အာဏာအား လက်နက်ကိုင်ရယူထားခြင်းကို မလိုလားဘဲ တိုင်းပြည်အား ဥပဒေနှင့်အညီ စီမံခန့်ခွဲမှုကိုသာ လိုလားကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၄ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E.Mr.Thierry MATHOU အား လက်ခံတွေ့ဆုံစဉ် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ အနာဂတ် ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးမှုအပေါ် ထင်မြင်ယူဆချက်အား မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြဝတီသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
“တပ်မတော်၏ ဆန္ဒမှာ အာဏာကို လက်နက်ကိုင်ပြီး ရယူထားခြင်းကို မလိုလားပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ဥပဒေအရသာ ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများရှိကြောင်း၊ ၎င်းအုပ်ချုပ်ရေးအဖွဲ့အစည်းကို အထောက်အကူပြုသည့် တရားသူကြီး၊ ရဲတပ်ဖွဲ့ကဲ့သို့ တရားဥပဒေထိန်းသိမ်းရေးအဖွဲ့များလည်း ရှိကြောင်း၊ ယင်းတို့၏ လုပ်ပိုင်ခွင့်များလည်း ရှိကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် ထို့ထက်ပိုပြီး စွမ်းဆောင်နိုင်သည့် အဖွဲ့အစည်းများရှိပြီး တိုင်းပြည်ကို ဥပဒေနှင့်အညီ စီမံခန့်ခွဲမှုကိုသာ လိုလားကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်အကြီးအကဲများ၏ ခရီးစဉ်များ၊ လေ့ကျင့်ရေးသင်တန်းကိစ္စရပ်များ၊ စစ်သံမှူး ထားရှိရေးကိစ္စရပ်များ အပါအဝင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှုပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်၏ အခန်းကဏ္ဍဆိုင်ရာများကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး ဧည့်သည်တော် သံအမတ်ကြီး၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အနာဂတ်ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်၏ ဖြတ်သန်းလာမှုသမိုင်းတွင် ပြည်တွင်းသောင်းကျန်းမှု ပြဿနာများရှိခဲ့ကြောင်း၊ လက်ရှိ အခြေအနေအထိလည်း မတည်ငြိမ်သေးပါကြောင်း၊ ၎င်းအပြင် တပ်မတော်အနေဖြင့် နိုင်ငံရေးတည်ငြိမ်မှု၊ လုံခြုံရေးတည်ငြိမ်မှု၊ နိုင်ငံရေးအာမခံချက်ကိုလည်း ထည့်သွင်းစဉ်းစားရကြောင်း၊ တိုင်းပြည်၏ နိုင်ငံရေးဦးဆောင်သူအနေဖြင့်လည်း ခိုင်ခိုင်မာမာ ဖြစ်နေရန်လိုကြောင်း၊ ခိုင်မာစွာ ဆောင်ရွက်နိုင်ရန်လည်း ဝိုင်းဝန်းအထောက်အပံ့ပြုနေရမည် ဖြစ်ကြောင်း၊ ထိုသို့ထောက်ပံ့မှုကဏ္ဍအနေဖြင့်လည်း မှန်မှန်ကန်ကန် ရှိနေရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့ပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု အာမခံချက်ရှိရန် အရေးကြီးကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရန် ၊ နိုင်ငံရေးတည်ငြိမ်မှုရှိရန်၊ နောက်ကွယ်မှ တွန်းအားပေးနေသည့် နိုင်ငံ၊ အဖွဲ့အစည်းများအနေဖြင့်လည်း တပ်မတော်အပေါ် မှန်မှန်ကန်ကန် သိမြင်ရန်လိုကြောင်း၊ ထိုအာမခံမှုများ ရှိလာပါက တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်နှင့်အတူ ရှိရမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ချိန်တွင် ပြင်ရန်ရှိကြောင်းနှင့် ယခုအချိန်မတိုင်သေးဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိလိုသည်မှာ တပ်မတော်၏ ဆန္ဒပင်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
အာဏာအား လက်နက်ကိုင်ပြီး ရယူထားခြင်းကို မလိုလားကြောင်း၊ တိုင်းပြည်အား ဥပဒေနှင့်အညီ စီမံခန့်ခွဲမှုကိုသာ လိုလားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား