တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ စိတ်ကြွဆေးပြား ၁၂ သိန်းကျော် ဖမ်းဆီးရမိထားပြီး မြို့ပြနေ လူငယ်များအကြား စိတ်ကြွဆေးပြား အသုံးပြုမှု မြင့်တက်

တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ စိတ်ကြွဆေးပြား ၁၂ သိန်းကျော် ဖမ်းဆီးရမိထားပြီး မြို့ပြနေ လူငယ်များအကြား စိတ်ကြွဆေးပြား အသုံးပြုမှု မြင့်တက်
Published 1 July 2015
အိသဉ္ဇာကျော်

တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ စိတ်ကြွဆေးပြား ၁၂ သိန်းကျော် ဖမ်းဆီးရမိထားပြီး လက်ရှိမြို့ပြနေ လူငယ်များအကြား စိတ်ကြွဆေးပြား အသုံးပြုမှု မြင့်တက်နေကြောင်း မူးယစ်ဆေးစွဲရောဂါ ကုသရေးဌာနများမှ သိရသည်။၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဇွန်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားပေါင်း ၁၂၂၆၈၃၈ ဒသမ ၇၅ ပေးရန်ရှိပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊တနင်္သာရီ၊ မွန်၊ ရခိုင်၊ ကရင်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့(၁)မှ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားပေါင်းမှာ ၁၈၅၅၅၃၀ ဒသမ ၃၇၅ ဖမ်းဆီးရမိထားကြောင်းနှင့် စိတ်ကြွဆေးပြားများအပြင် စိတ်ကြွဆေးမှုန့် ကီလိုပေါင်း ၀ ဒသမ ၉၀၄၉ ဖမ်းဆီးရမိခဲ့ကြောင်း ယခုနှစ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ထုတ်ပြန်ချက်အရ သိရသည်။“ဒီနှစ် မူးယစ်ဆေးဝါးအများဆုံး ဖမ်းဆီးရမိခဲ့တာက တနသာၤရီတိုင်းဖြစ်ပြီး ဒုတိယကတော့ ရန်ကုန်တိုင်းဖြစ်တယ်။ ရန်ကုန်မှာဆိုရင် တာမွေနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တွေမှာ မူးယစ်ဆေးဝါး အများဆုံး ဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ နေရာတွေက အငှားယာဉ်ပေါ်တွေနဲ့ တည်းခိုခန်းတွေမှာ အများဆုံး ဖမ်းမိတာပါ။ ဖမ်းမိတဲ့ ပစ္စည်းအများစုက စိတ်ကြွဆေးပြားတွေ ဖြစ်ပါတယ်” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်ရေး ရဲတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့ခွဲ (၃) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မြင့်အောင်က ပြောကြားသည်။စိတ်ကြွဆေးပြားများမှာ ဈေးနှုန်း၊ အမျိုးအစားအလိုက် ကွာခြားမှုရှိပြီး လူငယ်များကြား ယင်းစိတ်ကြွဆေးပြားများ အသုံးပြုမှု များပြားလာသည့်နည်းတူ ယင်းနှင့်နှီးနွှယ်သည့်ခိုက်ရန်ဖြစ်ပွားမှုများ၊ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ပွားမှုများလည်း များပြားလာကြောင်းနှင့် မြန်မာနိုင်ငံရှိ အသက် ၂၀ မှ ၃၀ နှစ်အတွင်းရှိ လူငယ်များတွင် အရက်နှင့် မူးယစ်ဆေးစွဲမှုနှုန်း များပြားလာကြောင်း စိတ်ကျန်းမာရေးဆေးရုံကြီး (ရွာသာကြီး)မှ သိရသည်။“စိတ်ကြွဆေးပြားက ရန်ကုန်၊ မန္တလေးလို မြို့ပြတွေမှာ အသုံးပြုမှု တွင်ကျယ်နေပြီး အလွယ်တကူ ရနေတာကြောင့် လူငယ်တွေမှာလည်း အသုံးပြုမှုနှုန်း မြင့်လာတယ်။ ဆေးပြားသုံးတာ အမျိုးသား ၁၀၀ ဆို အမျိုးသမီးက ၁၀ ရာခိုင်နှုန်း ရှိနေတယ်လို့ အကြမ်းဖျင်း တွက်ချက်ထားတယ်။ ဘယ်လောက်သုံးနေသလဲဆိုတာ အတိအကျပြောဖို့ အလွန်ခက်ပေမယ့် ဒီနှုန်းထက် များဖို့ပဲ ရှိပါတယ်။ ဒါက ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ အမှန်တကယ် ရှိနေတဲ့ အခြေအနေပါ။ တချို့လူနာတွေဆို အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသားအရွယ် လူငယ်တွေမှာတောင် မူးယစ်ဆေးစွဲတာတွေ တွေ့နေရတယ်။ ဒီအနေအထားအရဆိုရင် မြန်မာက နိုင်ငံတကာ အခြေအနေနဲ့ သိပ်မကွာတော့ဘူးလို့ ဆိုရမှာပါ” ဟု မူးယစ်ဆေးစွဲရောဂါ ကာကွယ်ကုသရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲရောဂါကု လုပ်ငန်းများကို မူးယစ်ဆေးရုံ အခြေပြု၊ မူးယစ်ဆေးစွဲကုဌာန အခြေပြုနှင့် ပြည်သူလူထု အခြေပြု မူးယစ်ဆေးစွဲကုသရေးဟူ၍ စနစ်သုံးမျိုးဖြင့် လုပ်ဆောင်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ချရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်သော နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်များ လျော့ချရေး လုပ်ငန်းများကို ပိုမိုမြှင့်တင်ခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှု အပါအဝင် အခြားသော ဆိုးကျိုးအန္တရာယ်များ လျော့ပါးရေးအတွက် မက်သဒုန်းအစားထိုး တိုက်ကျွေးရေး ဌာနများကို တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။မြန်မာပြည် အနှံ့အပြားတွင် ယနေ့အထိ အဓိက မူးယစ်ဆေးစွဲရောဂါကု ဌာနကြီး ၂၆ ခု၊ ဆေးကုဌာနငယ် ၄၇ ခု၊ စုစုပေါင်း မူးယစ်ဆေးစွဲ ရောဂါကုဌာန ၇၃ ခု ဖွင့်လှစ်ထားကြောင်းနှင့် မက်သာဒုန်းအစားထိုး ဆေးရည်တိုက်ကျွေးရေး ဌာနများကို ရှမ်းပြည်နယ်တွင် ၁၁ ခု၊ ကချင်ပြည်နယ်တွင် ၁၁ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှစ်ခု၊ မန္တလေးတိုင်းဒေသကြီးတွင် သုံးခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်ခု စုစုပေါင်း ဌာန ၃၅ ခုအား ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။  

Most Read

Most Recent