ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့သည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမည့် ရက်သတ်မှတ်မှုမှာ ပါတီများအတွက် အခက်အခဲဖြစ်နေဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တိုင်းရင်းသားပါတီများက ဇူလိုင် ၉ ရက်တွင် ပြောကြားသည်။၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာခြင်းကိုလည်း ထုတ်ပြန်ခဲ့သည်။လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့်နေ့ရက်မှာ ၂၀၁၅ ခုနှစ် ဇူလိုင်၂၀ရက်၊ နောက်ဆုံးနေ့ရက်မှာ သြဂုတ်၈ရက်ဖြစ်ပြီး အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ သြဂုတ် ၁၁ ရက်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်နေ့ရက်မှာ ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က "ကျွန်တော်တို့ကတော့ အဆင်ပြေအောင်တော့ လုပ်ရမှာပေါ့။ အခက်အခဲကတော့ ခုနကပြောသလို ၂၀ ရက်နေ့ကစပြီးတော့ လျှောက်ထားရမယ်လို့ပြောတဲ့အခါ ကျွန်တော်တို့က ကိုယ်စားလှယ်လောင်းရွေးဖို့ဟာက ၁၂ ရက်ပဲရှိတယ်ပေါ့။ ဆိုတော့ ၁၂ ရက်ပဲရှိတဲ့အတွက် ကျွန်တော်တို့က ဒီတစ်နိုင်ငံလုံးမှာ အရွေးချယ်ခံမယ့်ပါတီအနေနဲ့ ၁၂ ရက်ဆိုတာ တော်တော်တော့နည်းတာပေါ့" ဟုပြောကြားသည်။ NLD ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရမည်ဟု ခန့်မှန်းမှုအချို့ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို NLD ပါတီက ဖေဖော်ဝါရီ ၉ ရက်တွင် ဖွဲ့စည်းခဲ့သည်။သို့သော် လက်ရှိတွင် ရွေးကောက်ပွဲဝင်၊ မဝင်ကိုမူ ဆုံးဖြတ်ထားခြင်းမရှိသော်လည်း ကိုယ်စားလှယ်လောင်းရွေးချယ်မှုနှင့်ပတ်သက်၍ NLD ၏ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက "ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ကိစ္စကို ကျွန်တော်တို့ အချက်အလက်တွေအတော်များများ ဆွေးနွေးပြီးပါပြီ။ ဒီနေ့ နေ့ခင်းမှာ ကျွန်တော်တို့လုပ်တဲ့ အစည်းအဝေးမှာလည်း အဲဒါတွေကိုဆက်လက်ပြီးတော့ ဆွေးနွေးထားပါတယ်။ ကျွန်တော်တို့ကြေညာဖို့ အချိန်ရောက်တာနဲ့ အဆင်သင့်လောက်နီးနီးပြီးနေပါပြီလို့ ပြောချင်ပါတယ်" ဟု ဇွန် ၂၁ ရက်က မီဒီယာများကို ပြောကြားထားသည်။ထို့ပြင် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမည့်ရက်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများမှ ပါတီများနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့်ပါတီများအတွက် ဇူလိုင် ၂၀ ရက်မတိုင်မီ ၁၁ ရက်တာ ကာလသည်အလွန်နည်းပါးသည်ဟု တိုင်းရင်းသားပါတီအချို့က သုံးသပ်မှုများရှိသည်။ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက "ကျွန်တော်တို့အနေနဲ့ကတော့ ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးနောက် ကိုယ်စားလှယ်လောင်းရွေးချယ်တာတွေ တစ်ပြိုင်နက်တည်းလုပ်ထားတာတော့ရှိတယ်။ ခုအချိန်မှာ တင်ဆိုရင်တော့ ကျွန်တော်တို့ပြည်နယ်ပါတီတွေအတွက်ကတော့ အဆင်ပြေနိုင်တယ်။ သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြိုင်မယ့် ပါတီကြီးတွေအတွက် ဒါတွေအဆင်သင့်မဖြစ်သေးရင်တော့ အခက်အခဲဖြစ်နိုင်ပါတယ်" ဟုပြောကြားသည်။ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဂင့်ကမ်းလျန်ကလည်း "အချိန်နည်းပါတယ်။ ရန်ကုန်၊ မန္တလေးလို မြေပြန့်ဒေသတွေမှာက ပြဿနာမရှိပါဘူး။ ကျွန်တော်တို့တောင်ပေါ်ဒေသမှာ တော်တော်လေးခက်ခဲမှုရှိတယ်" ဟုပြောကြားသည်။ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက "ကြေညာချက်အရတော့ ကျွန်မတို့ပါတီတင်မကပါဘူး။ ပါတီအကုန်လုံးပေါ့။ အခက်အခဲရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်စားလှယ်လောင်းတင်သွင်းခွင့်ပြုတဲ့ ကာလကတော့ တော်တော်တိုတောင်းပါတယ်" ဟုပြောကြားသည်။ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဥက္ကဋ္ဌ ဦးကမ်ကျင်ဒါးလ်ကမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သည့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများအမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာမှုသည် ၎င်းတို့အတွက် လုံလောက်သည်ဟုဆိုသည်။ဦးကမ်ကျင်ဒါးလ်က "ကျွန်တော်တို့အတွက်ကတော့ လုံလောက်ပါတယ်။ သြဂုတ် ၈ ရက်နေ့ပြီးရင် ၁၁ ရက်နေ့အထိ စာရင်းပြန်ဖျက်ချင်ရင် ပြန်ဖျက်လို့ရတယ်လို့ပြောတယ်။ ၂၀၁၀ တုန်းကလည်း အဲဒီလိုလုပ်တာတွေလည်းရှိတယ်လေ။ တချို့က စိတ်ကြိုက်တင်ပြီးတော့ ပြန်ဖျက်တာတွေလည်းရှိပါတယ်။ အဲဒါတွေကတော့ အဆင်ပြေပါတယ်။ တစ်ခုတော့ရှိပါတယ်။ Campaign လုပ်ဖို့တော့ သူတို့ဘယ်လိုသတ်မှတ်လည်းမသိဘူး။ စက်တင်ဘာလောက်ဖြစ်မလား။ Campaign ကတော့ သူတို့သတ်မှတ်ထားတာအရ အချိန်နဲ့သတ်မှတ်ဖို့တော့ မကောင်းဘူးပေါ့" ဟုပြောကြားသည်။လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များကို ဇူလိုင် ၁ ရက်ကထုတ်ပြန်ထားပြီး ယင်းသို့ထုတ်ပြန်ရာတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်တို့ပါဝင်သည်။
ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမည့်ရက် သတ်မှတ်မှုမှာ ပါတီများအတွက် အခက်အခဲဖြစ်နေဟု NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ပြောကြား