ပထမအကြိမ် (၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများ ခေတ္တရပ်နားလိုက်ပြီး သြဂုတ် ၁၀ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ဇူလိုင် ၂၃ ရက်က ရပ်နားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများကို ဇူလိုင် ၂၄ ရက်တွင် ရပ်နားခဲ့ကာ ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများသည် (၁၂) ကြိမ်မြောက်သာဖြစ်ကြောင်း သိရသည်။(၁၂) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၄၃၆(က)နှင့် ပုဒ်မ ၄၃၆(ခ)တို့တွင် အကျုံးဝင်သည့် ပုဒ်မများအား ပြင်ဆင်ရန်ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ပုဒ်မ ၄၃၆(က)နှင့် အကျုံးဝင်သည့် ပုဒ်မ ၅၉(ဃ)တွင်ပါရှိသော "စစ်ရေး" စကားရပ်အား "ကာကွယ်ရေး" စကားရပ် ပြင်ဆင်ချက်အားပြင်ဆင်ရန်နှင့် ပုဒ်မ ၄၃၆(ခ) နှင့် အကျုံးဝင်သည့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်များ၏ ဥပဒေပြုစာရင်း၊ ကောက်ခံရမည့်အခွန်အခ စုစုပေါင်း ၅၄ ချက် ထပ်မံဖြည့်စွက်ချက်အား ပြင်ဆင်အတည်ပြုခြင်းတို့သာ ဆောင်ရွက်နိုင်ခဲ့သည်။ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများသည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဥပဒေများတွင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးခွင့်ပေးထားမှုအား ပါတီစကားရပ်ပယ်ဖျက်၍ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးခွင့်အဖြစ် ပြင်ဆင်သည့် ဥပဒေကြမ်းသုံးခုကို အတည်ပြုနိုင်ခဲ့ပြီး ဥပဒေအဖြစ်ထုတ်ပြန်နိုင်ရေး နိုင်ငံတော်သမ္မတထံပေးပို့ထားပြီး ဖြစ်သည်။သို့ရာတွင် အလားတူကိစ္စရပ်ဖြစ်သည့် ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဝင်များ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးခွင့်အား ပြင်ဆင်သည့်ဥပဒေကြမ်းသုံးခုမှာ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲပြီး ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူများသည့်အတွက် ဥပဒေကြမ်းများအား အတည်ပြုခြင်း မဆောင်ရွက်နိုင်ခဲ့ပေ။ထို့အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်လည်း မေးခွန်းမေးမြန်းမှုများနှင့် ဝန်ကြီးဌာနများမှ ၎င်းတို့ဌာနအလိုက် စီမံခန့်ခွဲရသည့် ဥပဒေအချို့အား ပြင်ဆင်သည့်ဥပဒေကြမ်းများ တင်သွင်းခြင်းနှင့် ဥပဒေအဟောင်းများအား ခေတ်နှင့်အညီ လျော်ညီစွာ ပြန်လည်ရေးဆွဲတင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသည့်ရက်မှာ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၈ ရက်ဖြစ်သဖြင့် လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။ပြန်လည်ကျင်းပမည့် (၁၂) ကြိမ်မြောက်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ထပ်မံတောင်းခံမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ် ဖြည့်စွက်ရန်ပုံငွေအား ဆွေးနွေးအတည်ပြုခြင်း၊ အတည်ပြုရန်ကျန်ရှိနေသည့် ဥပဒေကြမ်းများဆွေးနွေး အတည်ပြုခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် (၁၂) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများ ခေတ္တရပ်နားပြီး သြဂုတ် ၁၀ ရက်တွင် ပြန်လည်ကျင်းပမည်