ဖြူး မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အတည်ပြု

ဖြူး မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း အတည်ပြု
Published 25 July 2015
ငြိမ်းကို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ  ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်း၏ ဇာတိဖြစ်သည့် ဖြူး မြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာမှ တစ်ဆင့် ဇူလိုင် ၂၄ ညပိုင်းက အတည်ပြု ထုတ်ပြန်ခဲ့သည်။
 
သူရဦးရွှေမန်းသည် ဇူလိုင် ၂၄ ရက်က ဖြူးမြို့ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ နှင့် တွေ့ဆုံကာ ရွေးကောက်ပွဲအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဖြူးမဲဆန္ဒနယ်မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
 
ဖြူးမြို့ က ညွှတ်ကွင်းကျေးရွာတွင် မွေးဖွားခဲ့သူ သူရဦးရွှေမန်းသည် တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။