အမေရိကန်အခြေစိုက် SIERRA CLUB မှ International and Trade Representative Ms.Nicole Ghio နှင့် တွေ့ဆုံခြင်း

အမေရိကန်အခြေစိုက် SIERRA CLUB မှ International and Trade Representative Ms.Nicole Ghio နှင့် တွေ့ဆုံခြင်း
Published 10 July 2015
သစ်ထွဋ်၊ဇေယျနန္ဒ

လက်ရှိ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်မှုများကို ကန့်ကွက်မှုများရှိနေသလို စက်ရုံတည်ဆောက်လိုသူများလည်း ရှိနေပါတယ်။ ကျောက်မီးသွေးသုံးစက်ရုံများဟာ လူနဲ့လူ့ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တာကြောင့် ကမ္ဘာတစ်ဝန်းမှာ ကျောက်မီးသွေးစက်ရုံတွေ ကိုပိတ်သိမ်းနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ တည်ဆောက်ဖို့ ကြိုးပမ်းနေကြသူတွေ ရှိနေပါတယ်။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုများနှင့်ပတ်သက်ပြီး ကျောက်မီးသွေးသုံးစက်ရုံများ လျှော့ချဖို့လုပ်ဆောင်နေတဲ့ အမေရိကန်အခြေစိုက် SIERRA CLUB မှ International and Trade Repredentative ဖြစ်သူ Ms.Nicole Ghio နဲ့ တွေ့ ဆုံမေးမြန်းချက်အချို့မှ ကောက်နုတ်တင်ပြလိုက်ပါတယ်။ “သန့်ရှင်းတဲ့ ကျောက်မီးသွေးစွမ်းအင်ဆိုတာ ဆောင်ပုဒ်သက်သက်ပါပဲ” အမေရိကန်အခြေစိုက် SIERRA CLUB မှ International and Trade Repredentative Ms.Nicole Ghio နှင့် တွေ့ဆုံခြင်း မေး - ပထမဆုံးသိချင်တာက ဒီမှာဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်မယ့်သူတွေက Clean coal technology က ပြ ဿနာမရှိဘူးပြောတယ်။ ဒါအမှန်ပဲလား။ ဖြေ- ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေအတွက် လက်ရှိတည်ရှိတဲ့ နည်းပညာဟာ ရှုပ်ထွေးလွန်းပါတယ်။ ပြီးတော့ နည်းပညာကလည်း မျိုးစုံရှိပြီး သူတို့ကို ပုံစံအမျိုးမျိုးနဲ့ အသုံးပြုလို့ရပါတယ်။ တချို့နည်းပညာတွေက စွမ်းအင်သုံးစွဲမှု ထိရောက်ဖို့အတွက်ဖြစ်ပါတယ်။ လျှပ်စစ်ပမာဏစွမ်းအင်ပမာဏတစ်ခုအတွက် ကျောက်မီးသွေး အသုံးပြုရတဲ့ပမာဏ ဘယ်လောက်ဆိုတာမျိုးပေါ့။ တချို့ကတော့ လေထုညစ်ညမ်းမှုကို ဖြေရှင်းတဲ့နည်းပညာဖြစ်ပြီး တချို့နည်းပညာတွေကတော့ ရေထုညစ်ညမ်းမှုအတွက်ပါ။ ပြဿနာနှစ်မျိုး၊ သုံးမျိုးလောက်တော့ ရှိပါတယ်။ ပထမတစ်ခုက ဒီစက်ရုံကသုံးတဲ့ နည်းပညာ၊ ဒုတိယကစက်ရုံကို ပုံမှန်ထိန်းသိမ်းမှုနဲ့ စွန့်ပစ်ပစ္စည်းသိုလှောင်တဲ့ အဆောက်အအုံတွေနဲ့ တတိယကတော့ စက်ရုံလုပ်ကိုင်သူအနေနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု တတ်နိုင်သမျှ နည်းပါးအောင် အကောင်းဆုံးလုပ်ဆောင်နေအောင် စောင့်ကြည့်လေ့လာဖို့ပါပဲ။ ပြီးတော့ ကျောက်မီးသွေးစက်ရုံကနေ ပတ်ဝန်းကျင်ညစ်ညမ်းမှု လုံးဝမရှိအောင် ဖယ်ရှားလို့မရပါဘူး။ လေထု မညစ်ညမ်းစေချင်ဘူးဆိုရင် ရေထုညစ်ညမ်းမှာပဲ။ ရေထဲကို မစွန့်ပစ်ဘူးဆိုရင်လည်း လေထုထိခိုက်မှာပါပဲ။ ဒီတော့ အဓိက ကတော့ ဒီညစ်ညမ်းစေတဲ့ ပစ္စည်းတွေကို ထိန်းသိမ်းဖို့ပါပဲ။ ဒီစက်ရုံ လည်ပတ်စေစဉ်ကာလပတ်လုံး ဒါကို ဆက်လက်ထိန်းသိမ်းနေဖို့ လိုပါတယ်။ ဒီတော့ မေးသင့်တဲ့ မေးခွန်းနည်းနည်းတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ “သန့်ရှင်းတဲ့ ကျောက်မီးသွေးစွမ်းအင်”ဆိုတာ ဆောင်ပုဒ်သက်သက်ပါပဲ။ အဲဒီလို လုပ်ဆောင်နိုင်တယ်လို့ ထောက်ပြလို့ရတဲ့ နည်းပညာမရှိသေးပါဘူး။ သူတို့တွေအနေနဲ့ စွမ်းအင်သုံးစွဲမှု ထိရောက်ဖို့အတွက် ဘယ်နည်းပညာတွေ အသုံးပြုနေတယ်၊ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် ဘယ်နည်းပညာတွေ အသုံးပြုနေတယ်ဆိုတာ မေးဖို့လိုပါတယ်။ ဒါတွေကို အခြေခံပြီး သူတို့အနေနဲ့ လက်ရှိ အကောင်းဆုံးနည်းပညာတွေကို အသုံးပြု၊ မပြု ခန့်မှန်းရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ သန့်ရှင်းတဲ့ ကျောက်မီးသွေးစွမ်းအင်နည်းပညာကို အသုံးပြုနေတယ်လို့ ပြောနိုင်ပေမယ့် သန့်ရှင်းတဲ့ကျောက်မီးသွေးစွမ်းအင် နည်းပညာဆိုတာ သီးသန့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိတဲ့အတွက် သူတို့အနေနဲ့ လက်ရှိအကောင်းဆုံးနည်းပညာတွေကို အသုံးပြု၊ မပြု မသိနိုင်ပါဘူး။ မေး - ကျောက်မီးသွေးသုံးစက်ရုံတွေက ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေက လူနဲ့လူ့ပတ်ဝန်းကျင်ကို ဘယ်လောက် ထိခိုက်စေနိုင်သလဲ။ ဖြေ- ဒီတော့ ညစ်ညမ်းမှုကို လျှော့ချတဲ့ နည်းပညာတွေ ရှိပါတယ်။ ဒီနည်းပညာတွေကိုလည်း နည်းလမ်းအမျိုးမျိုးအတွက် ပူးပေါင်းအသုံးချလို့ရပါတယ်။ ရရှိလာတဲ့ အကျိုးဆက်ကလည်း ဒေသခံတွေအပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာဟာ ကျောက်မီးသွေးစက်ရုံက အသုံးပြုတဲ့ နည်းပညာနဲ့တင် မရပါဘူး။ ဘယ်နည်းပညာပဲသုံးသုံး ကျောက်မီးသွေးစက်ရုံတွေကနေ စွန့်ပစ်ပစ္စည်းတွေ အများကြီးထွက်ပါတယ်။ ပြာပူတွေကို သေချာထိန်းသိမ်းဖို့ လိုပါတယ်။ ဒါ့အပြင် ပြာသိမ်းဆည်းမှုနဲ့ ပတ်သက်ပြီးလည်း ပြဿနာတွေရှိပါသေးတယ်။ ဒါတွေကို သန့်ရှင်းတဲ့ကျောက်မီးသွေးစွမ်းအင် နည်းပညာတွေနဲ့တင် မတတ်နိုင်ပါဘူး။ ဒါ့အပြင် ကျောက်မီးသွေးကနေ ထွက်ရှိတဲ့ အမှုန်တွေကလည်း စက်ရုံက အသုံးပြုတဲ့ နည်းပညာနဲ့ လုံးဝသက်ဆိုင်မှု မရှိပါဘူး။ အဲဒီတော့ ဒီပြဿနာတွေအားလုံးက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သောက်ရေတွေတောင်မှ ပြာတွေနဲ့ စွန့်ပစ်ရေတွေကြောင့် ညစ်ညမ်းသွားတတ်ပါတယ်။ ပြီးတော့ လေထုထဲကိုရောက်တဲ့ ညစ်ညမ်းမှုတွေကြောင့်လည်း နောက်ထပ်ကျန်းမာရေး ပြဿနာ တွေရှိပါသေးတယ်။ ဒါတွေကြောင့် အဆုတ်ထိခိုက်မယ်၊ နှလုံးထိခိုက်မယ်ပြီးတော့ ကလေးတွေမှာဆိုရင်လည်း ဉာဏ်ရည်ချို့ယွင်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ စက်ရုံမှာ အကောင်းဆုံးနည်းပညာတွေ အသုံးပြုထားတယ်ဆိုရင်တောင် ပြဒါးထုတ်လွှတ်မှုတွေ၊ အမှုန်ထွက်ရှိမှုတွေ၊ ဆာလဖာထွက်ရှိမှုတွေနဲ့ အခြားအမှိုက်တွေ အများကြီးထွက်ရှိနေဦးမှာပါ။ ဒါတွေဟာ အနီးအနားက ဒေသခံတွေအတွက် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်သလို ပတ်ဝန်းကျင် ကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ငါးဖမ်းလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာပါ ထိခိုက်လာနိုင်တဲ့အတွက် နေထိုင်မှုပုံစံတွေပါ ထိခိုက်လာနိုင်ပါတယ်။ မေး - လက်ရှိကျောက်မီးသွေးသုံးစက်ရုံတွေ ကမ္ဘာမှာ တည်ဆောက်မှုအခြေအနေက ဘယ်လိုရှိပါသလဲ။ ဖြေ - အစီရင်ခံစာတွေလည်း ရှိပါတယ်။ အိန္ဒိယမှာဆိုရင် ကျောက်မီးသွေးစက်ရုံတွေက ထွက်တဲ့ ညစ်ညမ်းမှုတွေကြောင့် ကျွန်မအထင် လူတစ်သိန်းလောက် နှစ်စဉ်သေဆုံးနေရပါတယ်။ တရုတ်မှာဆို ဒီထက်ပိုများပါတယ်။ နံပါတ်တွေ အတိအကျ မမှတ်မိတော့လို့ ခွင့်လွှတ်ပါ။ ဒါပေမဲ့ အမေရိကန်မှာတောင် ကျောက်မီးသွေးစက်ရုံတွေကြောင့် လူပေါင်းထောင်နဲ့ချီ သေဆုံးဖူးပါတယ်။ နောက်ထပ် သတိထားရမှာက သေဆုံးမှုတွေတင် မဟုတ်ပါဘူး။ အလုပ်ဆုံးရှုံးမှုတွေနဲ့ ဘဝရပ်တည်မှု ဆုံးရှုံးတာတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါတွေအားလုံးက ကျောက်မီးသွေးစက်ရုံဘေးမှာ နေထိုင်တဲ့ အသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်းပြီးပေးဆပ်ရမယ့် တန်ဖိုးတွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်မီးသွေးကုမ္ပဏီတွေက လေထုနဲ့ရေထုကို ညစ်ညမ်းနေစေလို့ပါပဲ။ ဒါတွေအတွက် ကုမ္ပဏီကနေပြန်ပြီး လျော်ပေးတာမရှိဘူးဆိုရင် ဒီအရာတွေကို အဲဒီအသိုင်းအဝိုင်းကပဲ ခါးစည်းခံနေရပါလိမ့်မယ်။ ဒါတွေကလည်း ဆိုးရွားတဲ့ ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကျောက်မီးသွေးစက်ရုံ ၁၇၀ လောက်ဟာ ရပ်ဆိုင်းပြီး ဒါမှမဟုတ် ရပ်ဆိုင်းဖို့ စီစဉ်ပြီးသားတွေပါ။ ပြီးတော့ အမေရိကန်မှာ ကျောက်မီးသွေး အသုံးပြုမှုဟာလည်း အလျင်အမြန်လျော့ကျ နေပါတယ်။ ဒီအတွက်ကြောင့်လည်း အမေရိကန်ရဲ့ ကာဗွန်ထုတ်လွှတ်မှု လျော့ကျလာပါတယ်။ ဥရောပလည်း ဒီလိုပါပဲ။ တရုတ်လည်း တူတူပါပဲ။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျောက်မီးသွေးအဓိက အသုံးပြုသူတွေဟာ အသုံးပြုမှုလျှော့ချလာတဲ့အပြင် ကျောက်မီးသွေးကဏ္ဍကလည်း တည်ငြိမ်မှု မရှိပါဘူး။ မကြာသေးမီကထွက်တဲ့ အစီရင်ခံစာတစ်ခုမှာ ကျောက်မီးသွေးစက်ရုံအသစ် တစ်ခုဆောက်တိုင်း အဟောင်းနှစ်ခုလောက် ပိတ်သိမ်းနေကြောင်း ဖော်ပြထားတယ်။ ဒီတော့ ဒီနှုန်းဟာ ကျောက်မီးသွေးလုပ်ငန်းအတွက် သိပ်မကောင်းပါဘူး။ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံလုပ်ဖို့ စိတ်ဝင်စားနေတဲ့သူတွေအတွက်တော့ သတင်းဆိုးပေါ့။ ဘာလို့လဲဆိုတော့ ဒီအစီရင်ခံစာအတိုင်းဆိုရင် ဒီလုပ်ငန်းက လုံးဝကိုတည်ငြိမ်မှု မရှိတော့ပါဘူး။ မေး- အခု ဒီမှာကြားနေရတာက တရုတ်က ဖျက်ပြီး ပြောင်းလာမယ့် စက်ရုံတွေကို မြန်မာပြည်ကို ရွှေ့လာမယ်ပေါ့။ နောက်တစ်ခုက ကျောက်မီးသွေးစက်ရုံတွေက ကုန်ကျစရိတ်များတယ်။ အချိန်လည်းပေးရတယ်လို့ သိရတယ်။ ကျောက်မီးသွေးသုံး စက်ရုံတစ်ရုံဆောက် ရင် အချိန်ဘယ်လောက်ကြာနိုင်သလဲ။ ဖြေ- ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို အမြန်ဆုံးဆောက်မယ်ဆိုရင်တောင် ခြောက်နှစ်လောက် ကြာပါတယ်။ အဲဒီထက် မြန်မြန်ဆောက်နိုင်တယ်လို့ ကုမ္ပဏီတော်တော်များများ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတစ်ခါမှမတွေ့ဖူးသေးပါဘူး။ ကျောက်မီးသွေးစက်ရုံတွေက မျှော်လင့်ထားတဲ့အချိန်ထက် ပိုကြာပြီး ကုန်ကျစရိတ်ပိုများတဲ့နေရာ မှာ နာမည်ကြီးပါတယ်။ ဒါကြောင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဆောက်ရင် အချိန်ကုန်၊ ငွေကုန် များပါတယ်။ ကြီးမားတဲ့ အဆောက်အအုံတွေ တည်ဆောက်ရတာလည်း အရမ်းအကုန်အကျ များပါတယ်။ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ဆောက်ပြီဆိုတာနဲ့ မကောင်းနိုင်ပါဘူး။ ကျောက်မီးသွေးစက်ရုံ အကုန်လုံးကနေ အန္တရာယ်ရှိတဲ့ ညစ်ညမ်းမှုတွေ ထွက်ပါတယ်။ ကျောက်မီးသွေးစက်ရုံအဟောင်းဆိုရင်တော့ ပိုလို့တောင် ဆိုးရွားလွန်းပါတယ်။

Most Read

Most Recent