လောကကို စိုးမိုးသော စိတ်များ

လောကကို စိုးမိုးသော စိတ်များ
Published 3 July 2015
သန်းထိုက် (သာကေတ)

ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပါသောလူတိုင်းတွင် စိတ်ဆိုသောအရာ ရှိကြသည်။ လူတို့၏ မြင်ရသောရုပ်ခန္ဓာကို ကိုယ်ဟုခေါ်ကြပြီး ကိုယ်တွင်းရှိ မမြင်ရသောအရာသည် စိတ်ဖြစ်သည်။ လူ၏စိတ်မည်သည့်နေရာတွင် ရှိသည် တည်သည်ကို သတ်မှတ်ဖို့ရာ ခက်ခဲပါသည်။ ဆေးသိပ္ပံပညာအရမူ ဦးနှောက် ပုံမှန်မဟုတ်သူတစ်ယောက်ကို စိတ်ရောဂါရှိသူဟု သတ်မှတ်လေ့ရှိကြသည်။ လူတို့တွင် ဘဝင်စိတ်၊ ဝိညာဉ်စိတ်၊ ပဋိသန္ဓေစိတ်၊ စုတိစိတ်တို့ ရှိကြောင်းလည်း ဘာသာရေးဆိုင်ရာစာပေအဆိုအမိန့်များတွင် မှတ်သားဖူးပါသည်။
 
လူတစ်ယောက်တွင် ရုပ်နှင့်စိတ် ရှိသည်။ ရုပ်မရှိဘဲ စိတ်တည်းသာရှိနေသူ၊ စိတ်မရှိဘဲ ရုပ်တည်းသာရှိနေသူကို လူဟုခေါ်၍ မရနိုင်ပါ။ ထိုအင်္ဂါရပ်နှစ်ခုစလုံး ပြည့်စုံနေသူကိုသာ လူဟုခေါ်ကြသည်။ လူတွင် ရုပ်ခန္ဓာ၊ အသက်နှင့်စိတ်ရှိရာတွင် ခန္ဓာနှင့်အသက်ရှိရုံနှင့် မလုံလောက်ပါ။ စိတ်ရှိမှ သက်ဝင်လှုပ်ရှားနေနိုင်မည်။ လူတစ်ယောက်တွင် မွေးရာပါစိတ်ရှိသည်။ ထိုစိတ်သည် လူ့စိတ်ပင်ဖြစ်သည်။ 
 
လူ့စိတ်သည် မွေးရာပါစိတ်၊ သဘာဝစိတ်ရိုင်းဖြစ်သည်။ ပြုပြင်မွမ်းမံမခံရသေးသောစိတ် ဖြစ်သည်။ စားချင် ဝတ်ချင် သောက်ချင်စိတ်၊ လှချင်စိတ်၊ အနိုင်ယူချင်စိတ်၊ အသာလိုချင်စိတ်၊ မနာလိုစိတ်၊ ရက်စက်ကြမ်းကြုတ်သောစိတ်၊ တစ်ကိုယ်ကောင်းစိတ်၊ အတ္တကြီးစိတ်၊ ရယူပိုင်ဆိုင်လိုစိတ်၊ အောင်မြင်ကျော်ကြားချင်စိတ်၊ အများလေးစားခံချင်စိတ်၊ နာခံစေချင်စိတ်၊ ဆန့်ကျင်တုဖက်မလုပ် စေချင်စိတ်၊ သွေးထိုးလှုံ့ဆော်ချင်စိတ်၊ ညီညွတ်မှုပျက်ပြားစေချင်စိတ်တို့လည်း ရှိတတ်သည်။ ထိုစိတ်များသည် လူစိတ်များဖြစ်ကြသည်။ 
လူ့စိတ်သည် မွေးရာပါစိတ်ဖြစ်ပြီး အရောင်မတင် မခွဲ မပြတ်အချောမကိုင်ရသေးသော ကျောက်ရိုင်းတစ်ပွင့်ပင် ဖြစ်သည်။
 
လူ့စိတ်ရိုင်းများကို မိဘ၊ ဆရာ၊ ပတ်ဝန်းကျင်၊ ဘာသာတရားတို့နှင့် သွန်သင်ပြသပေးရာမှ လူ့စိတ်ဖြစ်လာသည်။ အသိဉာဏ်ပညာ နှင့် ထိန်းသိမ်းစောင့်ရှောက်ထားသည်။ လူ့စိတ်များစွာရှိရာတွင် ချုပ်လိုက်ပါက နှစ်မျိုးသာဖြစ်သည်။ စိတ်ဆိုး၊ စိတ်ကောင်း၊ စိတ်ယုတ်၊ စိတ်မြတ်သာဖြစ်ပါသည်။ စိတ်ဆိုး စိတ်ယုတ်ရှိသူ မကောင်းသောစိတ်ရှိသူကို လောက၌ ပြောလေ့ရှိပါသည်။ လူစိတ်မရှိသူ  လူမဆန်သူဟု။ လူတိုင်းတွင် လူ့စိတ်ရှိသည်။ လူတိုင်း၏ လူ့စိတ်သည် လူစိတ်မဖြစ်နိုင်ပါ။ လောဘ၊ ဒေါသ၊ မောဟတို့မှ အခြေတည် ပေါက်ဖွားလာသောစိတ်သည် လူ့စိတ်ဖြစ်သည်။ အသိဉာဏ်ပညာနှင့် ကိုယ်ကျင့်တရားများမှ အခြေခံပေါက်ဖွားသောစိတ်သည်သာ လူ့စိတ်ဖြစ်သည်။
 
လူတစ်ယောက် ကိတ်မုန့်စားနေတာကို မြင်၍ စားချင်စိတ်ပေါ်လာတတ်သည်။ စားချင်သော ထိုစိတ်သည် လူ့စိတ်ဖြစ်သည်။ စားချင်သော လူ့စိတ်ကြောင့် ထိုသူ၏ ကိတ်မုန့်ကို လုယူစားသောက်မည်ဆိုလျှင် ထိုသူ၏ စိတ်သည် လူစိတ် မဖြစ်တော့ပါ။ ထို့အတူ သူတစ်ပါး ပစ္စည်းဥစ္စာ၊ သားမယားကို လုယူချင်သောစိတ်သည် လူ့စိတ်(အရိုင်းစိတ်)သာ ဖြစ်ပြီး လူစိတ်(အယဉ်စိတ်)မဟုတ်ပါ။ မိမိပြုလုပ်သောစိတ်သည် အနိုင်ကျင့်ခြင်း၊ မတရားပြုခြင်း၊ ကိုယ်ချင်းစာစိတ်ကင်းမဲ့ခြင်း တို့ ပါဝင်နေသည့်အတွက် မတော်လောဘစိတ်၊ လူ့စိတ်သာ ဖြစ်သည်။ ရွေးကောက်ပွဲမှာ တရားမျှတမှန်ကန်မှုမရှိပါက နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှု ပြုလုပ်မည်ဟု သတိပေးထားသည်။ ပိတ်ဆို့အရေးယူခံရလျှင် ပြည်သူတွေသာ အထိနာမည်။ မိမိတို့ကို ထိခိုက်စရာမရှိ၍ ဂရုစိုက်စရာမလိုဟု ခံယူသော စိတ်သည် လောဘစိတ်၊ မောဟစိတ်တို့မှ ဖြစ်လာသည့် လူ့စိတ်ဖြစ်သည်။ ပြည်သူတို့ ထိခိုက်နစ်နာမှုမရှိစေရန် ဆောင်ရွက်ချင်စိတ် ပြုလုပ်သောစိတ်သည်သာ လူစိတ်ဖြစ်သည်။
 
လူ့သမိုင်းတွင် ထင်ရှားသောမင်းများဖြစ်သည့် အဇာတသတ်၊ အသောကမင်းတို့တွင်ရှိသော မူလစိတ်သည် လူ့စိတ်ဖြစ်သည်။ လိုချင်တပ်မက်သော လောဘစိတ်၊ နှိပ်စက်ညှဉ်းပန်းအနိုင်ယူလိုသော ဒေါသစိတ်၊ လူသားမဆန်၊ လူ့ဂုဏ်သိက္ခာနှင့်မညီသော ရက်စက်ကြမ်းကြုတ်စိတ်၊ အတ္တစိတ်၊ ကျော်စောထင်ရှားလိုစိတ်၊ ဘဝင်စိတ်တို့သာ လွှမ်းမိုးနေခဲ့သည်။ လူ့စိတ်က အားလျော့နေခဲ့သည်။ အဇာတသတ်မင်းကြီးသည် ဖခင်ကိုသတ်ပြီး ဆရာကောင်းသမားကောင်းနှင့်တွေ့ပြီးမှ လူသားဆန်သည့် စိတ်၊ မြင့်မြတ်ကောင်းမွန်သော စိတ်၊ လူစိတ်များဖြစ်ပေါ်လာခဲ့သည်။ သူ၏ စိတ်ရိုင်းကို ဆရာသမား၊ အသိဉာဏ်ပညာ၊ ကိုယ်ကျင့်သိက္ခာတရားများက အယဉ်စိတ်(လူစိတ်)သို့ ပြုပြင်ပေးခဲ့သည်။
 
ထို့အတူ အသောကမင်းကြီးသည်လည်း ဖြတ်သန်းခဲ့ရသည်။ မိမိ၏ဘာသာအယူဝါဒ၊ ဆရာသခင်တို့၏ လမ်းညွှန်ပဲ့ပြင်မှုမရသော၊ မှားသောအခါတွင် လူစိတ်ပျောက်နေခဲ့သည်။ ရက်စက်ကြမ်းကြုတ်ခဲ့သည်။ လောဘ၊ ဒေါသ၊ မောဟ ကြီးစိုးသည့် လူ့စိတ်သာ ကြီးစိုးနေခဲ့သည်။ စစ်ပွဲများစွာ တိုက်ခဲ့သည်။ လူသတ္တဝါများစွာ သေကျေစေခဲ့သည်။ ငြိမ်းချမ်းခြင်း၊ သာယာခြင်း၊ တရားမျှတခြင်းများကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုထိုအနိဋ္ဌာရုံများစွာ ပြုလုပ်ပြီးမှသာ သတိသံဝေဂရရှိပြီး လူ့စိတ်ကို လူစိတ်သို့ ပြောင်းယူခဲ့သည်။ 
ရက်စက်ကြမ်းကြုတ်ခြင်းမှ နူးညံ့သိမ်မွေ့ခြင်း၊ မုန်းတီးခြင်းမှ ချစ်ခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ ကြင်နာသနားခြင်း၊ စောင့်ရှောက်ခြင်း၊ စွန့်လွှတ်ခြင်း၊ သည်းခံခြင်းတရားများကို ပြုပြင်ပြောင်းလဲခဲ့သည်။ လူကောင်းလူမြတ်တစ်ယောက်တွင် ရှိအပ်သည့် လူစိတ်များကို ပြုစုပျိုးထောင်ခဲ့သည်။ သူ၏ လူစိတ်ကြောင့် လောကလူအများ ချမ်းသာခဲ့ကြသည်။
 
ယနေ့ကမ္ဘာလောကကြီးတွင် လောဘ၊ ဒေါသ၊ မောဟတရားတို့ကို မထိန်းသိမ်းမစောင့်ရှောက်နိုင်သည့် လူ့စိတ်ရှိသူများကြောင့် လူစိတ်ရှိသူတို့ သောကဗျာပါဒများ နေရသည်။ ဒုက္ခတွေ ဝေနေရသည်။ ယနေ့ လူ့လောကသည် လူ့စိတ်နှင့် လူစိတ်တို့ အား ပြိုင်သောအချိန်ဟု ဆိုချင်သည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ မေတ္တာထားခြင်းဟူသော လူပီသသည့်စိတ်၊ မြင့်မြတ်သော စိတ်ကောင်းတို့ မှေးမှိန်အားပျော့နေသည်။ လူ့စိတ်ကြီးစိုးသော လူသားများသာ အရှိန်အဟုန်နှင့် တိုးပွားလာနေသည်။ လူစိတ်ရှိသော လူသားများကား နှေးကွေးစွာ တိုးတက်နေသည့်ကာလဖြစ်သည်။ လောကတွင် ဖြစ်နေ၊ မြင်နေ တွေ့နေရသောလူသတ်မှု၊ ရက်စက်ယုတ်မာမှု၊ မတရားမှု၊ ကောက်ကျစ်စဉ်းလဲမှုတို့က သက်သေပြုနေသည်။ လောကတွင် လူ့စိတ်ကြီးစိုးလျှင် ဒုက္ခများမည်။ သောကကြုံ မည်။ လူစိတ်ကြီးစိုးလျှင် ငြိမ်းချမ်းသာယာမည်။ ချမ်းမြေ့မည်။ တရားမျှတလွတ်လပ်ခြင်း စည်ပင်ဖွံ့ဖြိုးမည်။ ထို့ကြောင့် လူ့စိတ်ကို လူစိတ်လို ပြုစုပျိုးထောင်ပေးရန် အရေးကြီးလှသည်။ လောကကို အုပ်စိုးသောအရာသည်  ရုပ်မဟုတ် စိတ်သာဖြစ်သည်။ ရုပ်ဝတ္ထုတိုး တက်နေရုံမျှနှင့် လူ့လောကကြီး မတိုးတက်နိုင်ပါ။ ရုပ်ဝတ္ထုနှင့်တစ်ပြေးညီ လူစိတ်တို့ တိုးတက်ဖို့ လိုအပ်သည်။
 
လူ့စိတ်သည် မကောင်းမှု အနိဋ္ဌာရုံများကို အားပေးတတ်သည်။ လူစိတ်သည် ကောင်းမှုကို ဖြစ်စေသည်။ လူ့စိတ်နှင့် လူစိတ်ကသာ လောကကြီး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မည်။ ကမ္ဘာကြီးတွင်ရှိသော လူသန်းပေါင်း ခုနစ်ထောင်ကျော်တွင် လူစိတ်သည် ရှားပါးနေသည်။ လူ့စိတ်များက ပေါများနေသည်။ လူ့စိတ်သည် ရှင်သန်ကြီးထွားရန် လွယ်ကူသည်။ လူစိတ်က ရှင်သန်ဖွံ့ဖြိုးဖို့ ခက်သည်။ လူ့စိတ်သည် အလေ့ကျပေါက်သော  အပင်ရိုင်းလို ဖြစ်သည်။ လူစိတ်က အသိဉာဏ်ပညာ ကိုယ်ကျင့်တရားဆိုသော ရေမြေသြဇာကောင်းဖို့ လိုအပ်သည်။ ယနေ့ကမ္ဘာကြီးတွင် ရေခံမြေခံနှင့် မြေဆီသြဇာကောင်းများ ရှားပါးစပြုလာနေပြီဖြစ်သည်။ အချိန်မီပြုပြင် ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိပါက ကမ္ဘာလောကကြီးတစ်ခုလုံးကို အလေ့ကျပင် (လူ့စိတ်ရိုင်း)များ ဖုံးလွှမ်းသွားလိမ့်မည်။ လူစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပါမူ လူ့လောကကြီးသည် အနှေးနှင့် အမြန်ပျက်စီးမည်မှာ ဧကန်ဖြစ်သည်။

Most Read

Most Recent