်နေပါတယ်။မည်ကာမတ္တ စာချုပ်တစ်ခုပဲ ဖြစ်နေမယ်၊ ယခင် ချုပ်ဆိုခဲ့ဖူးတဲ့ စာချုပ်တွေလိုပဲ အချိန်တိုအတွင်း ပြန်ပြီး ပျက်ပြယ်သွားမယ် ဆိုရင် မြေစာပင်ဘ၀ ပြန်ရောက်ရမယ့် သူတွေက တိုင်းရင်းသား ပြည်သူတွေ ဖြစ်ပါတယ်။တကယ်လို့ Political Credit ရဖို့ လက်မှတ်ထိုးခိုင်းမယ် ဆိုရင် ဖြေရှင်းရမယ့် အဓိက ပြဿနာ နှစ်ခု ရှိပါတယ်။ တစ်ခုက အရင်းခံ ပြဿ နာ ဖြစ်ပါတယ်။ ဒါကို မဖြေရှင်းနိုင်ရင် အချိန်တိုအတွင်း စာချုပ် ပျက်ပြယ်နိုင်တာ ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်က လုပ်ထုံးလုပ်နည်း နည်းနာပိုင်း ပြဿနာ ဖြစ်ပါတယ်။ ဒါကို မဖြေရှင်းနိုင်ရင် အရင်းခံ ပြဿနာ ကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အခုချိန်မှာ အရေးကြီးဆုံးက NCA စာချုပ် လက်မှတ်ထိုးရေး မဟုတ်ပါဘူး။ ရရှိထားတဲ့ သဘောတူညီချက်တွေနဲ့ ဒေသအလိုက် အပစ်အခတ် ရပ်စဲရေးကို တည်ငြိမ်အောင် လုပ်ဖို့ ဖြစ်ပါတယ်။လူကို အခြေခံတာ မဟုတ်ဘဲ မူကို အခြေခံပြီး ဆွေးနွေးထားတာ ဆိုရင် နောက်အစိုးရ လက်ထက် ရောက်လာရင်လည်း ခိုင်မာတဲ့ အပစ်ရပ်စာချုပ်ဖြစ်ဖို့ ဆက်ပြီး ဆွေးနွေးနိုင်ပါလိမ့်မယ်။ လူပြောင်းပေမဲ့ မူမပြောင်းရင် ဆက်ပြီး ဆွေးနွေးလို့ ရပါတယ်။ ဒါကြောင့် လူပြောင်းရုံနဲ့ မူမပြောင်းနိုင်အောင် ခိုင်မာတဲ့ ကတိကဝတ်တွေ ရယူထားဖို့ပဲ လိုပါတယ်။အခုချိန်မှာတော့ အပစ်ရပ် စာချုပ် NCA လက်မှတ်ထိုးရေးဟာ အခြေခံကျကျ အချက်အလက်နဲ့ စဉ်းစားရင် ဖြစ်နိုင်ခြေ နည်းနေပါတယ်။
ပြီးခဲ့သည့် ဇွန်လဆန်းက KNU ထိန်းချုပ်နယ်မြေ လောခီးလာ၌ ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံမှ ဆုံးဖြတ်ချက်များ(အဆိုပါ ထိပ်သီးညီလာခံတွင် မတ် ၃၁ ရက်က အတည်ပြုခဲ့သော NCA အတည်ပြုမူကြမ်းကို ဆွေးနွေးခဲ့ပြီး ထိုမူကြမ်းကို ပြင်ဆင် ဖြည့်စွက်ရန် အချက် ၁၂ ချက် ထွက်ပေါ်ခဲ့သည်။ ယင်း ၁၂ ချက်ကို မူတည်၍ ပြီးခဲ့သည့် ဇူလိုင် ၂၂ နှင့် ၂၄ ရက်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ထပ်မံ ဆွေးနွေးခဲ့ရာ ပြီးပြတ်ခြင်း မရှိသေးဘဲ ကျန်ရှိနေသော အဓိကအချက် သုံးချက်ကို လာမည့် သြဂုတ်လတွင် ထပ်မံ ဆွေးနွေးကြမည် ဖြစ်သည်)(၁) NCA အတည်ပြုမူကြမ်း နိဒါန်း ခြေဆင်းစာပိုဒ်ပါ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ယခင်က သဘောတူ ချုပ်ဆိုခဲ့သော သဘောတူညီချက်များအား” ဆိုသည့် စာသားအား ဖျက်၍ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်သည် ယခင်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များအား” ဟူသော စကားရပ်ဖြင့် ပြင်ဆင်ဖြည့်စွက်ရန် ဆုံးဖြတ်သည်။(၂) NCA အတည်ပြုမူကြမ်း အခန်း(၁)၊ အခြေခံမူများ၊ ခြေဆင်းစာပိုဒ်ပါ “ဤသဘောတူ စာချုပ်၏ အခြေခံမူများအတိုင်း ဆောင်ရွက်သွားရန် သဘောတူကြသည်” ဆိုသည့် စာသားတွင် “ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် အောက်ပါ အခြေခံမူများနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်” ဟူသည့် စာသားဖြင့် အစားထိုးရန် ဆုံးဖြတ်သည်။(၃) NCA အတည်ပြုမူကြမ်း အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ အပိုဒ် (၃) ပါ (သို့မဟုတ်) “နှစ်ဖက် သဘောတူ သတ်မှတ်ထားသည့် ရက်အတွင်း” ဆိုသည့် စာသားအား ပယ်ဖျက်ရန် ဆုံးဖြတ်သည်။ (NCA အတည်ပြုမူကြမ်း အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ အပိုဒ် (၃)တွင် “ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည့် နေ့မှစ၍ ၁၄ ရက်အတွင်း သို့မဟုတ် နှစ်ဖက်သဘောတူ သတ်မှတ်ထားသည့် ရက်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းကာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို တိကျသော အချိန်ဇယား၊ သတ်မှတ် အကောင်အထည် ဖော်ဆောင်ရေးများ ပြုလုပ်သွားရန် သဘောတူသည်” ဟု ဖော်ပြထားသည်)(၄) NCA အတည်ပြုမူကြမ်း အခန်း(၁)၊ အပိုဒ် ၁(က) ပါ “နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့် အညီ” ဟူသော စာသားနှင့် ပတ်သက်၍ NCA အတည်ပြု မူကြမ်းပါ စာသားအတိုင်း ဆက်လက်အသုံးပြုသွားရန် ဆုံးဖြတ်သည်။(၅) NCA အတည်ပြုမူကြမ်း အခန်း(၃)၊ အပိုဒ် (၉)-(ဇ) ပါ “ဥပဒေနှင့် အညီ” ဆိုသည့် စာသားအား ပယ်ဖျက်ရန် ဆုံးဖြတ်သည်။ (NCA အတည်ပြု မူကြမ်း အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ အခန်း၊ အရပ်သားများကို အကာအကွယ်ပေးခြင်း ခေါင်းစဉ်အောက်ရှိ အပိုဒ် (၉)၊ အပိုဒ်ခွဲ (ဇ)တွင် “ဥပဒေနှင့် အညီ ပညာသင်ကြားရေး ဆိုင်ရာ အခွင့်အရေးများကို နှောင့်ယှက် ပိတ်ပင်ခြင်း၊ ပညာရေးဆိုင်ရာ ပစ္စည်းများနှင့် အတူ စာသင်ကျောင်း၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ပညာရေး ဝန်ထမ်းများနှင့် ပညာသင်ယူ နေသူများကို နှောင့်ယှက် ဟန့်တားခြင်း မပြုရ” ဟု ဖော်ပြထားသည်)(၆) NCA အတည်ပြုမူကြမ်း အခန်း (၃)၊ အပိုဒ် ၁၀ (က) ပါ “နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက် ရယူပြီး” ဆိုသည့် စာသာအား ပယ်ဖျက်ရန် ဆုံးဖြတ်သည်။ (NCA အတည်ပြုမူကြမ်း အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ အခန်း၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ခေါင်းစဉ်အောက်ရှိ အပိုဒ် (၁၀)၊ အပိုဒ်ခွဲ (က) တွင် “ပြည်တွင်းနေရပ် စွန့်ခွာ တိမ်းရှောင်သူများ (IDPs) နှင့် ပဋိပက္ခဒဏ် ခံစားရသူများအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးခြင်းနှင့် စပ်လျဉ်းပြီး NGO နှင့် INGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများအား နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက် ရယူပြီး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတ်ဆိုင်ရာ အစိုးရ ဌာနများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ရန်” ဟု ဖော်ပြထားသည်)(၇) NCA အတည်ပြုမူကြမ်း အခန်း (၅)၊ နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း အပိုဒ် ၂၀ (ဂ)ပါ “လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ” ဆိုသည့် စာသားမှ “ပြန်လည် ပေါင်းစည်းခြင်း” စာသားကို ပယ်ဖျက်ပြီး “လုံခြုံရေး ကိစ္စရပ်များ” ဟူသည့် စာသားအား အသုံးပြုရန် ဆုံးဖြတ်သည်။ (NCA အတည်ပြု မူကြမ်း အခန်း (၅)၊ နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း အပိုဒ် (၂၀)၊ အပိုဒ်ခွဲ (ဂ)တွင် “ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စများ၊ လုပ်ငန်းများကို ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် နှစ်ဖက် သဘောတူညီသော ကြိုတင် ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း” ဟု ဖော်ပြထားသည်) (၈) NCA အတည်ပြုမူကြမ်း အခန်း (၅)၊ နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း အပိုဒ် ၂၀(စ)ပါ စာသားအား “ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း” ဆိုသည့်အတိုင်း ဆက်လက် အသုံးပြုရန် အတည်ပြု ဆုံးဖြတ်သည်။(၉) NCA အတည်ပြု မူကြမ်း အခန်း (၆) ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ အပိုဒ် ၂၅(က) တွင် “မြေယာနှင့် သယံဇာတ စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များ” ကို အပိုဒ်ခွဲ (၇)အဖြစ် ထပ်မံ ဖြည့်စွက်ရန် ဆုံးဖြတ်သည်။ (NCA အတည်ပြု မူကြမ်း အခန်း (၆) ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ အပိုဒ် (၂၅)၊ အပိုဒ်ခွဲ (က) တွင် “ဤ သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့နှင့် သက်ဆိုင်သည့် အပစ်ရပ် နယ်မြေများအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် မိမိတို့ အဖွဲ့အစည်း၏ အတိုင်းအတာအရ တာဝန်ယူနေကြရသော အဖွဲ့အစည်းများ ဖြစ်ကြသည့် အားလျော်စွာ အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပ အကောင်အထည်ဖော်နေသည့် ကာလအတွင်း ၎င်းနယ်မြေများတွင် နှစ်ဖက်ညှိနှိုင်းပြီး အောက်ပါ ကိစ္စရပ်များကို ဆောင်ရွက်သွားရန် သဘောတူသည်။ (၁) ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ (၂) သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ (၃) တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ၊ (၄) ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေဆိုင်ရာ ကိစ္စရပ်များ၊ (၅) ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ အလှူရှင် အဖွဲ့အစည်းများ၏ အကူအညီ ရယူခြင်းဆိုင်ရာ ကိစ္စရပ်များ၊ (၆) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ” ဟု မူလပြဋ္ဌာန်းချက်တွင် ပါရှိသည်)(၁၀) NCA အတည်ပြုမူကြမ်း အခန်း (၆)၊ ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ အပိုဒ် ၂၅ (ခ)ပါ “ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်” ဆိုသည့် စာသားတွင် “နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူညီမှု ရယူ၍” ဟု ဖြည့်စွက်ရန် ဆုံးဖြတ်သည်။ (NCA အတည်ပြုမူကြမ်း အခန်း(၆) ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ အပိုဒ် (၂၅)၊ အပိုဒ်ခွဲ (ခ)တွင် “ပစ်ရပ်ဒေသအတွင်း ဒေသခံ ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှု ကြီးမားသော စီမံကိန်းများကို လုပ်ဆောင်ရန် ရှိပါက သဘာ၀ သယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI) ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံ ပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့နှင့် ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်” ဟု မူလက ဖော်ပြထားသည်)(၁၁) NCA အတည်ပြုမူကြမ်း အခန်း (၇)၊ အပိုဒ် ၂၇ ပါ “စာချုပ်၏ အခြေခံမူများ” အစား “စာချုပ်၏ မူများ” ဟု ပြင်ဆင်ရေးသားရန် သဘောတူ ဆုံးဖြတ်သည်။(၁၂) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အတည်ပြု မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ချက်များနှင့်အတူ ဤထိပ်သီး အစည်းအဝေးကြီးက အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ်ရေးအတွက် မရေရာသေးပါ
Most Read
Most Recent
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago