စီးပွားရေးဆိုင်ရာ အငြင်းပွားမှု ပြဿနာများကို တရားရုံးတွင် ဖြေရှင်းရန်မလိုဘဲ ကြားခံဖြေရှင်းပေးမည့် Arbitration Center ကို ကုန်သည်စက်မှု အသင်းချုပ်မှ ဦးဆောင်တည်ထောင်မည်

စီးပွားရေးဆိုင်ရာ အငြင်းပွားမှု ပြဿနာများကို တရားရုံးတွင် ဖြေရှင်းရန်မလိုဘဲ ကြားခံဖြေရှင်းပေးမည့် Arbitration Center ကို ကုန်သည်စက်မှု အသင်းချုပ်မှ ဦးဆောင်တည်ထောင်မည်
Published 6 July 2015
သက်ထား၊ အေးမြတ်မွန်

စီးပွားရေးဆိုင်ရာ အငြင်းပွားမှုပြဿနာများကို တရားရုံးတွင် ဖြေရှင်းစရာမလိုဘဲ ကြားခံဖြေရှင်းပေးမည့် Arbitration Center ကို တည်ထောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။
ယင်းသို့တည်ထောင်ရန်အတွက် ယခုတွင် စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းကို Effective Dispute Resolution for International Business What Singapore can Offer ပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်၏ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာလည်း အငြင်းပွားမှုတွေ ဖြေရှင်းတဲ့အခါ ကုန်သည်စက်မှု အသင်းချူပ်အနေနဲ့ ဒီလိုအငြင်းပွားမှုဆိုင်ရာ ဖြေရှင်းတဲ့ ကော်မတီကို နှစ်ပေါင်းများစွာ ကတည်းက ဖွဲ့စည်းထားပါတယ်။ ကုန်သည်အချင်းချင်း အငြင်းပွားမှုတွေ၊ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အဲဒါက ဖျန်ဖြေတဲ့ အဆင့်ပေါ့။ အခု Arbitration Center ဆိုတာက ဘယ်သူက မှားတယ်၊ မှန်တယ်။ ဘယ်သူက ဘယ်လောက် လျော်ပေးရမယ်။ ဘယ်လိုပြန်ပေးဆပ်ရမယ်ဆိုတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့ ဖြေရှင်းပေးတာဖြစ်တယ်” ဟု ဦးအေးလွင်က ဆိုသည်။
ထို့ပြင် ယင်းသို့ အငြင်းပွားမှုဆိုင်ရာများကို ဖြေရှင်းရန်အတွက် ခေတ်နှင့်အညီ ကိုက်ညီသော အနုညာတ အငြင်းပွားမှုဆိုင်ရာ ဖျန်ဖြေရေးဥပဒေ Arbitration Law ပေါ်ထွက်ရန် လိုအပ်ကြောင်းလည်း သိရသည်။
“အငြင်းပွားမှုတွေ ဖြေရှင်းတဲ့ အခါမှာလည်း အနုညာတဥပဒေ ပေါ်ပေါက်ဖို့လိုအပ်တယ်။ အဲဒီလိုပေါ်ပေါက်ဖို့ အတွက်လည်း ကုန်သည်စက်မှုအနေနဲ့ တွန်းအားပေး ဆောင်ရွက်နေတယ်။ အခုတော့ ဥပဒေက လွှတ်တော်ရေးရာ ကော်မတီအထိ ရောက်သွားပြီ။ မြန်မာနိုင်ငံမှာ Arbitration Law က ၁၉၄၇ ခုနှစ် ကတည်း ရှိခဲ့တာဖြစ်တယ်။ အခုကတော့ ခေတ်နဲ့အညီ ကိုက်ညီတဲ့ Arbitration Law ကို ထုတ်ရမှာပေါ့။ ပြီးရင် ၁၉၄၇ ခုနှစ် Arbitration Law ကိုဖျက်သိမ်းမယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
ယင်းသို့ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများကို ဖျန်ဖြေရာတွင် စင်ကာပူနိုင်ငံမှ Arbitration Center သည် နိုင်ငံတကာတွင် အကြီးဆုံးဖြစ်ကြောင်း အဆိုပါ Arbitration Center မှ ၎င်းတို့၏ ဖြေရှင်းဆောင်ရွက်ပုံများကို မြန်မာနိုင်ငံတွင် လာရောက်၍ သင်တန်းများ၊ Workshop များပေးလျက် ရှိကြောင်းလည်း သိရသည်။
စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက်မှ တရားရုံးတွင် ဖြေရှင်းရန် ဆန္ဒမရှိဘဲ Arbitration Center တွင် ဖြေရှင်းပေးရန် လာရောက်အကူအညီ တောင်းခံပါက ဖြေရှင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။    
“ဒီဟာက ပြဿနာတွေကို တရားရုံးမသွားခင် လာရောက်ဖြေရှင်ပေးဖို့ အကူအညီ တောင်းခံတဲ့ နေရာဖြစ်တယ်။ အဲဒီမှာမှ ဖြေရှင်းလို့မရရင် တရားရုံးကိုသွားပေါ့။ ကုန်သည်စက်မှု အသင်းချုပ်အနေနဲ့ကတော့ ပြဿနာဖြေရှင်းမယ်ဆိုရင် တောင်းဆိုတဲ့ အဖွဲ့ရော၊ တောင်းခံလာတဲ့အဖွဲ့ရော နှစ်ဖွဲ့လုံးကို ခေါ်တယ်။ ပြီးရင် ကော်မတီမှာပါတဲ့ သူတွေရဲ့ ဆုံးဖြတ်ချက် လိုက်နာမှာလားလို့ မေးတယ်။ ကျွန်တော်တို့ကလည်း တရားမျှတစွာ ဆုံးဖြတ်ပေးမယ်။ အဲဒီလိုဆုံးဖြတ်တဲ့ အခါမှာ မည်သည့်ဆုံးဖြတ်ချက်မဆို လိုက်နာမှာလားလို့ အရင်ဆုံးမေးတယ်။ ပြီးရင် နာခံမယ်ဆိုရင် လတ်မှတ်ထိုး။ ပြီးရင် ဒီမှာပါတဲ့ အဖွဲ့ဝင်တွေက တိုင်ပင်ပြီးတော့ ဆုံးဖြတ်တယ်။ အဲဒီလိုမျိုးလုပ်ပြီးမှ ဆုံးဖြတ်ချက် မလိုက်နာဘူး ဆိုရင်တော့ မလိုက်နာတဲ့သူကို ထိထိရောက်ရောက် အရေးယူပါတယ်။ ပြီးရင် တရားရုံးသွားပေါ့။ တရားရုံးရောက်တဲ့ အခါမှာလည်း တရားရုံးက Arbitration ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို တောင်းခံပါတယ်။ တောင်းခံပြီး ဆုံးဖြတ်တာပေါ့” ဟု ၎င်းကထပ်မံ ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိရာ အဆိုပါ Arbitration Law နှင့် Arbitration Center သည် ပေါ်ပေါက်ရန် လိုအပ်ကြောင်း သိရသည်။
 

Most Read

Most Recent