သန်မာထွားကျိုင်းပြီး...ကမ္ဘာသူအလယ် လျှောက်သွားမယ် အလွန်တင့်တယ် သုံးတောင်ဝတ်အားမငယ်... ဆယ်တောင်ပဲ ဝတ်ဝတ်...ချူချာနုံတယ်...ကိုယ်ကိုင်းမယ် ရင်ညွန့်မယ် ရှက်ဖို့အလွန်ကောင်းတယ်... ဆိုတဲ့ ဂီတစာဆိုတော်ကြီး မြို့မငြိမ်းရေးသားခဲ့တဲ့ “ယဉ်တကိုယ်မယ်” သီချင်းထဲကအတိုင်းဆို မြန်မာလူမျိုးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ ကျန်းမာကြံ့ခိုင်ကာ ထောင်ထောင်မောင်းမောင်း ဝံ့ဝံ့ကြွားကြွားရှိကြပြီး ဒီလိုမဟုတ်ဘဲ ကိုယ်ကိုင်းပြီးချူချာနေရင် ရှက်စရာကောင်းလှတယ်ဆိုပြီး ကျန်းမာသန်စွမ်း ကြံ့ခိုင်သူတွေဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို ထိမိတဲ့စကားလုံးတွေနဲ့ ဖော်ကျူးထားတဲ့သီချင်းကို နားထောင်ဖူးကြမှာပါ။ သီချင်းထဲကအတိုင်းဆို တစ်ခေတ်တစ်ခါက မြန်မာအမျိုးသားတွေဟာ ရင်အုပ်ကားကား ကြွက်သားဆိုင်တွေနဲ့ သန်မာပြီး အမျိုးသမီးတွေဆိုလည်း ရင်၊ ခါး၊ တင် အချိုးအစားလှပပြီး အရပ်မြင့်မြင့်မားမားနဲ့ အသားအရေညိုစိုကာ ကျန်းမာလှပခဲ့ကြတဲ့သူများဆိုတာ သိနိုင်ပါတယ်။
အရင်က မြန်မာတွေက သန်မာထွားကျိုင်း မြင့်မြင့်မားမားရှိခဲ့ပေမယ့် ဒီနေ့ခေတ် မြန်မာလူမျိူးတွေထဲမှာ အရပ်ခြောက်ပေနီးပါး ထောင်ထောင်မောင်းမောင်း မြင့်မြင့်မားမားရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို တွေ့ရခဲသွားပါပြီ။ ဘာကြောင့် မြန်မာလူမျိုးတွေဟာ အရပ်ပုပု ခန္ဓာကိုယ်သေးသေးတွေ ဖြစ်သွားကြရတာပါလဲ။ နိုင်ငံမှာ ဆန်စပါး၊ ပဲ၊ ပြောင်း၊ ဂျုံတွေ စိုက်ပျိုးဖြစ်ထွန်းပြီး အထွက်လည်းကောင်းမွန်သလို သား ငါး ကြက်ဥ မထုတ်လုပ်နိုင်တဲ့ နိုင်ငံလည်းမဟုတ်ပါဘူး။ ဒီလို ထုတ်လုပ်နိုင်အောင် ရေခံမြေခံကောင်းတွေများစွာ ပိုင်ဆိုင်ထားပါလျက်နဲ့ မြန်မာပြည်သူတွေဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက လူတွေနဲ့ယှဉ်ရင် ခန္ဓာကိုယ်အချိုးအစား သေးသွယ်ကွာခြားနေတာ ဘာကြောင့်ပါလဲ။
မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးငယ်တွေရဲ့ ရှစ်ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့မှုအခြေအနေ စိုးရိမ်အဆင့်မှာ ရှိနေပြီး အရှေ့တောင်အာရှနိုင်ငံတွေအနက် ကမ္ဘောဒီးယားနဲ့ အရှေ့တီမောပြီးရင် မြန်မာနိုင်ငံဟာ တတိယမြောက် အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်တယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်ရပါတယ်။ နေ့စဉ် စားသောက်မှုမှာ အာဟာရပြည့်မီစွာ မပါဝင်တာကြောင့် ငါးနှစ်အောက်ကလေးငယ်တွေမှာ အရပ်ပုမှုဟာ သုံးဦးမှာ တစ်ဦးက ပုံမှန်ရှိရမယ့်အရပ်ထက် ပုနေတယ်လို့လည်း ဖတ်ရတော့ မြန်မာကလေးငယ်တွေဟာ အာဟာရပြည့်ဝစွာ မစားသောက်ရဘဲ နေထိုင်ကြီးပြင်းလာကြရလို့ အရွယ်ရောက်လာချိန်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုး သင့်သလောက် မဖွံ့ဖြိုးကြရတဲ့ အနေအထား ဖြစ်လာရတယ်လို့ တွေးမိလိုက်ပါတယ်။ အာဟာရပြည့်မီအောင် စားသုံးနိုင်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့လည်း သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
ဆင်းရဲနွမ်းပါးသူမိသားစုတွေဟာ တစ်နေ့ ဝင်ငွေထဲက နေ့စဉ်စားသောက်မှုအတွက် အာဟာရပြည့်တာ မပြည့်တာ တွက်ချက်မနေနိုင်ဘဲ ဝင်ငွေနဲ့ လောက်အောင် ဘယ်လိုစားသောက်ရမလဲ၊ ငွေနည်းနည်းနဲ့ ဘယ်လိုအစားအသောက်တွေက အာဟာရရှိလဲဆိုတာကိုလည်း နားမလည်သလို မွေးထားတဲ့ကလေးငယ်တွေကိုလည်း အာဟာရပြည့်မီစွာ ကျွေးမွေး မစောင့်ရှောက်နိုင်တဲ့ အခြေအနေတွေ၊ နေ့စဉ်ဝင်ငွေမရှိတဲ့ ဆင်းရဲသားမိသားစုက ကလေးငယ်တွေဟာ မုန့်ဖိုး ကျပ် ၁၀၀၊ ၂၀၀ နဲ့ မနက်၊ နေ့လယ်၊ ညစာကို သရေစာမုန့်စားပြီး ဖြေရှင်းနေကြတာတွေကို တာဝန်ရှိသူတွေ သိကြပါလေစ။ ရန်ကုန်မြို့ လှိုင်သာယာရှိ လမ်းပေါ်က ကလေးငယ်တွေရဲ့ဘဝကို အေပီသတင်းဌာနက သတင်းထောက်နဲ့ ဓာတ်ပုံဆရာတို့ရဲ့ မှတ်တမ်းတင်ဓာတ်ပုံတွေနဲ့ ဖော်ပြထားတဲ့ သတင်းကိုတွေ့ရတော့ ကြေကွဲတုန်လှုပ်စရာ ဖြစ်ရပါတယ်။ သူတို့တွေဟာ ဆင်းရဲတာကြောင့် ပညာမသင်ကြားရသလို နေ့စဉ် စားသောက်ရေးမှာလည်း အဆင်မပြေ၊ မိသားစုတွေ နေထိုင်တဲ့ ကျူးကျော်တဲတွေကိုလည်း လာရောက်ဖျက်ဆီးတာကို အချိန်မရွေးခံရနိုင်တဲ့အပြင် တစ်နေ့ကို ကျပ် ၂၀၀၀၊ ၃၀၀၀ လောက်ဝင်ငွေကို သူတို့ရှာပြီး ရလာတဲ့အခါ တစ်ဝက်ကို မိဘတွေဆီပေးပြီး တစ်ဝက်ကို ကော်ရှူပစ်ကြတယ်လို့ သိရပါတယ်။ “ကော်ရှူရင် ဗိုက်ဆာတာ ခဏပျောက်သွားတယ်။ မလုပ်နိုင်တာတွေလည်း စိတ်ကူးလို့ ရတယ်” လို့ အသက် ၁၁ နှစ်သား ကောင်လေးတစ်ဦးရဲ့ ပြောပြမှုကို အေပီသတင်းမှာ ဖော်ပြတာကို ဖတ်ရပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဥပေက္ခာပြုမှုတွေဟာ သူတို့ကို လမ်းမတွေပေါ် ပရမ်းပတာဖြစ်လာစေခဲ့ပြီး ပြည့်တန်ဆာ၊ လောင်းကစားမှုတွေကနေ မူးယစ်ဆေးသုံးစွဲမှုနဲ့ လူအုပ်ဖွဲ့ရမ်းကားမှုထိ ဖြစ်လာစေတယ်လို့ အိုးအိမ်မဲ့ကလေးတွေကို ကူညီပေးနေသူတစ်ဦးက ပြောပြထားတာကိုလည်း သတင်းမှာ ဖတ်ရပါသေးတယ်။
ကလေး ၅၇ သန်း ငတ်မွတ်ခေါင်းပါးမှု ရှိတယ်လို့ ယူနီဆက်ဖ်က ခန့်မှန်းထားတဲ့ အိန္ဒိယနိုင်ငံရဲ့ နေအိမ်တွေမှာ ဆာလောင်ပြီး နေထိုင်နေရတဲ့ကလေးတွေနဲ့ မိဘတွေရဲ့ အလုပ်ကြမ်းတွေမှာ ကူလုပ်ပေးနေရတဲ့ ကလေးတွေကို အာဟာရချို့တဲ့ပြီး မစားရမသောက်ရ မဖြစ်ရလေအောင် နေ့လယ်စာ ကျွေးမွေးမှုနဲ့အတူ ပညာသင်ကြားမှုကိုပါ ပူးပေါင်းလုပ်ဆောင်တဲ့အစီအစဉ်ကို ၂၀၀၁ ခု နှစ်ကတည်းက အစိုးရက လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းမှာ ဖတ်ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကလည်း မြန်မာတို့ ရဲ့အခြေခံပညာကျောင်းတွေမှာ နို့ဆန်ပြုတ်၊ သာဂူ၊ ကြက်သား ဆန်ပြုတ်စတဲ့ အစားအစာတွေကို တစ်ပတ်နဲ့တစ်ပတ် မတူအောင် မူလတန်းကလေးငယ်တွေကို အာဟာရဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွေးမွေးတာရှိခဲ့ပါတယ်။ အခုတော့ ကျောင်းတွေမှာ အာဟာရမကျွေးတော့ သလို ကျောင်းမုန့်ဈေးတန်းအများစုမှာလည်း တရုတ်နိုင်ငံလုပ် ဆေးရောင်စုံ ချိုချဉ်မုန့် ထုပ်တွေနဲ့ သရေစာ၊ လေဖောင်းမုန့်ထုပ်စတဲ့ အာဟာရမပြည့်ဝတဲ့ မုန့်တွေနဲ့သာ ပြည့်နှက်နေပါတယ်။ ဒီလိုအာဟာရ မပြည့်ဝတဲ့ တစ်ဖက်နိုင်ငံတွေက တရားမဝင် တင်သွင်းလာတဲ့ စားဖွယ်စုံကိုလည်း သက်ဆိုင်ရာက ထိထိရောက်ရောက် မတားဆီးနိုင်သေးပါဘူး။ နောက် ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာသင်ချိန်အချိန်ဇယားမှာ ကာယချိန်ဆိုတာပါပေမယ့် တကယ်တမ်းမှာ ကာယလုပ်ရတဲ့ အချိန်ဆိုတာ မရှိသလောက်ပါပဲ။ ကျောင်းအကျယ်အဝန်းကြောင့် ကာယလုပ်ဖို့နေရာ မရှိလို့လား။ ကာယချိန်ဆိုတာ ကလေးတွေအတွက် အရေးကြီးတယ်ဆိုတာ မတွေးမိကြတာလား။
ဆင်းရဲနွမ်းပါးလူဦးရေထဲက ကလေးနှစ်ယောက်မှာ တစ်ယောက်နှုန်းက အာဟာရချို့တဲ့နေတယ်လို့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားတာကြောင့် နိုင်ငံအတွင်း ဆင်းရဲသား လူထုရဲ့ ကလေးငယ် သန်းပေါင်းများစွာဟာ အာဟာရမပြည့်ဝဘဲ ကြီးပြင်းလာနေရတဲ့ အနေအထားဖြစ်နေပါတယ်။ မကြာသေးမီက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူ၂၀ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကစားကြတဲ့ ကိုယ့်လူမျိုး ကစားသမားတွေဟာ ပြိုင်ဘက်ကစားသမားတွေနဲ့ ခန္ဓာကိုယ်ချင်းယှဉ်ရင် ကွာခြားလွန်းနေပြီး ပြေးတဲ့အခါ၊ ခေါင်းတိုက်တဲ့အခါ တစ်ဖက်ပြိုင်ဘက်နဲ့ ယှဉ်လုရာမှာ အခွင့်အရေးတွေ ဆုံးရှုံးတာကို တွေ့ကြရမှာပါ။ အရေးမပါလှဘူးလို့ ထင်စရာရှိနေတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးသန်စွမ်းမှုဟာ တကယ်တမ်း ကမ္ဘာနဲ့ယှဉ်ရတဲ့ ပြိုင်ပွဲတစ်ရပ်မှာ ဆုံးရှုံးမှုဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ဖြစ်နေတာကို ငြင်းမရတဲ့ လက်တွေ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။
တကယ်တော့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုရာမှာ အသိပညာ၊ အတတ်ပညာစတဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေအပြင် စာရိတ္တပိုင်းဆိုင်ရာ၊ ရုပ်ခန္ဓာပိုင်းဆိုင်ရာတွေလည်း ဖွံ့ဖြိုးတိုးတက် အားကောင်းရမှာ ဖြစ်ပါတယ်။
လှပတင့်တယ် သန်မာကြံ့ခိုင်တာဟာ နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းပြီး ပိစိသေးညှက်ပြီး ရောဂါထူပြောကာ ခန္ဓာကိုယ် ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးမှုမရှိဘဲ ဖြစ်နေရင်တော့ ရှက်ဖို့အလွန်ကောင်းတယ်ဆိုပြီး ယဉ်တကိုယ်မယ် သီချင်းထဲမှာ တေးရေး မြို့မငြိမ်းက ရှုတ်ချထားတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ ရှက်ဖို့ကောင်းတဲ့လုပ်ရပ်တွေကို လုပ်မလား ဂုဏ်ယူစရာကောင်းအောင် မျိုးစေ့ချပေးကြမလားဆိုတာ. . .။










