လူသတ်မှုဖြင့် တရားစွဲခံထားရသော သရုပ်ဆောင် မင်းအုပ်စိုး တရားခွင်၌ ကိုယ်တိုင်ထွက်ဆိုမှုအား ဆက်လက်စစ်ဆေးခဲ့ပြီး ယင်းတရားရုံးချိန်းသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ လာရောက်နားထောင်

လူသတ်မှုဖြင့် တရားစွဲခံထားရသော သရုပ်ဆောင် မင်းအုပ်စိုး တရားခွင်၌ ကိုယ်တိုင်ထွက်ဆိုမှုအား ဆက်လက်စစ်ဆေးခဲ့ပြီး ယင်းတရားရုံးချိန်းသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ လာရောက်နားထောင်
Published 1 July 2015
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်

သရပါမဂ္ဂဇင်းအယ်ဒီတာ အမျိုးသမီး တစ်ဦးအား သတ်မှုဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးအား ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် အနောက်ပိုင်းခရိုင် တရားရုံး၊ ခရိုင်တရားသူကြီး (၃) တရားခွင်၌ ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် မင်းအုပ်စိုးက ဖြစ်စဉ်နှင့် ပတ်သက်၍ ကိုယ်တိုင်ထွက်ဆိုမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ တရားခွင်သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ လာရောက်နားထောင်ခဲ့သည်။မင်းအုပ်စိုးက သေဆုံးခဲ့သူ မတေးနုယဉ်အား သရပါမဂ္ဂဇင်းတွင် အလုပ်ခန့်ထားဖြစ်ခဲ့ပုံ၊ ၎င်းက မတေးနုယဉ် အပါအဝင် ဝန်ထမ်းများ အားလုံးအား ပြုစုစောင့်ရှောက်ခဲ့ပြီး ဝန်ထမ်းများမှလည်း အလုပ်ပေါ်တွင် စေတနာထား လုပ်ကိုင်ကြကြောင်း၊ မတေးနုယဉ် သေဆုံးမှုအား ရဲစခန်းသို့ ၎င်းသွားရောက် အသိပေးခဲ့ပြီး ယင်းအချိန်တွင် စခန်း၌ တာဝန်မှူး ရဲအရာခံ လင်းထွဋ်သာရှိပြီး တခြားသူ တစ်ဦးမျှ မရှိကြောင်း၊ အခင်းဖြစ်ည သေဆုံးခဲ့သူအား လူမှုရေးကိစ္စ မေးမြန်းဖြစ်ခဲ့ရာ စွပ်စွဲပြောဆိုခဲ့မှု မရှိကြောင်း၊ အခင်းဖြစ် အိပ်ခန်းမှာ မတေးနု တစ်ဦးတည်း အိပ်ခန်း မဟုတ်ကြောင်း၊ မတေးနုယဉ်အား လာရောက်ကြည့်ရှုရန် ယောက်ဖတော်စပ်သူ ဆရာဝန်ကိုသာ နေအိမ်သို့ ခေါ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ မိသားစုဝင် ဖြစ်သောကြောင့်သာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးခဲ့သူနှင့် အခန်းအတွင်း လုံးထွေးသတ်ပုတ်ခဲ့သည့် အကြောင်းရင်းများနှင့် အခြားသော အကြောင်းရင်းများ စသည့် ဥပဒေ အရာရှိ၏ အပြန်အလှန် မေးမြန်းမှုများ ထွက်ဆိုခဲ့သည်။“ယခု အချိန်တွင်မှသာ သေဆုံးခဲ့သူအား သိက္ခာကျစေရန် ရည်ရွယ်ချက်နဲ့ ထွက်ဆိုနေခြင်း မဟုတ်ပါဘူး။ ဇနီးဖြစ်သူက သေဆုံးသူ၏ မျက်နှာကို မကြည့်ဘဲ အရွယ်မရောက်သေးတဲ့ ကလေးငယ်နှစ်ယောက်ကို ကြည့်ပြီး အမှန်တိုင်း ထွက်ဆိုပေးပါလို့ ပြောတဲ့အတွက် ထွက်ဆိုခဲ့တာပါ။ ကျွန်တော်သည် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သည်ကို ဖုံးကွယ်ထွက်ဆိုရန် သေဆုံးသူ လူမှုရေး ကိစ္စဖြင့် ထုချေထွက်ဆိုနေခြင်း မဟုတ်ပါ။ ကျွန်တော် အမှုအမှန်အား အစအဆုံး ဂဃနဃ ထွက်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ သေဆုံးသူအား ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ မဟုတ်သလို မတေးနုယဉ် သေဆုံးခဲ့သည့်အတွက် ကျနော်အတွက် ကောင်းကျိုးချမ်းသာ တစ်ခုမှ မရှိပါ။ မတေးနုယဉ် သေဆုံးခဲ့မှုကြောင့် ကျွန်တော်တွင် ထိခိုက်နစ်နာမှု ရှိပါတယ်” ဟု မင်းအုပ်စိုးက ဥပဒေအရာရှိ၏ အပြန်အလှန် မေးမြန်းမှုအား ထွက်ဆိုခဲ့သည်။ထို့အပြင် မတေးနုယဉ်အား လက်ဖြင့် နားထင်အား ရိုက်ခဲ့မှုကြောင့် ခုတင်ပေါ်သို့ ဖင်ထိုင်လျက် တစ်ကြိမ် ကျခဲ့ကြောင်း၊ တွန်းထုတ်မှုကြောင့် မှန်တင်ခုံသို့ ဘေးတစ်စောင်း အနေထားဖြင့် လဲကျခဲ့ကြောင်း၊ ပခုံးနှစ်ဖက် ကိုင်ပစ်မှုကြောင့် ခုတင်ပေါ်သို့ ပက်လက်တစ်ကြိမ် လဲကျခဲ့ကြောင်း၊ မတေးနုယဉ်မှ လက်ကို ကိုက်သောကြောင့် တွန်းထုတ်လိုက်သဖြင့် ခုတင်ပေါ်ရှိ ကာတာပြားပေါ်သို့ တစ်ကြိမ် ကျခဲ့ကြောင်း၊ ၎င်းမှ ပြန်ကန်လာကာ မှန်တင်ခုံရှေ့ရှိ ခုံပုလေးပေါ်သို့ ပက်လက်ဖြင့် တစ်ကြိမ် လဲကျကြောင်း၊ ခုံလေးပေါ်မှ ကြမ်းပြင်ပေါ်သို့ တစ်ကြိမ် လဲကျခဲ့ကြောင်းနှင့် ယင်းဖြစ်စဉ်မှာ မိနစ်မျှသာ ကြာကြောင်း မင်းအုပ်စိုးက ထွက်ဆိုခဲ့ပြီး တရားသူကြီးက ယင်းထွက်ဆိုမှုမှာ ဖြစ်စဉ်ကို အကြိမ်အရေအတွက်ဖြင့် အကျဉ်းချုံး ထွက်ဆိုခဲ့ခြင်းသာ ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။“ကျွန်တော့်ကို ယောလူငယ်အဖွဲ့ဝင် တစ်ဦးက အကူအညီ တောင်းတယ်။ အဲဒါကြောင့် လာရောက် နားထောင်တာပါ။ ပြီးတော့ ကျွန်တော့် မဲဆန္ဒနယ်မြေလည်း ဖြစ်တယ်လေ။ သူဘာသာသူ ပုံမှန်သွားနေရင်တော့ အေးဆေးပေါ့။ အခုဟာ ကျွန်တော် သိပ်မနေသာတော့ဘူး။ သူတို့ ပြောတာဆိုတာတွေက ကိုယ်လည်း နားထောင်ကြည့်တော့။ တေးနုယဉ်က တွန်းခြင်း၊ ကိုက်ခြင်း၊ ရိုက်ခြင်းကြောင့် လက်ကလေးနဲ့ တောက်လိုက်တာ ဟိုက နိုင်လွန်ဝေဖာနဲ့ လုပ်ထားတော့ သေသွားရော အဲလိုတွေ ဖြစ်နေတာပါ။ တရားကို နတ်စောင့်ပါတယ်။ အမှန်အတိုင်း ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်အနေနဲ့က အချိန်အားရင် အားသလို လာဖြစ်မယ် ထင်ပါတယ်။ ဒီနေ့တောင် ခွင့်တင်ထားတာ။ ပြည်ထောင်စုလွှတ်တော်ကလည်း အရေးကြီးတဲ့ မဲခွဲဆုံးဖြတ်တွေမှာ ခွင့်ယူတဲ့သူများလို ခွင့်သိပ်မပေးဘူးလေ။ လာမယ့် ရုံးချိန်းတွေ အရေးကြီးတဲ့ အကြောင်းအရာတွေ ပြောမယ်ဆိုရင်တော့ ကြိုးစားပြီး လာပါမယ်။ ကျွန်တော်အနေကတော့ ဒါက လာကူညီတဲ့ သဘောပါပဲ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တရားရုံးချိန်း အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။ပြီးခဲ့သည့် ဇွန် ၁၀ ရက်တွင် မင်းအုပ်စိုးအား ပုဒ်မ ၃၀၂(၂) ဖြင့် တရားရုံးမှ စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး မင်းအုပ်စိုးက စွဲချက်နှင့် ပတ်သက်၍ ၎င်းတွင် အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ ရုံးချိန်းကို လာရောက်ခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေအား The Daily Eleven သတင်းစာမှ သတင်းထောက်က “ဆရာ ဒီတရားခွင်မှာ လာရောက်နားထောင်တဲ့ အပေါ်မှာ တချို့က တရားစီရင်ရေးကို ဖိအားပေးတဲ့သဘော ရောက်တယ်လို့ ထွက်ပေါ်နေတယ် ဆရာ။ အဲဒီတော့ ဆရာအနေနဲ့ ဘယ်လိုရှိလဲ၊ ဘယ်လို သုံးသပ်သလဲဆရာ” ဟု မေးမြန်းမှုအပေါ် ၎င်းက “ဦးခင်အောင်မြင့်က ထိုင်းနိုင်ငံ သွားပြီးတော့ မြန်မာနိုင်ငံသားနှစ်ယောက် တရားစီရင်တာကို သွားပြီး စွက်ဖက်တာလား။ အတူတူပဲလေ။ ကျွန်တော်မေးတာ ခင်ဗျားဖြေဦးလေ။ အဲဒီနှစ်ခုက အလားသဏ္ဌာန် မတူဘူးလား။ အဲဒါကို သွားတာက ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကို သွားစွက်ဖက်တာလား။ ကျွန်တော် မဲဆန္ဒနယ်က ကောင်မလေး နစ်နာနေတယ်ထင်လို့ သွားတာ” ဟု ဖြေကြားပါသည်။ ယင်းနောက် ဦးလှဆွေမှ ယင်းကိစ္စ မေးမြန်းသော သတင်းထောက်ထံ ပြန်လည်ဖုန်းဆက်၍ “တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ ဘယ်သူက ပြောတာလဲ။ ပြောတဲ့ လူနာမည် ပြောပါဦး။ တရားရုံးမှာ လွှတ်တော်ကိုယ်စားလှယ် မလာရဘူးလို့ ဘယ်မအေ -ိုး က ပြောတာလဲ။ ပြီးတော့ ဆိုင်းဘုတ်ကပ်ထားလား။ အဲဒီလို တရားရုံးကို မလာရဘူးဆိုတဲ့ ဆိုင်းဘုတ်ရှိလား။ နောက်ပြီးတော့ ကျွန်တော်တို့က ဘာမှလည်း ပြောတာ မဟုတ်ဘူး။ တရားရုံးထဲမှာ ဓာတ်ပုံလည်း မရိုက်ရဘူး။ အသံလည်း မဖမ်းရဘူး။ ကျွန်တော့်ကို အဲ့ဒီက တရားသူကြီးက ရှင်းပြတယ်။ ဒါက တရားရုံးမှာ ဒီလို စည်းကမ်းတွေ ရှိတယ်ဆိုပြီး ရှင်းပြတယ်။ ကျွန်တော် နားလည်ပါတယ်လို့ ပြန်ပြောလိုက်တယ်။ တရားစီရင်ရေး စွက်ဖက်တယ်ဆိုပြီး ခင်ဗျားတို့ ပြောနေတာ ဘယ်သူမှ မပြောဘူး” ဟု ထပ်မံဖြေကြားခဲ့သည်။

Most Read

Most Recent