ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အဖွဲ့ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် မဲစာရင်းစိစစ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ မဲစာရင်းစိစစ်ခြင်းအပေါ် တားဆီးပိတ်ပင်ခဲ့သည့် နေပြည်တော်ရှိ မြို့နယ်အချို့ အပါအဝင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအချို့၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း NLD က တင်ပြဆွေးနွေးခဲ့သည်ဟု NLD ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် NLD အဖွဲ့ဝင်များ၏ ဆွေးနွေးမှုနှင့် ပတ်သက်၍ NLD က ဇူလိုင် ၁၀ရက်တွင် အသေးစိတ် သတင်းထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်တင်ပြခဲ့သည်များကို ဖော်ပြထားသည်။
ဇမ္ဗူသီရိမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွှေကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တို့သည်NLD မဲစာရင်းစိစစ်ရေးအဖွဲ့များကို ၂၀၁၅ ခုနှစ် ဇွန် ၂၀ရက် က ဖိတ်ကြားပြီး မဲစာရင်းစိစစ်ခြင်းကို ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း တားမြစ်ခဲ့ကြောင်း၊ ဒက္ခိဏသီရိမြို့နယ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲတို့သည်NLD မဲစာရင်းစိစစ်ရေးအဖွဲ့ဝင်များကို မဲစာရင်း ဓာတ်ပုံရိုက်ကူးခွင့်၊ ကူးယူခွင့်မပြုသည့်အပြင် မဲစာရင်းစိစစ်နေခြင်းကိုလည်း ခြိမ်းခြောက်မှုများ ပြုလျက်ရှိကြောင်း တင်ပြကန့်ကွက်ခဲ့သည်ဟု ယခု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ မွန်ပြည်နယ် မုဒုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသည် NLD မဲစာရင်း စိစစ်ရေးအဖွဲ့ကို ဇွန် ၁၆ ရက်တွင် မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးသို့ ဖိတ်ခေါ်ကာ မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံရေးပါတီများအကြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် မဲစာရင်းစိစစ်ခြင်းကို ရပ်တန့်ပေးရန် သတိပေးကြောင်းနှင့် သိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းစေခဲ့ကြောင်း၊ ထိုသို့ မုဒုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဆောင်ရွက်ချက်အပေါ် NLD က ကန့်ကွက်ပါသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
NLD မဲစာရင်းစိစစ်ရေးအဖွဲ့များသည် အခြေခံမဲဆန္ဒရှင်စာရင်းများကို စိစစ်ပြီးပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက် စသည့် လျှောက်လွှာများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ ခွဲရုံးများသို့ တင်သွင်းရာ ရပ်ကွက်ကျေးရွာအုပ်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲစာရင်း စိစစ်ခြင်းကို အကြောင်းအမျိုးမျိုးပြ၍ တားဆီးပိတ်ပင်ခြင်း၊ လုပ်ငန်းနှောင့်နှေးအောင် လုပ်ဆောင်ခြင်းများရှိခဲ့ကြောင်း NLD ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
NLD ၏ ကန့်ကွက်တင်ပြချက်အပါအဝင် အခြားဆွေးနွေးမှုများနှင့်ပတ်သက်၍ မဲစာရင်းစိစစ်သည့် အခါ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) တို့ကို ရွေးကောက်ပွဲဥပဒေပါ ပုံစံများအတိုင်း ရိုက်နှိပ်အသုံးပြုနိုင်ကြောင်း နှင့် ထိုပုံစံများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ တင်သွင်းသည့်အခါ လက်ခံခြင်းမပြုပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရန်နှင့်ထို တင်ပြချက်အပေါ် အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ဖြေကြားခဲ့သည်ဟု NLD ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မဲစာရင်းစိစစ်ခြင်းအပေါ် တားဆီးပိတ်ပင်ခဲ့သည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအချို့၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ NLD တင်ပြခဲ့