နီနီခင်ဇော်၏ လတ်တလော ထွက်ရှိထားသည့် ‘အနီရောင်’ တေးစီးရီး အယ်လ်ဘမ်တွင် လက်ဆောင်ထည့်သွင်းပေးခဲ့သည့် ‘မလိုချင်ဘူး စစ်’ Music Video အား ရိုက်ကူးပေးထားသူ ဒါရိုက်တာ မောင်မောင်သာမြင့်မှာ ‘မျှော်လင့်ချက် တစ်စုံတစ်ရာ’ တေးသီချင်း Music Video အပါအဝင် အောင်မြင်သည့် တေးသီချင်းများစွာအား ရိုက်ကူးပုံဖော်ထားသူဖြစ်သည်။ မှတ်တမ်းဇာတ်ကား ရိုက်ကူးသူ၊ Music Video များ ဖန်တီးသူ ဒါရိုက်တာ မောင်မောင်သာမြင့်နှင့် တွေ့ဆုံ၍ Music Video ဖန်တီးမှု အတွေ့အကြုံ အပါအဝင် အနုပညာရေးရာ အဖြာဖြာအား မေးမြန်းဖြစ်ခဲ့ပါသည်။‘မလိုချင်ဘူး စစ်’ Music Video အား ရိုက်ကူးပေးထားသူ ဒါရိုက်တာ မောင်မောင်သာမြင့်နှင့် တွေ့ဆုံခြင်းမေး - ‘မလိုချင်ဘူး စစ်’ ဆိုတဲ့ သီချင်းအတွက် မရိုက်ကူးခင် ပြင်ဆင်ရတဲ့ အပိုင်းကို အရင်သိချင်ပါတယ်။ဖြေ - ပြင်ဆင်ရတဲ့ အပိုင်းတွေကတော့ အများကြီးပဲ။ သီချင်းနဲ့ ပတ်သက်လို့ အကျိုးရှိမယ့်အရာ တစ်ခုခု လုပ်ချင်တယ်။ လုပ်ချင်ပေမယ့်လည်း အခက်အခဲတွေတော့ ရှိပါတယ်။ နီနီကစပြီးတော့ သူ့မှာ ငြိမ်းချမ်းရေးသီချင်းတစ်ပုဒ် ရှိတယ်လို့ ပြောလာတဲ့အခါ စိတ်ဝင်စားသွားပါတယ်။ ကိုဝေလ ရေးတာဆိုတော့ ပိုစိတ်ဝင်စားပါတယ်။ သီချင်းနားထောင်ကြည့်တော့လည်း အရမ်းစိတ်ဝင်စားတယ်။ နီနီသီချင်း အများစုကို ကျွန်တော် ရိုက်ပေးဖြစ်တဲ့ အခါကျတော့ မောင်နှမတွေလို ဖြစ်နေပြီ။ စပြီး စီစဉ်ခဲ့ပါတယ်။ ပါမစ်လျှောက်ရတာ တော်တော်ခက်ပါတယ်။ အဖွဲ့အစည်း ရှစ်ခုလောက်မှာ ပါမစ်လျှောက်ရတယ်။ ပထမဆုံး ပါမစ်လျှောက်ပြီး ရိုက်ခဲ့ရတဲ့ Music Video ပါ။ MTV မထွက်ခင်ကတည်းက MTV ကို မျက်လုံးထဲမြင်နိုင်အောင် စလုပ်တယ်။ အဲဒီအချိန်မှာ ဘယ်သူ့ကို Target ထားမလဲ၊ ဘယ်အကြောင်းအရာကို ပြမလဲဆိုတာ စဉ်းစားပါတယ်။ စစ်နဲ့ ပတ်သက်ပြီး ဘယ်သူတွေ အခံရဆုံးလဲဆိုတာ စဉ်းစားတဲ့အခါ ပြည်သူတွေက အခံရဆုံးဖြစ်တဲ့ အခါကျတော့ ဒုက္ခသည် ပြည်သူတွေကို ဦးစားပေး ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။မေး - ရိုက်ကူးမှု အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။ဖြေ - စရိုက်ကူးတဲ့ အချိန်မှာ ည ၁၀ နာရီလောက်မှ ရှုတင်စဖြစ်တယ်။ ဆက်တင်ဆောက်တဲ့ အခါလည်း ဓနိတွေနဲ့ ဆောက်တဲ့ အခါကျတော့ မိနစ် ၂၀ ပဲ ရိုက်ကူးချိန်ရမယ်။ ဓနိဆိုတော့ လောင်လွယ်တယ်လေ။ အဲဒီအတွက် မိနစ် ၂၀ အတွင်း ဘယ်လိုရိုက်မယ်ဆိုတာ အားလုံးတိုက်ထားရတယ်။ ကံကောင်းချင်တာလား၊ ကံဆိုးချင်တာလားတော့ မသိဘူး။ အဲဒီအချိန်မှာ ဓနိတွေအားလုံးက မိုးစိုပြီး မီးမစွဲဘူး။ ငါးမိနစ် တစ်ခါလောက်ကို ထိုင်ပြီး မီးရှို့နေရတယ်။ စိတ်တိုင်းကျ ရိုက်ဖို့အတွက် အချိန်ရသွားတာပေါ့။မေး - ‘မလိုချင်ဘူး စစ်’ ဆိုတဲ့ သီချင်းအကြောင်းအရာက အများနဲ့ဆိုင်နေတဲ့ အခါကျတော့ Music Video ဖန်တီးရာမှာ ပိုပြီး တာဝန်ကြီးမလား။ဖြေ - တာဝန်ကြီးပါတယ်။ အများနဲ့ဆိုင်တဲ့ အကြောင်းအရာ ဖြစ်တဲ့အတွက် ပိုပြီး တာဝန်ကြီးပါတယ်။ ကျွန်တော်က ကဗျာသိပ်မဆန်ဘူး။ ကျွန်တော်က အမြင်သမားပါ။ ကျွန်တော်မြင်တဲ့ အမြင်တွေနဲ့ ချရေးပြီး ရိုက်ဖြစ်ခဲ့တာပါ။မေး - အရှေ့မှာလည်း နီနီရဲ့ ‘မျှော်လင့်ချက် တစ်စုံတစ်ရာ’ သီချင်းကို ကိုမောင်မောင်သာမြင့် ရိုက်ကူးတာ ပေါက်ခဲ့တဲ့ အခါကျတော့ အခုသီချင်းကျတော့ရော နောက်ထပ်မှတ်တိုင် တစ်ခုလို့ ဆိုနိုင်မလား။ဖြေ - ပြောလို့ရပါတယ်။ ကျွန်တော်တို့ နောက်လုပ်တဲ့ အလုပ်တွေက အဲဒီထက်ညံ့လို့ မရတော့ဘူး။ ဒီထက်ကောင်းအောင်လုပ်ဖို့ တာဝန်ရှိသွားပါတယ်။မေး - Music Video တွေကို ဖန်တီးတဲ့အခါ အရည်အသွေးပိုင်းကို ဘယ်လိုထိန်းထားလဲ။ဖြေ - ပုံမှန် အရည်အသွေး အမြဲထိန်းနိုင်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်လိုချင်တဲ့ အရည်အသွေး ကွက်တိရမှပဲ Product ထုတ်လေ့ ရှိပါတယ်။ တစ်ခါတလေ လူမုန်းခံရတာတွေလည်း ရှိတယ်။ တချို့ကတော့ ကော်ပီပုံစံမျိုး ရိုက်စေချင်တယ်။ ကျွန်တော်ကတော့ အဲဒီလိုမျိုး မရိုက်ဖြစ်ပါဘူး။ သီချင်းရပြီဆိုရင် အရင်နားထောင်ပြီး မျက်လုံးထဲ ပေါ်လာတာကို အရင်ချရေးပါတယ်။ ပြီးရင် ဘယ်လိုဖန်တီးမယ်ဆိုတဲ့ စိတ်ကူးကို ရေးပါတယ်။ Tempo ဘယ်လိုသွားမလဲဆိုတာ စဉ်းစားပါတယ်။မေး - Documentary တွေလည်း ရိုက်နေပြီဆိုတော့ Music Video နဲ့ Documentary နှစ်ခုက ဘယ်လိုကွာခြားလဲ။ဖြေ - Documentary ကတော့ Journalism နဲ့ အများကြီး သက်ဆိုင်ပါတယ်။ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာကို Report လုပ်ရတာပေါ့လေ။ အစစ်အမှန်ကိုသိအောင် အရင်စုံစမ်းရပါတယ်။ ပြီးမှ အဲဒီအစစ်အမှန်အတိုင်း ရိုက်ကူးရတာပါ။ Music Video ကတော့ စိတ်ကူးယဉ်ဆန်ပါတယ်။မေး - နောက်ပိုင်းရော ဘယ်လိုအနုပညာ လှုပ်ရှားမှုတွေ ပိုလုပ်ဖြစ်မလဲ။ဖြေ - ကျွန်တော်က အရင်ကတည်းက ရုပ်ရှင်ရိုက်ချင်တာပါ။ မုဒြာခေါ်သံဇာတ်ကားကို Director of Photography အနေနဲ့ ရိုက်ကူးဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့ကို ပိုပြီးအားသန်ပါတယ်။ Music Video ရိုက်ဖြစ်တာကတော့ ကျွန်တော့်အနုပညာကို လက်သွေးတဲ့ သဘောပါပဲ။ လုပ်ချင်တဲ့ အနုပညာကို ဖန်တီးနိုင်မလားဆိုတာ ကိုယ့်ဘာသာ စမ်းသပ်တဲ့ သဘောပါပဲ။ အတွေ့အကြုံယူတဲ့ သဘောမျိုးပေါ့။ မှတ်တမ်းဇာတ်ကားကတော့ Project တွေရတဲ့ အခါမှာ ရိုက်ဖြစ်သလို တချို့အကြောင်းအရာတွေ ရိုက်သင့်တာမျိုးဆိုလည်း ရိုက်ကူးဖြစ်ပါတယ်။မေး - ရုပ်ရှင်ရိုက်ကူးဖို့ ဆိုရင်ရော Main Stream ကို သွားဖို့ဆိုရင် ဘာတွေလိုအပ်မယ်လို့ ထင်လဲ။ဖြေ - ကျွန်တော် Main Stream က သူတွေနဲ့လည်း ပေါင်းလုပ်ခဲ့ဖူးပါတယ်။ အဆင်မပြေမှုတွေတော့ ရှိတာပေါ့လေ။ ကျွန်တော်တို့သွားတဲ့ Process ချင်း လုံးဝမတူဘူး။ ကျွန်တော်တို့ ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးတွေက ရိုက်ကွင်းပေါ်ရောက်မှ ဇာတ်ညွှန်းရေးလို့ မရဘူး။ အားလုံး ပြင်ဆင်ပုံဖော်ပြီးသား ဖြစ်နေမှရမယ်။ ဒီမှာကတော့ စက်ရုံလိုပုံစံမျိုး ဖြစ်နေတယ်။ အဲဒါတွေကတော့ တော်တော်ကို ညှိနှိုင်းဖို့ လိုအပ်နေပါတယ်။ လောလောဆယ်ကတော့ ကိုယ်လုပ်နိုင်သလောက် အရင်လုပ်ထားတယ်။ ပြီးရင် ရလဒ်ကိုပဲ ပြချင်ပါတယ်။မေး - လောလောဆယ်ရော အနုပညာ ဖန်တီးမှု ဘာတွေထပ်လုပ်ဖြစ်ဖို့ ရှိမလဲ။ဖြေ - ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှတ်တမ်းဇာတ်ကား ရိုက်ကူးနေပါတယ်။ ဒီနှစ်မကုန်ခင်မှာ မုဒြာခေါ်သံ ရုပ်ရှင်ဇာတ်ကားလည်း ထွက်လာပါလိမ့်မယ်။ အဲဒီဇာတ်ကား ပရိသတ်ရှေ့ ရောက်တဲ့အခါ အခြေအနေတွေက တစ်မျိုးတဖုံ ပြောင်းလဲနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
‘မလိုချင်ဘူး စစ်’ Music Video အား ရိုက်ကူးပေးထားသူ ဒါရိုက်တာ မောင်မောင်သာမြင့်နှင့် တွေ့ဆုံခြင်း