“အမှိုက်”

“အမှိုက်”
Published 2 July 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
မလိုအပ်၍ စွန့်ပစ်သင့်သော၊ သို့မဟုတ်၊ စွန့်ပစ်ရန် စုပုံထားရသော အရာကို “အမှိုက်” ဟုခေါ်သည်။ ဘုရားခန်းနှင့် ဧည့်ခန်းဆောင်တို့၌ တွယ်ငြိရစ်ထွေးနေသော ပိုးမျှင်များ၊ ဖွင့်ထားသော တံခါးချပ်များမှ တိုးဝှေ့ဝင်ရောက်လာသော ဖုန်မှုန့်များ၊ မီးဖိုချောင်၌ ရှုပ်ပွညစ်ပေနေသော စားကြွင်းစားကျန်များ၊ အိမ်ဥပစာ, ကျောင်းဥပစာတို့၌ ကြွေသက်လွင့်ဝဲလာသော သစ်ရွက်ကြွေနှင့် အိပ်ခွံ,ဘူးခွံများ စသည်ဖြင့် အမှိုက်တွေက အရေအတွက် များလှသည်။အိမ်တစ်အိမ်ရောက်လျှင် ဘုရားခန်းနှင့် မီးဖိုချောင်ကို ကြည့်ပြီး အိမ်ရှင်မ၏ အရည်အချင်းကို အကဲခတ်နိုင်သည့် နည်းတူ၊ ဘုန်းကြီးကျောင်း တစ်ကျောင်းရောက်လျှင်လည်း သံဃာအများ အသုံးပြုသည့် ကုဋိကိုကြည့်ပြီး ထိုကျောင်းတိုက်၏ စည်းကမ်းကောင်း,မကောင်းကို အကြမ်းဖျင်းအားဖြင့် အကဲခတ်၍ ရစကောင်း၏ဟု ဆရာတို့ ဆိုဖူးသည်။သင်နေထိုင်ရာ အဆောက်အအုံသည် တဲဖြစ်ချင် ဖြစ်မည်၊ တိုက်ဖြစ်ချင် ဖြစ်မည်။ တဲနှင့်တိုက်သည် သင့်ဥစ္စာဓနကို တိုင်းတာရာ၌ အခြေခံ အချက်အလက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သင့်အဇ္ဈတ္တနှင့် သင့်အမူ အကျင့်ကို တိုင်းတာရာ၌ အခါခပ်သိမ်း မှန်ကန်သော အရာများ မဖြစ်နိုင်။ အသုံးအဆောင် ပစ္စည်းပစ္စယများ ဟိုတစ်စသည် တစ်စရှုပ် ထွေးပြန့်ကျဲနေသော တိုက်ခံအိမ် တစ်လုံးထက် ရှိသမျှ ပစ္စည်းကလေးများကို နေရာတကျ သပ်သပ်ရပ်ရပ် ထားရှိသော တဲအိမ်တစ်လုံး၏ အခင်းအကျင်းက မြင်သူတကာ၏ ရင်နှလုံးကို အေးချမ်းစေပါလိမ့်မည်။ 
(၂)
အိမ်တစ်အိမ်၊ ကျောင်းတစ်ကျောင်း၏ အမူအကျင့်နှင့် စိတ်နေစိတ်ထားကို ထိုအိမ်, ထိုကျောင်း၏ သန့်ရှင်းသပ်ရပ်မှုကို ကြည့်ပြီး အကဲခတ်၍ ရနိုင်သည့် နည်းတူ၊ မြို့တစ်မြို့၊ နိုင်ငံတစ်နိုင်ငံ၏ လူနေမှု အဆင့်ကိုလည်း ထိုမြို့၊ ထိုနိုင်ငံ၏ သန့်ရှင်းသပ်ရပ်မှုကို ကြည့်ပြီး ကောက်ချက်ဆွဲ၍ ရစကောင်း၏ဟု ထင်သည်။မြို့ကြီးပြကြီးတို့၌ အမှိုက်သိမ်းစနစ် ရှိသည်။ လူစည်ကားရာ ဌာနတို့၌ အမှိုက်ပုံးများ ထားပေးရခြင်း အလေ့ရှိသည်။ နိုင်ငံအသီးသီး၏ မြို့ပြများ သန့်ရှင်းမှု ကိစ္စအတွက် စည်ပင်သာယာ ဝန်ထမ်းများကိုလည်း ခန့်အပ်ထားကြရစမြဲ။ သို့သော်၊ လူအကြည့် ခံနိုင်သည့် တော်ဝင်,တန်းဝင် မြို့ပြနိုင်ငံတစ်ခု ဖြစ်လာရေးသည် စည်ပင်သာယာ၏ကိစ္စ သက်သက်မဟုတ်။ နိုင်ငံသားအားလုံး၏ အမူအကျင့် စိတ်နေစိတ်ထားနှင့်လည်း အများကြီး ဆိုင်ပါသည်။“အကြွေများကို စုဆောင်းထားပါ၊ ရာတန်တွေ သင့်ဆီ ရောက်လာပါလိမ့်မည်” ဟု အဆိုရှိသည်။ နိုင်ငံတော်က တစ်ဦးချင်း, တစ်ယောက်ချင်း၏ အရည်အသွေးကောင်း များစွာကို လိုအပ်နေသည်။ တစ်ဦးချင်း တစ်ယောက်ချင်းက သန့်ရှင်းမှုကို အလေးထားကြဖို့ လိုပါသည်။ သို့မှသာ၊ တစ်ဦးချင်းများစွာဖြင့် တည်ဆောက်ထားသော မြို့ကြီးပြကြီးများ သန့်ရှင်းလှပနိုင်မည်။ သို့မှသာ မြို့ကြီးများစွာဖြင့် တည်ဆောက်ထားသော နိုင်ငံတော်က သန့်ရှင်းသပ်ရပ်လာမည်။ မျက်နှာပန်း လှလာမည်။ နိုင်ငံကြီးသားများစွာတို့၏ အထင်သေး, အမြင်သေးခြင်း ဘေးမှလည်း ကင်းဝေးပါလိမ့်မည်။ကိုယ်တွေ့ဖြစ်စဉ် တစ်ခုကို ပြောပြချင်ပါသည်။ လွန်ခဲ့သောနှစ်က ပြည်ပနေ မိတ်ဆွေတစ်ယောက် မြန်မာပြည်ကို အလည်အပတ် ပြန်ရောက်လာသည်။ ထိုကာလ၌ပင် မိမိတို့ ရပ်ရွာ၌ အမေနေ့ ဟောပြောပွဲ ကျင်းပသည်။ “မြန်မာပြည်ပြန်ရောက်သခိုက် ပြည်ပအတွေ့အကြုံလေးတွေ ဟောပေးပြောပေးပါဦး” ဆိုပြီး မိမိ၏ညီတော်မောင် ဦးဇင်းတစ်ပါးက ပြည်တော်ပြန် မိတ်ဆွေကို လှမ်းဖိတ်သည်။သူ မုံရွာရောက်နေသည်။ မုံရွာမှတစ်ဆင့် စစ်ကိုင်းကို လာရမည်။ ဟောပြောပွဲလုပ်မည့် မိမိတို့ရွာကို သူမရောက်စဖူး။ သို့သော်၊ ကိစ္စမရှိ၊ “ကောင်းမှုတော်ဘုရား အရှေ့တောင်ထောင့်၊ ခရိုင်ချင်းဆက် လမ်းထိပ်က စောင့်နေ၊ ရွာက ဆိုင်ကယ်လွှတ်လိုက်မည်” ဟု ဖုန်းချင်း အဆက်အသွယ် လုပ်ထားကြသည်မို့ အဆင်ပြေပါသည်။ သူရောက်လာပြီ။ မုံရွာကားပေါ်မှ ဆင်းလိုက်သည်။ ခရိုင်ချင်းဆက် လမ်းကိုလည်း တွေ့ပြီ။ ဒီနေရာက စောင့်နေလိုက်ရုံပါပဲ။ ဆိုင်ကယ်စောင့်ရင်း ပါလာသော ကိုကာကိုလာ သံဘူးကို ဖောက်သောက်လိုက်သည်။ သံဘူးကို စွန့်ပစ်လိုက်မည်ဆိုတော့ ပစ်စရာ အမှိုက်ပုံးကို ရှာမတွေ့။ထိုစဉ်၊ ဆိုင်ကယ်ဖြင့် လာကြိုသော ကောင်လေးတွေ ရောက်လာသည်။ လက်ထဲ သံဘူးတစ်ဘူးကိုင်ပြီး ရပ်နေသော လူတစ်ယောက်ကို တွေ့သည်။ ပုံပန်းဖမ်းပြီး အမေးအမြန်း လုပ်ကြည့်တော့ သူတို့ကြိုဆိုရမည့် သူဆိုတာ သေချာခဲ့ပြီ။ “ကဲ၊ အာစရိ အဆင်သင့်ဖြစ်ရင် သွားကြမယ်လေ” ဆိုတော့ “နေဦးကွ၊ ဒါကြီးကို ဘယ်ပစ်ရမှန်း မသိလို့” ဟုဆိုသည်။ ‘ဘာလဲ’ လို့ ကြည့်လိုက်တော့ အစောကြီးကတည်းက သူတို့မြင်ထားပြီးဖြစ်သော သံဗူးခွံကြီး ဖြစ်နေသည်။ရွာကကောင်လေးတွေ တအံ့တသြ ဖြစ်သွားသည်။ “အာစရိကလည်းဗျာ၊ အဲဒီ ဘူးခွံကိုများ ဘယ်နေရာ ပစ်လိုက်ပစ်လိုက်၊ ရတာပဲဟာကို” ဆိုတော့မှ၊ ပြည်တော်ပြန် မိတ်ဆွေလည်း မူရင်းမြန်မာဓလေ့ကို ပြန်လည်ဆင်ခြင်မိသွားကာ လမ်းဘေးချုံပုတ်ထဲ လှမ်းပစ်လိုက်ရသည်တဲ့။ 
(၃)
ပြီးခဲ့သည့် လပိုင်းက အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံကို ရောက်ဖြစ်သွားသည်။ တစ်နိုင်ငံကတော့ မြန်မာနှင့် မတိမ်းမယိမ်းပါပဲ။ တစ်နိုင်ငံကတော့ မြန်မာနှင့် အတော်လေး အလှမ်းကွာဟနေတာကို သတိပြုမိခဲ့သည်။လူတွေအများကြီး၊ ကားတွေအများကြီး၊ အမှိုက်တွေအများကြီး ဖြစ်သော်လည်း လူကလူ၊ ကားကကား၊ အမှိုက်ကအမှိုက် ဖြစ်သည်။ သူ့နေရာနှင့်သူ တစ်ကန့်စီ ရှိနေကြသည်။ သူတို့ဆီမှာတော့ အမှိုက်က အမှိုက်နေရာမှာ ရှိနေသည်။ ထိုယဉ်ကျေးမှုက ထိုနိုင်ငံ၌ အမြစ်တွယ်ပြီး ဖြစ်နေပုံလည်း ရသည်။၂၀၁၅ ခုနှစ်ဦး၊ ဖေဖော်ဝါရီလက ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ကျင်းပရာ နတ်မောက်မြို့သို့ ရောက်ဖြစ်သည်။ လူတွေက အများကြီး၊ ကားတွေက အများကြီး၊ အမှိုက်တွေကလည်း အများကြီးဖြစ်သည်။ သို့သော်၊ သီးခြားစီ ရှိနေကြခြင်း မဟုတ်၊ ရောထွေးပြီး ရှိနေကြခြင်း ဖြစ်သည်။ ထိုပွဲတော်၌ ထိုကိစ္စကို ကြိုမြင်ထားဟန်တူသော အဖွဲ့အစည်းတစ်ခုက လူငယ်များကို တွေ့ရသည်။ စေတနာ့ဝန်ထမ်း အမှိုက်ကောက်အဖွဲ့။ အမှိုက်ထည့်စရာ အိတ်တစ်လုံးစီကို ပခုံး၌ ချိတ်ထားသည်။ အဖျား၌ ညှပ်ကလေး တပ်ဆင်ထားသော အမှိုက်ကောက် တုတ်ချောင်းတစ်ခုစီကို ကိုင်ထားသည်။ ထို့နောက်၊ လူတကာတို့ အလွယ်တကူ စွန့်ပစ်ခဲ့သမျှ အမှိုက်များကို ကောက်ပြီး အိတ်ထဲထည့်ကြသည်။ထိုမြင်ကွင်းကို မြင်ရသည့် ခဏ၌ ခံစားချက်နှစ်မျိုး တစ်ပြိုင်နက် ဝင်ရောက်လာသည်။ စေတနာ့ဝန်ထမ်း လူငယ်လေးများ၏ လုပ်ရပ်နှင့် စိတ်နေစိတ်ထားကို ကျေနပ်အားရ ဖြစ်မိခြင်းက တစ်မျိုး၊ အမှိုက်ကို တွေ့ကရာနေရာ စွန့်ပစ်ခြင်း ဓလေ့ကို မစွန့်ပစ်နိုင်သေးသည့် မိမိတို့ လူမျိုး၏ စိတ်နေစိတ်ထားကို အားမလိုအားမရ ဖြစ်မိခြင်းက တစ်မျိုး။ဘုရားမြတ်စွာ သာသနာတော်၌ ဘုရားပြီးလျှင် ဒုတိယနေရာ၌တည်သော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အလေ့အထ တစ်ခုကို ပြောပြလိုပါသည်။ အရှင်သာရိပုတ္တရာသည် သံဃာများ ဆွမ်းခံကြွချိန်၌ အများနှင့်အတူ လိုက်ပါမသွားသေးဘဲ နောက်ချန်နေရစ်မြဲ ဖြစ်သည်။ ကျောင်းတိုက်အတွင်း ထိုထိုဤဤ လှည့်လည်ကြည့်ရှု၍ အမှိုက်သရိုက်များ ရှုပ်ပွေနေသည်ကို မြင်လျှင် ကိုယ်တိုင်လှည်းကျင်းပြီး ကိုယ်တိုင်စွန့်ပစ်သည်။ အသုံးအဆောင်ပစ္စည်းများ နေရာတကျ ရှိမနေခဲ့လျှင်လည်း နေရာတကျဖြစ်အောင် ထားပေးလိုက်သေးသည်။ ပြီးမှ ဆွမ်းခံထွက်သည်။ မည်မျှ ကြည်ညိုဖွယ် ကောင်းလိုက်ပါသနည်း၊ မည်မျှအားကျ, အတုယူဖွယ် ကောင်းလိုက်ပါသနည်း။ 
(၄)
လောက၌၊ သူ့အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိ၊ မည်သူ့အတွက်မှ အကျိုးမရှိ။ လူပိုကြီးသက်သက်ပမာ ဖြစ်နေသူမျိုးကို ‘ဆန်ကုန်မြေလေး’ ဟု ဆိုတတ်ကြသည်။ ထိုစကားသည် ပိဿာ လေးဖြင့် နံဘေးကို အပစ်ခံလိုက်ရသည့်အလား အခံရခက်လှစွာ၏။ ထိုပုဂ္ဂိုလ်မျိုးအတွက် တင်စားပြောဆိုကြသော နောက်ထပ် စကားတစ်ခွန်းကတော့ ‘အမှိုက်’ တဲ့။အမှိုက်လှည်းကျင်း စွန့်ပစ်ခြင်းကြောင့် အကျိုးတရား (၅) ပါး ရနိုင်ကြောင်း ကျမ်းဂန်တို့၌ ပြဆိုထားသည်။ အဆိုပါ အကျိုးတရားတို့သည်ကား -၁။    မိမိကိုယ်တိုင် စိတ်ကြည်လင်ရခြင်း။၂။    သူတစ်ပါးတို့လည်း စိတ်ကြည်လင်ခြင်း။၃။    နတ်အများက နှစ်သက်ကြခြင်း။၄။    ကြည်ညိုခြင်းကို ဖြစ်စေတတ်သော ကုသိုလ်ကံကို ဆည်းပူးပြီးဖြစ်ခြင်း။၅။    သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ ရောက်ရခြင်းတို့ ဖြစ်သည်။ 
(၅)
ငါ့ရှင်၊ သင်သည် လူ့အခွင့်အရေးကို အပြည့်အ၀ ခံယူထိုက်သော လူသားတစ်ဦး ဖြစ်ပါ၏။ ထို့ကြောင့်၊ သင့်အခွင့်အရေးကို ကျွန်ုပ်တို့က တားမြစ်ဟန့်တားခြင်းငှာ မသင့်ပါ။ သင်ကြိုက်သည်ကို စား၍ သင်ကြိုက်သည်ကို သောက်ခြင်းသည် သင့်ကိစ္စ ဖြစ်ပါ၏။ သင်၏ အစားအသောက်ကိစ္စကို ကန့်သတ်ပိတ်ပင်ရန် ကျွန်ုပ်တို့၌ အခွင့်အရေး မရှိပါ။ သို့သော်၊ သင့်အမှိုက်ကိုတော့ သင်တာဝန်ယူရပါလိမ့်မည်။ သင့်လက်မှ အလွယ်တကူ လွတ်ကျခဲ့သော အမှိုက်တစ်စက သင့်ပတ်ဝန်းကျင်ကို အရုပ်ဆိုး အကျည်းတန်စေပါ၏။ အနှောင့်အယှက် ပေးနေပါ၏။ ထိုအချက်ကို သင်သတိမူမိပါစ။ “လူသည် အမှိုက်မဟုတ်” ဟုလည်း ကျွန်ုပ်တို့က ယုံကြည်ထားချင်ပါသည်။ကျမ်းကိုး-ဝိ၊ ၅၊ ၂၃၁။-သံ၊ ဋ္ဌ၊ ၂။ ၂၃၆။

Most Read

Most Recent