Melatonin မီလတိုနင် The Sleep Hormone အိပ်ပျော်ဟော်မုန်း

Melatonin မီလတိုနင် The Sleep Hormone အိပ်ပျော်ဟော်မုန်း
Published 4 July 2015
ပါမောက္ခ ဒေါက်တာချစ်မောင် (ဇီဝဓာတု)

လူအတော်များများ အိပ်ပျော်မှု အထောက်အကူဖြစ်ရန် မီလတိုနင်ကို အိပ်ဆေးအစား သောက်ကြသည်။ သို့သော် အမှန်တကယ် ဤဆေးအစွမ်းထက်ပါရဲ့လား...။ အောက်ပါအချက်များကိုကြည့်ပါ။
မီလတိုနင်ဆိုတာ ဘာလဲ ? 
 

 
ဦးနှောက်တွင်ရှိသော Pineal gland ပင်နီအယ်လ်ဂလင်းမှ ညပိုင်းတွင် ထုတ်သော ဟော်မုန်းဖြစ်သည်။ ယင်းဟော်မုန်းသည် ခန္ဓာကိုယ်အတွင်းရှိ အိပ်ပျော်မှု၊ နိုးမှုနှင့်ဆိုင်သော လှည့်ပတ်နာရီ (Clock Cycle) ကို ထိန်းညှိကူညီသည်။ လေ့လာချက်များအားလုံးတွင် မီလတိုနင် ဖြည့်စွက်သောက်ခြင်းသည် ဂျက်လေယာဉ် ခရီးရှည်သွားမှုကြောင့် ဖြစ်သော အိပ်ရေးပျက်မှုကို သက်သာစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ Time zone အချိန်ဇုန်ငါးခုနှင့်အထက် ကျော်ဖြတ်ခရီးသွားသူများအတွက် မီလတိုနင်သည် အထူးအကျိုးသက်ရောက်မှုရှိကြောင်းကို ဗြိတိသျှသိပ္ပံပညာရှင်များက အထက်ပါတွေ့ရှိချက်များ အပေါ်ဆန်းစစ်ပြီး တွေ့ရှိခဲ့ကြသည်။
 
သို့ရာတွင် ယင်းဟော်မုန်းသည် နေ့စဉ် အိပ်မပျော်သည့်ရောဂါ (Insomnia) ကို ပျောက်ကင်းအောင် ကုသနိုင်မှုအတွက်မူ ခိုင်မာသောအထောက်အထား မတွေ့ရချေ။  သုံးစွဲသူအချို့တွင်သာ ယင်းဟော်မုန်းသည် အိပ်ပျော်စေနိုင်သည်။ သီအိုရီတစ်ခုအဆိုအရ ယင်းဟော်မုန်းသည် သဘာဝအတိုင်း ဟော်မုန်းပမာဏနည်းသူများအတွက်သာ အကျိုးရှိအောင် ပြုလုပ်ပေးသည်။ အသက်ကြီးလာသည်နှင့်အမျှ မီလတိုနင်ပမာဏ ကျသွားသည်ဟု ယုံကြည်နေကြသော်လည်း ယင်းအချက်မှာ ငြင်း၍မရအောင် ခိုင်လုံမှုမရှိချေ။ ၂၀၀၇ ခုနှစ် စကော့တလန် လေ့လာချက်တွင် အသက် ၅၅ နှစ်မှ ၈၀ အတွင်းရှိ လူ ၃၅၄ ဦးကို အချိန်ကြာမြင့်စွာ သို့မဟုတ် ဖြည်းညင်းစွာ ထုတ်လွှတ်နိုင်သည်။ မီလတိုနင် နှစ်မီလီဂရမ် ဖြည့်စွက်စားဆေးကို တိုက်ကျွေးခြင်းဖြင့် ပျမ်းမျှ ၂၄ မိနစ်စော၍ အိပ်ပျော်မှုရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြခဲ့သည်။ အိပ်ပျော်ဆေး Sleeping Pill နှင့် အကျိုးကျေးဇူးတူညီသည်ဟု ဆိုသည်။ မီလတိုနင်ဆေး စားသောသူများသည် အကျိုးသက်ရောက်သည့် ပစ္စည်းမပါသော စိတ်ငြိမ်ရန် ပေးသောဆေး (Placebo) စားသောသူများ နှင့် နှိုင်းဆလျှင် ပိုမို၍ ကောင်းစွာအိပ်ပျော်ပြီး နောက်တစ်နေ့တွင် ပိုမို လန်းဆန်းတက်ကြွမှုရှိပြီး လူနေမှုဘဝအဆင့်အတန်း တိုးတက်လာကြောင်း တွေ့ရသည်။
 
■ မီလတိုနင်ရရှိနိုင်မှု
 
တိုင်းပြည်အချို့တွင် အလွယ်တကူ ရရှိနိုင်သော်လည်း အချို့တိုင်းပြည်များတွင် တားမြစ်ပိတ်ပင်ထားသည်။ ဆရာဝန်ဆေးစာနှင့်မှ ရနိုင်သည်။ သို့မဟုတ် ဆေးများများရနိုင်ရန်နှင့် တာရှည်စွာ ထုတ်လွှတ်သည့်ဆေးကိုမူ ကန့်သတ်ထားသည်။ မီလတိုနင်ကို အိပ်ပျော်နိုင်ရန်အတွက် အသုံးပြုမည်ဆိုပါက သင့်ဆရာဝန်နှင့် အရင်ဆွေးနွေးပါ။ မြန်မာပြည်မှာ ဆေးစာနှင့်မှ ရရှိနိုင်ပါသည်။ သို့သော် စားလျှင် ဘေးထွက်ဆိုးကျိုးများ ရှိသည်။ 
 
■ မီလတိုနင် မည်မျှလောက် အန္တရာယ်ကင်းသနည်း
 
မီလတိုနင်ကို ရေရှည်အသုံးပြုမှု၏ အကျိုးသက်ရောက်ပုံကို ယခုအချိန်အထိ ရှင်းလင်းစွာ မသိရှိသေးပါ။ ကျွမ်းကျင်ပညာရှင်များကမူ နေ့စဉ်သုံးရန်အတွက် မထောက်ခံကြပါ။ အချိန်တိုစားခြင်းကပင် ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်သည်။ အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်ခြင်း၊ နေ့ပိုင်းတွင် ပင်ပန်းနွမ်းနယ်မှုဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် စိတ်တိုခြင်းတို့ဖြစ်စေနိုင်သည်။ 
 
အထက်ပါပြဿနာများကို လျော့နည်းရန် ကျွမ်းကျင်သူအချို့၏ အဆိုအရ မီလတိုနင် ဖြည့်စွက်စာဆေးကို တစ်နာရီကြိုတင်၍ အိပ်ရာမဝင်မီ သောက်ရန် အကြံပြုကြသည်။
 
သို့သော်လည်း အခြားလေ့လာချက်တစ်ခု၏ တွေ့ရှိချက်အရ တနင်္ဂနွေနေ့တွင် မီလတိုနင်ကို အိပ်ရာမဝင်မီ ငါးနာရီခွဲ ကြို တင်သောက်လျှင် စနေ၊ တနင်္ဂနွေနေ့များတွင် နောက်ကျအောင်နေပြီး အိပ်ရာဝင်သော်လည်း ပုံမှန်အိပ်ပျော်မှုကို ဖြစ်စေရန် အထောက်အကူဖြစ်ကြောင်း တွေ့ရှိရသည်။
 
ကျမ်းကိုး  - Reader Digest March 2015

Most Read

Most Recent