ရေကြီးလမ်းပျက် ရန်ကုန်မြို့ရဲ့အခက်

ရေကြီးလမ်းပျက် ရန်ကုန်မြို့ရဲ့အခက်
Published 3 July 2015
ဟိန်းအောင်

ယခုနှစ်ရဲ့မိုးရာသီကာလကို ရောက်ရှိလာခဲ့တာနဲ့ ရန်ကုန်မြို့တော်ကြီးဟာ ယခင်နှစ် မိုးရာသီများအတိုင်း ယာဉ်ကြောပိတ်ဆို့ မှုများ၊ ရေကြီးရေလျှံမှုများနဲ့ နေသားတကျ ရှိနေခဲ့ပါတယ်။
 
ပြီးခဲ့တဲ့နွေရာသီမှာ အပူရှိန်တွေ ပြင်းထန်စွာ မြင့်တက်ခဲ့တာကြောင့် အပူဒဏ်ကို ခံစားခဲ့ရတဲ့ ရန်ကုန်မြို့နေသူများအတွက် မိုးတွင်းကာလကို ရောက်ရှိပြန်ခဲ့တဲ့အချိန်မှာလည်း မြို့ပြကျပ်တည်းမှုဒဏ်တွေကို ဆက်လက်ခံနေကြရပါတယ်။ 
 
တာဝန်ရှိသူတွေက ရန်ကုန်မြို့ရဲ့ မိုးရာသီကာလတွေမှာ ရေကြီးရေလျှံမှုများ မဖြစ်အောင် ကြိုတင်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့မှုတွေဟာလည်း ရေကြီးရေလျှံမှုများကိုတော့ တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။ ထုံးစံအတိုင်း မိုးရွာမှုများတိုင်း ရန်ကုန်မြို့က လမ်းတွေပေါ်မှာ ရေတွေဖွေးနေတာကို တွေ့နေရဆဲပါ။ အဲဒီလို ရေကြီးရေလျှံတိုင်းလည်း သိမ်းဆည်းထားခြင်းမရှိတဲ့ စည်းကမ်းမဲ့ အမှိုက်သရိုက်တွေဟာ ရေပေါ်မှာ ပေါလောပေါ်နေကြဆဲပါ။ ရေဆင်းမြောင်းတွေမှာ ပိတ်ဆို့နေတဲ့ အမှိုက်သရိုက်များကြောင့် ရေမြောင်းတွေ ကောင်းကောင်းမစီးနိုင်ခဲ့တာတွေဟာ ရန်ကုန်မြို့ရဲ့ မိုးရာသီပြယုဂ်ဖြစ်နေခဲ့တာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။နှစ်စဉ် မိုးကြိုကာလဖြစ်တဲ့ နွေရာသီကာလတွေမှာ ကျပ်ဘီလျှံနဲ့ချီတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို အသုံးပြုပြီး ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေဖို့ ဆောင်ရွက်မှုတွေဟာလည်း ရေကြီးရေလျှံမှုများကိုတော့ အပြည့်အဝကာကွယ်နိုင်ခြင်း မရှိသေးပါဘူး။ ရေကြီးရေလျှံမှုများကြောင့် နောက်ဆက်တွဲပြဿနာတွေ ရှိနေပါတယ်။
 
ရေကြီးရေလျှံမှုများဖြစ်လာတဲ့နောက် အကျိုးသက်ရောက်မှုကတော့ ယာဉ်ကြောပိတ်ဆို့မှုတွေကို ပိုပြီးဆိုးရွားသွားစေပါတယ်။ နဂိုကတည်းက ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းမှုတွေဖြစ်နေတဲ့ ရန်ကုန်မြို့ဟာ ရေကြီးရေလျှံမှုများ ဖြစ်လာတဲ့အချိန်မှာ အလွန်ကို ကျပ်တည်းသွားတတ်ပါတယ်။ မော်တော်ယာဉ်တွေဟာ ရေကြီးရေလျှံနေတဲ့နေရာတွေကို ရှောင်ရှားဖို့ ကြိုးစားကြရင်း ဖြစ်ပေါ်လာတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် လမ်းပေါ်မှာ နာရီနဲ့ချီပြီး ပိတ်ဆို့နေလေ့ရှိကြပါတယ်။ 
ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာတဲ့ နောက်မှာတော့ ယာဉ်ကို စည်းကမ်းမဲ့မောင်းနှင်မှုတွေဟာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတတ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေက လွတ်မြောက်မို့အတွက် မော်တော်ယာဉ်တွေဟာ သူထက်ငါ အလုအယက် မောင်းနှင်ကြရင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုတာတွေကို ပျော်ပျော်ကြီး ချိုးဖောက်ကြပါတယ်။ဆိုးတာက အဲဒီလိုရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး ယာဉ်ကြောပိတ်ဆို့နေတဲ့နေရာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်ဖြေရှင်းပေးတာမျိုး မတွေ့ရတတ်ပါဘူး။ မြို့တော် စည်ပင်လည်း မတွေ့ရသလို ၊ ယာဉ်ထိန်းရဲတွေလည်း မတွေ့ရတတ်ပါဘူး ။ တခြားအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း မတွေ့ရတတ်ပါဘူး။ ကိုယ့်နည်းကိုယ်ဟန်နဲ့သာ ဖြေရှင်းသွားလာကြရလေ့ ရှိပါတယ်။
 
ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာဘဲ မောင်းနှင်ကြတဲ့နောက် နောက်ဆက်တွဲအဖြစ် ယာဉ်တိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြား ရောက်နေတဲ့ မော်တော်ယာဉ်တွေဟာ ပိတ်ဆို့မှုက ရုန်းထွက်ရင်း ယာဉ်အချင်းချင်းငြိတာတွေ ဖြစ်လာတတ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျော့ပေးမယ့်သူ မရှိတဲ့နောက် မော်တော်ယာဉ်တွေဟာ စနစ်တကျမောင်းနှင်ခြင်း မရှိကြတာကြောင့်  ယာဉ်အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်စေပါတယ်။အဲဒီလို ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် တစ်နေရာ နဲ့ တစ်နေရာ သွားလာရေးတွေ ပြတ်တောက်တစ်ဆို့ပြီး အများပြည်သူသွားလာရေးကို ထိခိုက်စေပါတယ်။ မြို့နေလူထုတွေဟာ တစ်နေရာက တစ်နေရာသွားဖို့အချိန်များစွာပေးရသလို ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကုန်ကျစရိတ်တွေ တက်လာပါတယ်။အဲဒီလိုအချိန်တွေမှာ အငှားယာဉ်တွေငှားမယ်ဆိုရင် ပုံမှန်ထက် ဈေးပိုပေးရလေ့ရှိပြီး ခရီးသည်တင်ယာဉ်လိုင်းတွေ ပြေးဆွဲမှုလျော့ကြသွားလေ့ရှိတာကြောင့် သွားရေးလာရေး ခက်ခဲမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
 
မိုးကြီးရေလျှံခြင်းရဲ့နောက်ဆက်တွဲ ထိုးနှက်ချက်တစ်ခုကတော့ လမ်းများ ပျက်ဆီးခြင်းဖြစ်ပါတယ်။ နဂိုကတည်းက ကြံ့ခိုင်မှုလိုအပ်ချက်ရှိတဲ့ လမ်းတွေဟာ ရေဝပ်ခြင်းနဲ့အတူ ယာဉ်အသွားအလာများတဲ့နောက် ဆိုးရွားစွာ ပျက်ဆီးသွားလေ့ရှိပါတယ်။ အခု မိုးရာသီမှာလည်း ရန်ကုန်မြို့မှာ လမ်းတွေပျက်စီးမှုဖြစ်ပေးနေပေမယ့် ပြင်ဆင်မယ့်အရိပ်အယောင်ကိုတော့ မတွေ့ရသေးပါဘူး။ တချို့လမ်းတွေဟာ လကမ္ဘာရဲ့မျက်နှာပြင်သဖွယ် ချိုင့်ခွက်တွေ တင်းကျမ်းပြည့်နေပါတယ်။ ချိုင့်တွေထဲ ရေတွေ ဝင်နေတာကြောင့် ချိုင့်အတိမ်အနက်ကို မသိရပါဘူး။ အဲဒီချိုင့်တွေ ရှောင်မောင်းရ လို့ ယာဉ်အသွားအလာတွေ လေးဖင့်သွားပါတယ်။ အဲဒီနောက် ချိုင့်တွေရှိနေတဲ့ နေရာတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာပါတယ်။လမ်းတွေ ဆိုးရွားစွာ ပျက်ဆီးနေတာကို ချက်ခြင်းပြုပြင်မှုမရှိတော့ လမ်းတွေက ပိုဆိုးလာပါတယ်။ လမ်းပိုဆိုးလာတော့ ယာဉ်ကြောတွေ ပိုပိတ်လာပါတယ်။
 
ဒီလိုရေကြီးရေလျှံမှုတွေ နှစ်စဉ်ဖြစ်နေတာ ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိနေတာတွေကို သက်ဆိုင်ရာက ဖြေရှင်းပေးမှုကတော့ အားရစရာမရှိပါဘူး။ ရေကြီးရေလျှံတာ လျော့ကျဖို့ ရန်ကုန်မြို့ရဲ့နေရာအချို့မှာ တူးဆွမှုတွေ လုပ်နေပေမယ့် မိုးများရင်ရေကြီးတုန်း ရေလျှံတုန်းပါပဲ။ ပျက်တဲ့လမ်းအချို့ကို ပြင်ရာမှာလည်း စနစ်တကျရေရှည်ခံအောင် မပြင်ဘဲ လက်ပူတိုက်တဲ့ပြင်နည်းတွေ သုံးနေဆဲပါပဲ။ ဖြေရှင်းပေးရမယ့်ကိစ္စတွေရှိနေပေမယ့် တာဝန်ရှိနေသူတွေ မျက်ကွယ်ပြုထားတာတွေလည်း ဖြစ်နေဆဲပါ။ ပြဿနာတိုင်းအတွက် ရေရှည်အစီအမံမရှိဘဲ ဟိုဟာကောင်း နိုးနိုး ဒီဟာကောင်းနိုးနိုး လုပ်ဆောင်နေမှုတွေကြောင့် ရန်ကုန်မြို့ခံတွေဟာ မြို့ပြဆိုင်ရာ အခက်အခဲတွေ ကြုံနေရတာဖြစ်ပါတယ်။ ဒါကြောင့် နှစ်တိုင်းဖြစ်နေတဲ့ ရန်ကုန်မြို့ရဲ့ ရေကြီးရေလျှံမှုတွေနဲ့နောက်ဆက်တွဲပြဿနာတွေကို ဘယ်လိုဘယ်ပုံဖြေရှင်းကြမလဲဆိုတာ တာဝန်ရှိသူတွေ စဉ်းစားသင့်ကြပြီဖြစ်ပါတယ်။ ဖြစ်လာတာတွေကို တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုဘယ်ပုံ တာဝန်ယူကြမလဲဆိုတာလည်း ပြည်သူတွေကို အသိသင့်ပေးသင့်ပါပြီ။ ပြည်သူဘဏ္ဍာစားထားတဲ့သူတွေဟာ ပြည်သူတွေအကျိုးကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဟိုအကြောင်းဒီအကြောင်းပြပြီး ငါတို့နဲ့ မဆိုင်ဘူးလို့ ငြင်းလို့ မသင့်တော်ပါဘူး။ တာဝန်ကို ဘယ်လိုခွဲဝေယူကြမလဲဆိုတာသာ အမှန်ဖြစ်ပါတယ်။ ဒါကြောင့် ရေကြီးတိုင်း၊ ယာဉ်ကြောပိတ်တိုင်း တာဝန်ရှိသူတွေအနေနဲ့ငါတို့နဲ့ဆိုင်ကြောင်းနည်းနည်း တွေးပေးကြဖို့လိုပါတယ်။

Most Read

Most Recent