အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရာ၌ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း အချက်အပါအဝင် အချက်သုံးချက်ကို နှစ်ဖက်ညှိနှိုင်းမရ၍ သြဂုတ် ၂ ရက်တွင် ထပ်မံတွေ့ဆုံ ညှိနှိုင်းမည်

အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရာ၌ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း အချက်အပါအဝင် အချက်သုံးချက်ကို နှစ်ဖက်ညှိနှိုင်းမရ၍ သြဂုတ် ၂ ရက်တွင် ထပ်မံတွေ့ဆုံ ညှိနှိုင်းမည်
Published 24 July 2015
ဇာလီမြင့်ဦး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အဆိုပြုထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ရေးထိုးနိုင်ခြင်း ရှိ မရှိ အပါအဝင် အချက်သုံးချက်ကို အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) တို့အကြား ညှိနှိုင်းမရသဖြင့် နှစ်ဖက်ခေါင်းဆောင်များထံ ပြန်လည်တင်ပြ၍ သဘောထားရယူကာ သြဂုတ် ၂ ရက်တွင် ထပ်မံတွေ့ဆုံဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များသည် ဇွန်လက ကရင်ပြည်နယ် လော်ခီးလာဒေသတွင်ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးမှ ထွက်ပေါ်လာသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား ပြန်လည်ဖြည့်စွက်ပြင်ဆင်ချက် ၁၃ ချက်နှင့်ပတ်သက်၍ ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။အဆိုပါသုံးရက်တာဆွေးနွေးပွဲတွင် လော်ခီးလာအစည်းအဝေး တောင်းဆိုချက်များမှ အချက် ၁၀ ချက်အား ညှိနှိုင်းသဘောတူညီနိုင်ခဲ့သော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရာတွင် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ မည်သည့်ပုဂ္ဂိုလ်များ ပါဝင်လက်မှတ်ရေးထိုးမည်ဟူသောအချက်၊ လက်မှတ်ရေးထိုးရာတွင် နိုင်ငံတကာသက်သေများ ဖိတ်ကြားမှုအပိုင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တောင်းဆိုထားသည့် လက်မှတ်ရေးထိုးရာတွင် လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေးထိုးနိုင်ခြင်း ရှိ၊ မရှိ စသည့်အပိုင်းတို့မှာ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေခြင်းဖြစ်သည်။ဆွေးနွေးပွဲမှ ညှိနှိုင်းရန်ကျန်ရှိသည့် အချက်များနှင့်ပတ်သက်၍ UPWC အနေဖြင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ UPCC နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ တင်ပြသွားမည်ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အနေဖြင့်လည်း လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ဖွဲ့စည်းထားသည့် command center သို့တင်ပြကာ ဆုံးဖြတ်ချက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။UPWC အလုပ်အဖွဲ့ဝင် Myanmar Peace Center မှ ဦးလှမောင်ရွှေက "သုံးချက်ဆိုတဲ့အထဲမှာတော့ နှစ်ချက်ကတော့ အကြမ်းအားဖြင့်တော့ သဘောတူတယ်လို့ပြောမယ်ဆိုရင်တောင်မှ ရတဲ့အဆင့်ပေါ့။ တစ်ချက်လောက်ညှိပြီးရင်တော့ စာချုပ်ကတော့ ပြီးသွားတာပေါ့။ စာချုပ်ပြီးလို့ လက်မှတ်ရေးထိုးရမှာပေါ့။ နှစ်ဖက်လက်မှတ်ထိုးပြီးတာနဲ့ လိုက်နာရမှာပေါ့။ လိုက်နာရာမှာ နှစ်ဖက်လိုက်နာဖို့ ခက်ခဲတဲ့အဖွဲ့တွေအနေနဲ့ပြောတဲ့သဘောပါပဲ။ ကျန်တဲ့အဖွဲ့တွေကိုလည်း ချန်မထားဘူး။ ဒီနေ့ဆွေးနွေးပွဲမှာလည်း နည်းလမ်းရှာမယ်။ ဘယ်လိုဆက်သွားမလဲဆိုတာကို တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း အာမခံချက်တစ်ခုအနေနဲ့ တောင်းတာရှိတယ်။ အစိုးရဘက်ကလည်း ဒါကို ကျွန်တော်တို့ နောက်ဆွေးနွေးပွဲမှာ ပြန်ပြီးတော့ ဆွေးနွေးဖို့ရှိတဲ့အတွက် ချန်ထားတယ်လို့ ကျွန်တော်တို့ဘက်ကမပြောနိုင်ဘူး" ဟုပြောကြားသည်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (အတည်ပြုမူကြမ်း)ပါအချက်များမှ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်ကိုလည်း အဖွဲ့အစည်းအသီးသီးရှိ ခေါင်းဆောင်များထံ ပြန်လည်တင်ပြကာ ဆုံးဖြတ်ချက်ရယူရန်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံးက ပြောကြားသည်။

အပစ်ရပ်စာချုပ် ညှိနှိုင်းမှုဆွေးနွေးပွဲအပြီး နှစ်ဖက်ကိုယ်စားလှယ်များအား ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ပူးဇင်ကျုံးက "အားလုံးပါဝင်နိုင်ရေးမှာ ကျွန်တော်တို့ ဒီတိုင်းရင်းသားတွေဘက်ကတင်ပြတဲ့ NCCT အဖွဲ့ဝင် အဖွဲ့အစည်း ၁၆ ဖွဲ့အပါအဝင် ၁၇ ဖွဲ့ပေါ့။ ဒါကျွန်တော်တို့ အနည်းဆုံးပါဝင်ဖို့အတွက် တင်ပြထားတာဖြစ်ပါတယ်။ ဆွေးနွေးစဉ်ကာလ တောက်လျှောက်မှာလည်း အဲဒီအားလုံးပါဝင်ရေးမူကို ကျွန်တော်တို့လက်ကိုင်ထားတာဖြစ်ပါတယ်။ ဒီကနေ့ ရှစ်ကြိမ်မြောက်အစည်းအဝေးပွဲမှာလည်း ကျွန်တော်တို့ NCCT အဖွဲ့ဝင်များအားလုံး လက်မှတ်ရေးထိုးဖို့ရာအတွက် ဆွေးနွေးတာဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ ကျွန်တော်တို့ ဒီ NCCT အဖွဲ့ဝင်အဖွဲ့အစည်းထဲက ခြောက်ဖွဲ့ကို လက်မှတ်ရေးထိုးတဲ့နေရာမှာ မပါဝင်နိုင်သေးဘူး။ နောက် ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲမှာမှ ပါဝင်လာနိုင်အောင် အားလုံးပါဝင်ရေးကို ပြန်စဉ်းစားပေးမယ်လို့ ပြန်ပြီးဆွေးနွေးတာရှိပါတယ်ဆိုတော့ ဒီကိစ္စကတော့ မပြီးပြတ်သေးဘူး" ဟု ဆိုသည်။        UPWC ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက နောက်တစ်ကြိမ်ပြုလုပ်မည့် အစည်းအဝေးသည် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အပြီးသတ်အစည်းအဝေးဖြစ်လိုသည့် ဆန္ဒရှိကြောင်း ဆွေးနွေးပွဲအပြီးတွင် ပြောကြားသည်။UPWC နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်တစ်ခုရရှိရေးအတွက် တစ်နှစ်ခွဲကြာညှိနှိုင်းပြီးနောက်၂၀၁၅ ခုနှစ် မတ် ၃၁ ရက်တွင် အပစ်ရပ်စာချုပ်(မူကြမ်း) တစ်ခုကို အတည်ပြုနိုင်ခဲ့သည်။ယင်းမူကြမ်းနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၏ လော်ခီးလာအစည်းအဝေးတွင် သဘောထားရယူခဲ့ရာ ပြန်လည်ဖြည့်စွက်ပြင်ဆင်ချက်များရှိသဖြင့် ဆက်လက်ညှိနှိုင်းရန်အတွက် NCCT ထက် လုပ်ပိုင်ခွင့်ပိုရှိသော အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ အရေးပါသည့်ခေါင်းဆောင်များဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုဆွေးနွေးပွဲသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် အစိုးရနှင့် အဆိုပါကိုယ်စားလှယ်အဖွဲ့တို့၏ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးခြင်းလည်းဖြစ်ကြောင်း သိရသည်။ သြဂုတ် ၂ ရက်တွင်ပြုလုပ်မည့် တွေ့ဆုံညှိနှိုင်းပွဲတွင်မူ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအား အချောသပ်ရေးဆွဲနိုင်မည်ဟု ယူဆကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ပြောကြားသည်။