အင်ဒိုနီးရှားလေတပ်လေယာဉ် လူနေရပ်ကွက်သို့ ပျက်ကျခဲ့ပြီး လူ ၄၅ ဦး သေဆုံး

အင်ဒိုနီးရှားလေတပ်လေယာဉ် လူနေရပ်ကွက်သို့ ပျက်ကျခဲ့ပြီး လူ ၄၅ ဦး သေဆုံး
Published 30 June 2015

အင်ဒိုနီးရှားလေတပ် ပို့ဆောင်ရေးလေ ယာဉ်တစ်စင်းသည် ပျံတက်ပြီးမကြာမီ ဆူမတ်တြားကျွန်းစုရှိ အဓိကမြို့တစ်မြို့မှ လူနေရပ်ကွက်ထဲသို့ ဇွန် ၃၀ ရက်က ပျက် ကျခဲ့ရာ ပေါက်ကွဲမီးလောင်သွားခဲ့ပြီး သေ ဆုံးသူ ၄၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ လေယာဉ်အမှုထမ်း ၁၂ ဦးနှင့် ခရီးသည်များအပါအဝင် စုစုပေါင်း ၁၁၃ဦး လိုက်ပါလာသော Hercules C-130 လေယာဉ်သည် လူဦးရေ နှစ်သန်းနေထိုင်သည့် မီဒန်မြို့ပေါ်သို့ ပျက်ကျခဲ့ကြောင်း အင်ဒိုနီးရှား လေတပ်အကြီးအကဲ Agus Supriatna က MetroTV သို့ ပြောကြားခဲ့သည်။  
 
ယင်းလေယာဉ်ပျက်ကျမှုအတွင်း ကလေး တစ်ဦးအပါအဝင် အလောင်း ၄၅ လောင်း ရရှိထားပြီးဖြစ်ကြောင်း၊ သတင်းများအရ သေဆုံးသူအများအပြား ရှိနိုင်သေးကြောင်း မီဒန်မြို့ရှိ ဆေးရုံတစ်ရုံမှ အရေးပေါ်ကယ် ဆယ်ရေးအတွက် ကူညီပေးနေသည့်အီကို ထရိန်ဒီက ပြောကြားခဲ့သည်။ 
 
လေတပ်စခန်းများသို့ စစ်ဘက်ထောက် ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးနေသော ယင်းလေယာဉ်တွင် လေယာဉ်မှူးသုံးဦး၊ လေကြောင်းပြတစ်ဦး၊ နည်းပညာရှင် ရှစ်ဦးတို့ လိုက်ပါလာကြောင်း အင်ဒိုနီးရှားမီဒီယာများ က အစောပိုင်းတွင် ဖော်ပြခဲ့သည်။ တည်ဆောက်ပြီးစ လူနေရပ်ကွက်ပေါ်သို့ လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ပြီး အဆိုပါ အဆောက်အအုံများထဲ၌ လူမည်မျှရှိနေသည်ကို တိတိကျကျ မသိရသေးဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 
 
ယင်းလေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၈ မိနစ်တွင် လေတပ်အခြေစိုက်စခန်းမှ စတင်ထွက်ခွာခဲ့ပြီး နှစ်မိနစ်ခန့်သာအကြာ၌ ယင်းစခန်းမှ ငါးကီလိုမီတာ (သုံးမိုင်) ခန့်အကွာတွင် လူနေရပ်ကွက်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် ဖူဘက်ယာက ပြောကြားခဲ့သည်။ 
 
ယင်းပျက်ကျမှုသည် မီဒန်မြို့တွင် ဆယ်စုနှစ်တစ်ခုအတွင်း ဒုတိယအကြိမ်မြောက် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၀၅ ခုနှစ်က ပြည်တွင်းလေကြောင်းလိုင်း Mandala မှ လေယာဉ်တစ်စင်းသည် ပျံတက်ပြီး မကြာမီ လူဦးရေထူထပ်သော ဆင်ခြေဖုံး ရပ်ကွက်သို့ ပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသူများနှင့် မြေပြင်ပေါ်ရှိ လူများအပါ အဝင် ၁၅၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။ မီဒန်မြို့သည် အဓိကကျွန်းစုနှင့် အဓိကစီးပွားရေးဗဟိုချက်ဖြစ်သော ဂျာဗား အပြင်ဘက်၌ အကြီးဆုံးမြို့ဖြစ်သည်။
 
အင်ဒိုနီးရှားလေတပ်မှ ဖော်ကာ-၂၇  တိုက်လေယာဉ်တစ်စင်းသည် ၂၀၁၂ ခုနှစ် ဇွန်တွင် မြို့တော်ဂျကာတာရှိ လူနေတိုက် ခန်းတွဲထဲသို့ ပျက်ကျခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့သည်။ အင်ဒိုနီးရှားတွင် လေကြောင်း ဘေးကင်းလုံခြုံရေးစံညွှန်း နိမ့် ကျနေပြီး လူအများအပြားသေဆုံးခဲ့သော မတော်တဆမှုအများအပြားလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။          Ref:AFP
 
 

 

Most Read

Most Recent