ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို စိုးရိမ်နေသောကြောင့် ထိုင်းက တရားမဝင် ငါးဖမ်းလုပ်ငန်းများကို တိုက်ဖျက်

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို စိုးရိမ်နေသောကြောင့် ထိုင်းက တရားမဝင် ငါးဖမ်းလုပ်ငန်းများကို တိုက်ဖျက်
Published 2 July 2015

တစ်နှစ်လျှင် ဒေါ်လာ ၁ ဘီလျံထိ ပို့ကုန်ဝင်ငွေ ရရှိနေသော ထိုင်းငါးဖမ်းလုပ်ငန်းကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူရန် ကြိုးပမ်းမှုများအား ရှောင်ရှားရန်အတွက် ထိုင်းနိုင်ငံက တရားမဝင် ငါးဖမ်းလုပ်ငန်းများကို နှိမ်နင်းနေပြီ ဖြစ်သည်။
ထိုင်းသည် ကမ္ဘာတွင် တတိယအကြီးဆုံး ပင်လယ်စာ ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ တရားမဝင် ငါးဖမ်းလုပ်ငန်းကို ထိုင်းက အချိန်လွန်မှ နှိမ်နင်းမှုကြောင့် လိုင်စင်မရှိသော ငါးဖမ်းရေယာဉ်များ ကမ်းကပ်ထားရပြီး ထိုင်းငါးဖမ်းလုပ်ငန်း တုံ့ဆိုင်းသွားမည့် အန္တရာယ်ရှိနေသည်။
ထိုင်းအစိုးရက မှောင်ခိုငါးဖမ်းလုပ်ငန်းကို နှိမ်နင်းရန် စည်းမျည်းသစ်များ ချမှတ်ခဲ့ပြီးနောက် ထိုင်းငါးဖမ်းလုပ်ငန်း  လုပ်ကိုင်သူများသည် လိုအပ်သော လုပ်ငန်းလိုင်စင်များ မရရှိကြတော့ကြောင်း ရွှေ့ပြောင်း အလုပ်သမားများက ပြောကြားခဲ့ကြသည်။ စည်းမျဉ်းစည်းကမ်းများ များပြားလွန်းပြီး အချိန်နည်းလွန်းကြောင်း ဥရောပသို့ ပုစွန်များ တင်ပို့သည့်လုပ်ငန်း လုပ်ကိုင်သော ထိုင်းငါးဖမ်း လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။
လုပ်ကိုင်ခွင့်သစ်ရရှိရန် စည်းမျဉ်းများ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ပါက လုပ်ငန်းရပ်ဆိုင်းရန် ပြင်ဆင်နေသော အသက် ၅၉ နှစ်အရွယ် အဆိုပါ လုပ်ငန်းရှင်က “ကျွန်တော်တို့က ဝင်ငွေမရှိဘဲ ပိုက်ဆံတွေပဲ ပေးနေရပါတယ်” ဟု ပြောကြားခဲ့သည်။
ပြန်လည်ပြင်ဆင်ထားသော စံနှုန်းသစ်များတွင် ငါးဖမ်းရေယာဉ်များ၌ ခြေရာခံကိရိယာများ တပ်ဆင်ခြင်း အပါအဝင် အခြားတင်းကျပ်သော စည်းမျဉ်းများလည်း ပါဝင်နေသည်။ တရားမဝင် ငါးဖမ်းလုပ်ငန်းကို              မနှိမ်နင်းပါက ထိုင်းနိုင်ငံမှငါးများကို တင်သွင်းမှု ပိတ်ပင်မည်ဟု ဥရောပသမဂ္ဂက ခြိမ်းခြောက်ထားသည်။
ငါးဖမ်းလုပ်ငန်းကို စောင့်ကြည့်ခြင်း၊ ထိန်းချုပ်အပြစ်ပေးခြင်းတို့ ထိထိရောက်ရောက် မဆောင်ရွက်သောကြောင့် ဧပြီလတွင် ဥရောပသမဂ္ဂကက ထိုင်းကို သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်သည်။ ခြောက်လအတွင်း တရားမဝင် ငါးဖမ်းလုပ်ငန်း နှိမ်နင်းရေးကို တိုးတက်အောင် မဆောင်ရွက်နိုင်ပါက ထိုင်းငါးတင်ပို့မှုကို တဖြည်းဖြည်း ပိတ်ပင်သွားမည်ဟု ဥရောပသမဂ္ဂက ပြောကြားထားသည်။
ဥရောပသို့ တင်ပို့ခွင့် ဆုံးရှုံးပါက တုံ့နှေးနေသော ထိုင်းစီးပွားရေးကို ထပ်မံထိခိုက်စေမည်ဖြစ်သည်။ ထိုင်းပြည်ပငါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ အဘီဆစ် တီချာနီတိစဝပ်က ငါးဖမ်းယာဉ် ၃၀၀၀ ခန့်သည် ဇူလိုင် ၁ ရက်မှစ၍ လုပ်ငန်းရပ်ဆိုင်း ထားရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ ငါးဖမ်းသမား အားလုံး၏ ရာခိုင်နှုန်း ၈၀ ခန့်သည် ပါမစ်များ လျှောက်ထားရန်အတွက် ပြန်လာနေကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းအစိုးရသည် စည်းမျဉ်းပြောင်းလဲ မှုများအတွက် အချိန်ပိုမိုပေးသင့်ကြောင်း အဘီဆစ်က ယူဆထားသော်လည်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းငါးဖမ်း             လုပ်ငန်းကို မစစ်ဆေးဘဲ ထားခဲ့သည်မှာ ကြာလွန်းခဲ့ပြီဖြစ်ကြောင်း ဇွန် ၃၀ ရက်က ပြောကြားခဲ့သည်။ ငါးဖမ်းလုပ်ငန်းများတွင် ကလေးလုပ်သားများ အသုံးပြုခြင်း၊ လူမှောင်ခိုကူး ခံရသူများကို အသုံးပြုခြင်းများ ရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲပြောကြားခဲ့သည်။               
Ref: AFP

Most Read

Most Recent