အာမခံထားရှိစဉ်အတွင်း ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါက ဆေးရုံတက်စရိတ် ရရှိနိုင်မည့် ကျန်းမာရေးအာမခံကို အသက် ၅၀ နှစ်နှင့်အထက် ရှိသူများ လာရောက်ထားရှိမှု များပြား

အာမခံထားရှိစဉ်အတွင်း ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါက ဆေးရုံတက်စရိတ် ရရှိနိုင်မည့် ကျန်းမာရေးအာမခံကို အသက် ၅၀ နှစ်နှင့်အထက် ရှိသူများ လာရောက်ထားရှိမှု များပြား
Published 1 July 2015
သက်ထား၊ အေးမြတ်မွန်

အာမခံထားရှိစဉ်အတွင်း ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါက ဆေးရုံတက်စရိတ် တစ်ရက်တစ်သောင်းခွဲပေးမည့် ကျန်းမာရေးအာမခံကို အသက် ၅၀ နှစ်နှင့်အထက် ရှိသူများ လာရောက်ထားရှိမှု များပြားနေကြောင်း အာမခံကုမ္ပဏီများထံမှ သိရသည်။အဆိုပါ ကျန်းမာရေးအာမခံကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်မှစကာ မြန်မာ့အာမခံလုပ်ငန်း အပါအဝင် ပုဂ္ဂလိက အာမခံများတွင်ပါ ပြည်သူများ တစ်ပြိုင်နက် ထားရှိနိုင်ကြောင်း သိရသည်။ကျန်းမာရေးအာမခံ ထားရှိမည့်သူများသည် အသက်ခြောက်နှစ်မှ ၆၅ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်သူများနှင့် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသားများပါ ဝယ်ယူထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။“ဒီနေ့က ကျန်းမာရေးအာမခံ ပထမဆုံး ထားရှိနိုင်တာဆိုတော့ ထားရှိဖို့နဲ့ ထားချင်တဲ့သူတွေ စုံစမ်းသူတွေ များနေပါတယ်။ ထားရှိတဲ့သူတွေ အနေနဲ့ကတော့ ကျန်းမာတဲ့ သက်ကြီးပိုင်းတွေ အထားများတယ်။ အလုပ်လုပ်နေတဲ့ သူတွေလည်း အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ထားကြတယ်။ ပရီမီယံကြေးကလည်း တစ်နှစ်လုံးစာမှ ငါးသောင်း နေ့အလိုက် ပြန်တွက်ရင် တစ်ရက်မှ ၁၀၀ ကျပ်ကျော်ဆိုတော့ လူတိုင်းထားနိုင်တဲ့ ပမာဏ ဖြစ်တယ်။ IKBZ အာမခံကုမ္ပဏီ အနေနဲ့လည်း ဒီနေ့မှာပဲ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးကရှိတဲ့ ပြည်သူတွေကို ထားနိုင်အောင် တစ်ပြိုင်နက် ရောင်းချပေးတာ ဖြစ်ပါတယ်” ဟု IKBZ အာမခံကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ကျန်းမာရေးအာမခံကို တစ်နှစ်စာအတွက် ပရီမီယံကြေး တစ်ယူနစ်လျှင် ငါးသောင်းကျပ်ဖြင့် အများဆုံး ငါးယူနစ်အထိ ဝယ်ယူထားရှိနိုင်သောကြောင့် သေဆုံးသည့်အခါ လျော်ကြေးပေးလျော်ရာတွင် တစ်ယူနစ်လျှင် ကျပ် ၁၀ သိန်း အများဆုံးမှာ ငါးယူနစ်ဖြစ်သောကြောင့် ကျပ်သိန်း ၅၀ အထိ ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။    “စတင်လုပ်ဆောင်တဲ့ ကျန်းမာရေး အာမခံက ပရီမီယံနှုန်းထားလည်း သင့်တင့်တဲ့အတွက် ထားသင့်ပါတယ်။ ကျန်းမာရေးဆိုတာ အစိုးမရဘူးလေ။ ဒါကြောင့် ကျန်းမာရေး အာမခံကို လာရောက်ထားတာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးအာမခံ လာရောက်ထားရှိသည့် ဒေါ်သူဇာက ပြောကြားသည်။ယင်းကျန်းမာရေးအာမခံကို ဝယ်ယူထားရှိသူများ အနေဖြင့် ဆေးရုံတက်ရပါက ဆေးရုံတက်စရိတ် ရက် ၃၀ စာအထိ ပေးမည်ဖြစ်ကာ တစ်ရက်လျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် ကျန်းမာရေးအာမခံ ဝယ်ယူထားသူသည် ဝယ်ယူသည့်နေ့မှ စတင်ကာ တစ်နှစ်အတွင်းသာ အကျုံးဝင်မည်ဖြစ်ပြီး လျော်ကြေးရယူလိုသူများ အနေဖြင့်လည်း သုံးလအတွင်း လျော်ကြေးတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။“လျော်ကြေးပေးလျော်တဲ့ အခါမှာ အကျုံးမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ အချက်တွေက ၁၇ ချက် ရှိတယ်။ သွားအတွက် ဆေးရုံတက်တာတို့၊ မျက်စိခွဲတာတို့၊ အလှအပအတွက် ခွဲတာ၊ ကိုယ်ဝန်ရယူလိုမှု၊ ပျက်ကျမှု၊ ရောဂါလက္ခဏာ နဂိုရှိပြီးသူတွေ စတဲ့အချက်တွေက လျော်ကြေးပေးလျော်တဲ့ အခါမှာလည်း အကျုံးမဝင်ပါဘူး” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဆေးရုံတက်စရိတ်များ ကြီးမြင့်လာသည့်အတွက် ဆေးရုံတက်စရိတ် အသင့်အတင့် သက်သာစေရန် ရည်ရွယ်ကာ ကျန်းမာရေး အာမခံကို အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ကျန်းမာရေးအာမခံကို စမ်းသပ်ကာလ တစ်နှစ်အနေဖြင့် တစ်နိုင်ငံလုံး ပြည်သူများ ထားရှိနိုင်မည်ဖြစ်ကာ စမ်းသပ်ကာလ တစ်နှစ်ပြည့်ပြီးပါက အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းအပေါ် မူတည်ကာ မူဝါဒပြောင်းလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ကျန်းမာရေးအာမခံသည် ကမ္ဘာပေါ်တွင် ၁၈၈၃ ခုနှစ်မှ စတင်ကာ ဂျာမနီနိုင်ငံတွင် ပထမဆုံး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ သက်တမ်းအားဖြင့် ၁၃၂ သက်တမ်းရှိနေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent