မဲစာရင်းအမှားများနှင့် နိုင်ငံသားများ၏ အနာဂတ်

မဲစာရင်းအမှားများနှင့် နိုင်ငံသားများ၏ အနာဂတ်
Published 1 July 2015
သစ်ထွဋ်

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံ အနှံ့အပြားမှာ အခြေခံမဲဆန္ဒရှင် စာရင်းများ ကြေညာမှုများတွင် ကိုယ်ရေးအချက်အလက် မှားယွင်းမှုများ ပါဝင်နေပြီး မဲစာရင်းမှာ လုံးဝမပါဝင်သူများနဲ့ ကွယ်လွန်ပြီး သူများမဲစာရင်းတွင် ပါဝင်မှုများရှိနေရာ မဲပေးခွင့်ရှိသူတိုင်းဟာ မဲစာရင်းတွေကို မဖြစ်မနေ သွားရောက်ကြည့်ရှု ပြင်ဆင်ကြဖို့ လိုအပ်လာပါတယ်။
မြန်မာနိုင်ငံနဲ့ နိုင်ငံသားများရဲ့အနာ ဂတ်အတွက် အလွန်အရေးကြီးတယ်လို့ နိုင်ငံ ရေးသမားများနဲ့ နိုင်ငံရေးလေ့လာသူများက ဝိဂြိုဟ်ပြုထားတဲ့ အထွေထွေရွေးကောက်ပွဲ များကို လာမယ့်အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပဖို့ နီးကပ်လာချိန် မှာ မဲပေးခွင့်ရှိသူများကို မဲပေးခွင့်ရရှိရေး အလွန်အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ လက်ရှိမှာရွေးကောက်ပွဲများ ကျင်းပနိုင်ဖို့အတွက် အခြေခံမဲဆန္ဒရှင် စာရင်းများကို ကြေညာပေး လျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ စတင်ဆောင်ရွက်ခဲ့ပြီး ရရှိလာတဲ့ အခြေခံမဲဆန္ဒရှင် စာရင်းများကို ၂၀၁၅ ခုနှစ် ဧပြီမှ လက်ရှိ အချိန်အထိ အဆင့်လေးဆင့်ဖြင့်  ကပ်ထား ကြေညာလျက်ရှိပါတယ်။ ဒီလိုကြေညာထား ရာမှာ မဲပေးခွင့်ရှိသည့် နိုင်ငံသားများစွာတို့ မဲစာရင်းမှာ အမည်ပင်မပါဝင်ခြင်း၊ ပါဝင်တဲ့ သူများမှာလည်း အမည်၊ မွေးသက္ကရာဇ်၊ လိပ်စာ အစရှိတဲ့ ကိုယ်ရေးအချက်အလက် များ မှားယွင်းနေခြင်း၊ သက်ရှိထင်ရှား လူများ စွာတို့ မဲစာရင်းတွင် မပါဝင်သော်လည်း ကွယ်လွန်ပြီးသူများ ပြန်လည်ပါဝင်နေကြောင်း မဲစာရင်း စောင့်ကြည့်သူများ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက ထောက်ပြမှုများ ရှိနေပြီး သတင်းမီဒီယာတွေကလည်း ထောက်ပြရေးသားမှုတွေ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် မဲစာရင်းကို လာရောက်ကြည့်ရှုသူ နည်းပါးနေတာတွေကိုလည်း တွေ့မြင်ကြားသိ နေရပါတယ်။
မပေါ့ကြဖို့
ဒီနေရာမှာ လာမယ့်အထွေထွေ ရွေးကောက်ပွဲတွေဟာ ဘာကြောင့်အရေးကြီးသလဲဆိုတာ စဉ်းစားကြဖို့ လိုပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံ့သမိုင်းအတွက် အင်မတန်အရေးကြီးတယ် ဆိုတာကို လူတိုင်းသဘောပေါက်စေ ချင်တယ်လို့ မကြာမီက သတင်းမီဒီယာတွေကို ပြောကြားထားခဲ့ပါတယ်။ ဒါကြောင့်လာမယ့် ရွေးကောက်ပွဲတွေ ပါ့ပေါ့မထားကြဖို့နဲ့ လာမယ့်ရွေးကောက်ပွဲဟာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့အနာဂတ်ဖြစ်ပြီး နိုင်ငံသားတွေရဲ့ သားသမီးတွေဟာ ဘယ်လိုလူ့အသိုင်းအဝိုင်းမှာ နေသွားရမယ်ဆိုတာ ရွေးကောက်ပွဲရဲ့ မဲတစ်ပြားစီက ဆုံးဖြတ်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာမှတစ်ဆင့် လူထုကို အမှာစကား ပါးခဲ့ပါတယ်။ မဲစာရင်းများတွင် မှားယွင်းမှုများ ပါဝင်နေခြင်းနဲ့ ပတ်သက်ပြီးတော့လည်း အဖွဲ့ချုပ်က ဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး မဲစာရင်းများကို သွားရောက်ကြည့်ရှု သင့်ကြောင်းနဲ့ အားလုံးက ဝိုင်းကူညီစေချင်တယ်လို့ မီဒီယာတွေကို ပြောကြားထားခဲ့ပါတယ်။
တားဆီးပိတ်ပင်ခွင့်မရှိ
တကယ်တော့ လာမယ့်ရွေးကောက်ပွဲက တကယ့်ကို အရေးကြီးလှပါတယ်။ သက်တမ်းရှည် အာဏာရှင်စနစ်က အရပ်ဘက် အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲလာတဲ့ ဒုတိယအကြိမ် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက်လာရေးကို လာမယ့်ရွေးကောက်ပွဲ ရလဒ်တွေက ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် မဲပေးခွင့်ရှိသူများ မဲပေးခွင့်ရရေးဟာ ရွေးကောက်ပွဲရလဒ်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း မဲပေးခွင့် ရှိပါတယ်။ အခုဖြစ်ပွားနေတဲ့ မဲစာရင်းမှာ အမှားတွေ ပါနေတာနဲ့ လုံးဝမပါဝင်တာတွေကို ချေဖျက်ဖို့ဆိုရင် လူတိုင်းမဖြစ်မနေ မဲစာရင်းသွားကြည့်ပြီး စစ်ဆေးပြင်ဆင်ကြဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ညွှန်းဆိုထားသလို လာမယ့်ရွေးကောက်ပွဲဟာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အနာဂတ် ဖြစ်တာကြောင့်ပေါ့ပေါ့ သဘောမထားကြဖို့ လိုပါတယ်။ အိမ်ထောင်စုစာရင်းမှာ ပါတာပဲ အချိန်တန်ရင် မဲပေးခွင့်ရမှာပဲလို့ လွယ်လွယ်မတွေးကြဖို့ လိုပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်များအရ အိမ်ထောင်စုစာရင်း ရှိသော်လည်း မဲစာရင်းမှာ မပါတဲ့သူတွေ နေရာအနှံ့မှာ တွေ့နေရပါတယ်။ ဒါကြောင့် မဲစာရင်းသွားကြည့်ပြီး ပြင်ဆင်သင့်တာ တောင်းဆိုသင့်တာတွေကို တောင်းဆိုကြဖို့ လိုပါတယ်။ ဒါဟာ မဲပေးခွင့်ရှိသူတိုင်း ရရှိထားတဲ့ တန်းတူအခွင့်အရေး ဖြစ်ပါတယ်။ အဲဒီအခွင့်အရေး ကို ဘယ်အရာကမှ တားဆီးပိတ်ပင်ခွင့်မရှိပါ ဘူး။
အမှန်တရား
နောက်အရေးကြီးတဲ့ အချက်က မဲစာရင်းကို စိတ်ဝင်စားမှု လျော့နေကြတာတွေ ဖြစ်ပါတယ်။ တချို့က ကိုယ့်ထမင်း ကိုယ်ရှာစားနေတာ ဘယ်အစိုးရတက်တက် ဘာဆိုင်လို့လဲဆိုတဲ့ အတွေးမျိုးတွေရှိပါတယ်။ တချို့ကျတော့လည်း စားဝတ်နေရေး လုံးပန်းနေရလို့ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ မဲစာရင်းတွေကြည့်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ အမြင်တွေ ရှိကြပါတယ်။ တချို့ကျတော့လည်း ရွေးကောက်ပွဲဆိုတာ ဘာမှန်းကို မသိတာ၊ မဲထည့်တယ် ဆိုတာဟာ ကိုယ်ပိုင်အခွင့်အရေး ဆိုတာကိုတောင် မသိကြတာတွေလည်း ရှိပါတယ်။ ပြောချင်တာက အဲဒီလိုအတွေးအမြင်တွေဟာ လုံးဝမှားယွင်းတယ်လို့ ပြောချင်ပါတယ်။ ဘယ်အစိုးရတက်တက် ကိုယ်နဲ့ဘာဆိုင်လဲဆိုတာ မမှန်ပါဘူး။ ဥပမာ ဒီနေ့ကုန်ဈေးနှုန်းတွေ တက်လာတယ်၊ မီတာခတွေ တက်လာတယ် အားလုံးအပေါ် သက်ရောက်မှု ရှိပါတယ်။ ပြည့်သူကျန်းမာရေး စောင့်ရှောက်မှုက မကောင်းဘူး။ ပညာသင်ကြားရေးက ညံ့နေတယ်။ ဒါတွေအားလုံးက အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲပေးခွင့်ရှိသူတိုင်း မပြောနဲ့ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ချမှတ်တဲ့ စီးပွားရေးပေါ်လစီက မကောင်းဘူးဆိုရင် လူတွေအလုပ်ကောင်းကောင်း မရတော့ပါဘူး။ အလုပ်ကောင်းကောင်းမရလို့ ဝင်ငွေမကောင်းရင် လူတွေရဲ့ လူမှုဘဝတွေပေါ် သက်ရောက်မှုဖြစ်မယ်။ ဒါတွေဟာ ငြင်းမရတဲ့ အမှန်တရားပါ။
ရွေးချယ်ပိုင်ခွင့်
တချို့က ဝေဖန်ကြတယ်။ ဘာတွေတော့ မလုပ်ပေးဘူး။ ဘာတွေကတော့ လိုအပ်နေတယ်။ ဘယ်အရာတွေက မှားနေတယ်။ ဘာတွေကိုတော့ မကျေနပ်ဘူးလို့ ပြောနေကြတယ်။ အားလုံးသိသင့်တာက ဒီနေ့အချိန်ဟာ  ဝေဖန်နေရုံ လုပ်နိုင်တဲ့ခေတ် မဟုတ်တော့ဘူး။ အခုကိုယ်မကြိုက်ရင် လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့သူ ရွေးချယ်နိုင်တဲ့ အခြေအနေ ရှိနေပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး မဲပေးခဲ့ကြတဲ့အပေါ် ဝေဖန်ခဲ့ကြရာမှာ ဒီလိုဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်အောင် လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်ရဲ့ဆန္ဒ၊ ကိုယ်ရဲ့အသံတွေ ထင်ဟပ်ပေးနိုင်မယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ စားဝတ်နေရေးအတွက် ကျပ်ကျပ်တည်းတည်း လုံးပန်းနေရလို့ မဲစာရင်း မကြည့်အားဘူးလို့ တချို့က ဆိုကြပါတယ်။ တကယ်က အဲဒီလိုစားဝတ်နေရေး ကျပ်တည်းနေရတဲ့ အကြောင်းအရင်းသိဖို့ လိုပါတယ်။ ပြောချင်တာက လာမယ့်ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုယ့်ကြိုက်တဲ့သူကို ကိုယ့်စိတ်ကြိုက် မဲပေးခွင့်ရှိပါတယ်။ ကိုယ့်အနာဂတ်အတွက် ဒီထက်ပြောရရင် နိုင်ငံအနာဂတ်အတွက် ကောင်းကောင်းအလုပ်လုပ်ပေး နိုင်မယ့်သူတွေလို့ ထင်တဲ့သူတွေကို စိတ်ကြိုက်ရွေးချယ် မဲပေးရွေးချယ်ပိုင်ခွင့် ကိုယ်စီကိုယ်ငှ ရထားပါတယ်။ ကောင်းကောင်း အလုပ်မလုပ် သူတွေကို မကြိုက်ရင် ကောင်းကောင်းလုပ်ပေးမယ့် သူတွေကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဒီအတွက် လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ မဲစာရင်းတွေကို မဖြစ်မနေ သွားကြည့်ပြီး အမှားအယွင်းတွေ တွေ့ရင် ပြင်ဆင်ကြဖို့ လိုပါတယ်။
တကယ်တော့ လာမယ့်ရွေးကောက်ပွဲရဲ့ ရလဒ်ရဲ့ သက်ရောက်မှုဟာ ဒီနေ့အသက်ရှင်နေကြတဲ့ နိုင်ငံသားတွေ အတွက်တင် မဟုတ်ပါဘူး နောင်လာမယ့် အနာဂတ် နိုင်ငံသားတွေ အတွက်လည်း အရေးကြီးလှပါတယ်။ နောင်လာ နောင်သားတွေအတွက် ကောင်းမွန်တဲ့ အခင်းအကျင်းတွေ တည်ဆောက်ပေးသွားဖို့ လက်ရှိနိုင်ငံသားတွေမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ ဒီအတွက် လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးကြဖို့ လက်ရှိမဲစာရင်းက အမှားများကို သွားရောက်ကြည့်ရှုစစ်ဆေး ပြင်ဆင်ကြပြီး ကိုယ်နှစ်သက်သူကို ရွေးချယ်မဲပေးကြပါစို့လို့ အများအကျိုးမျှော် နှိုးဆော်တိုက်တွန်း လိုက်ရပါတယ်။

Most Read

Most Recent