ပက်ထရစ်ရှာနှင့် တွေ့ဆုံခြင်း

ပက်ထရစ်ရှာနှင့် တွေ့ဆုံခြင်း
Published 30 June 2015
လင်းလင်းခိုင်

ဆယ်ကျော်သက်မော်ဒယ် သရုပ်ဆောင်များစွာ ပေါ်ထွက်လာသည့်အထဲတွင် ၂၀၁၅ ခုနှစ်အတွင်း ရုပ်ရှင်၊ ဗီဒီယိုနှင့်ကြော်ငြာများစွာ လက်ခံရိုက်ကူးခွင့် ရရှိလာသူတစ်ဦးမှာ ပက်ထရစ်ရှာဖြစ်သည်။ ဒါရိုက်တာသားကြီး ရိုက်ကူးသည့် “လူဆိုးမလေးအချစ်” ဇာတ်ကားတွင် ရုပ်ဆိုးဆိုး ကျောင်းသူကောင်မလေးတစ်ဦးအဖြစ် ရုပ်ဖျက်ကာသရုပ်ဆောင်လျက်ရှိသူ ပက်ထရစ်ရှာနှင့်တွေ့ဆုံခိုက် အနုပညာရေးရာအဖြာဖြာကို မေးမြန်းဖြစ်ခဲ့ပါသည်။
 
 
ပက်ထရစ်ရှာနှင့် တွေ့ဆုံခြင်း
 
 
မေး- ဒီဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ပုံစံလေးကို သိချင်ပါတယ်။ 
 
ဖြေ- ဒီဇာတ်ကားမှာက ပက်ထရစ်ရှာက ရုပ်ဆိုးဆိုးကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ရတာပါ။ ရုပ်အရမ်းဆိုးလို့ ကျောင်းမှာ ဘယ်သူကမှ မပေါင်းတဲ့ကောင်မလေးတစ်ယောက်ပေါ့။ အဲဒီကောင်မလေးက ကျောင်းကကောင်လေးချောချောလေးကို တစ်ဖက်သတ် လိုက်ချစ်ရတဲ့သူပေါ့။ 
 
မေး- ဒီဇာတ်ကောင်စရိုက်အတွက် ရုပ်ဆိုးတဲ့ကောင်မလေးအဖြစ် တော်တော်ပုံပြောင်းထားတယ်နော်။ အဲဒါကရော ကိုယ်တိုင်ပဲ စိတ်ကူးထားတာလား။
 
ဖြေ- အခုလိုပုံပြောင်းထားတာကို တော်တော်များများကလည်း မမှတ်မိကြဘူး။ ရုပ်တော်တော်ဆိုးအောင်ကို ပြင်ထားတာ။  ပထမတစ်ရက်က ပြင်တာသိပ်ရုပ်မဆိုးဘူး။ အဲဒါနဲ့ ကိုယ်ဘယ်လိုပြင်လိုက်ရင် အရမ်းရုပ်ဆိုးသွားမလဲဆိုပြီး စဉ်းစားပြီးပြင်ဖြစ်တာ။ မျက်နှာကို ဘာမှမလိမ်းဘဲ မိတ်ကပ်အညိုတွေကို အသားမဲသလိုဖြစ်အောင် လိမ်းလိုက်တယ်။ အစက်အပျောက်တွေ ဝက်ခြံတွေ မှဲ့ခြောက်ပုံစံတွေ လျှောက်လုပ်လိုက်တယ်။ မျက်ခုံးမွှေးကို အကြီးကြီးဆွဲထားလိုက်တယ်။ ရုပ်ပျက်သွားတာပေါ့နော်။ ဆံပင်ကိုလည်း နဖူးထိပ်ပေါ်တက်ပြီး တိုတိုလေးဖြစ်အောင် လုပ်ထားပါတယ်။ 
 
မေး- ဒီဇာတ်ကားမှာ လုပ်ခွင့်ရတဲ့အပိုင်းပေါ်မှာရော ကျေနပ်မှုရှိလား။
 
ဖြေ- တစ်သမတ်တည်းကြီးလုပ်ရတာ၊ အလွတ်ကျက်ရတာထက်စာရင် Scene ပေါ် ရောက်မှပြန်ဆွေးနွေးပြီး လုပ်ရတာမျိုးကို ပိုကြိုက်တယ်။ ကိုယ်ပိုင်ဖန်တီးမှုလည်း ပိုပါဝင်ရတယ်လို့ ထင်ပါတယ်။ အချင်းချင်းလည်း အများကြီးတိုင်ပင်ဖြစ်တယ်။ ဇာတ်ပို့ ဇာတ်ရံအစ်မတွေ အစ်ကိုတွေကအစ အများကြီး အကူအညီပေးကြတယ်။ အရမ်းပျော်ဖို့ ကောင်းပါတယ်။ ကိုယ်ကြိုးစားထားတာလေးကိုလည်း ချက်ချင်းမြင်ခွင့်ရတာပေါ့။ 
 
မေး- ဇာတ်ကားရိုက်ကူးမှုလည်း များလာပြီဆိုတော့ ရိုက်ကူးပြီးသလောက် ရလဒ်တွေကိုရော ဘယ်လိုမြင်လဲ။
 
ဖြေ- ရိုက်နေတုန်းမှာ ဒီဇာတ်ကားလေးကို အားရတယ်လို့ ထင်နေပေမယ့် တကယ်တမ်းရိုက်ကူးပြီးသွားတဲ့အခါကျရင် လိုအပ်ချက်တွေ အများကြီးရှိနေဆဲပါပဲ။ ဇာတ်ကားရိုက် အတွေ့အကြုံများလာတာနဲ့အမျှ လိုအပ်ချက်တွေ၊ သင်ယူရတာတွေ ပိုတွေ့လာပါတယ်။ 
မသိတာ မတတ်တာအပေါ် လေ့လာဆည်းပူးမှုတွေလည်း ပိုရလာတယ်လို့ ထင်ပါတယ်။ အရင်ဇာတ်ကားမှာ ကောင်းတယ်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းတော့ ဘာတွေလိုအပ်နေသေးတယ်ဆိုတာ သိသိလာတယ်။ သရုပ်ဆောင်အသစ် တစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ 
 
မေး- ဇာတ်ကားရိုက်ကူးမှုရွေးချယ်ရာမှာ ဘယ်အချက်တွေကို အဓိကရွေးဖြစ်လဲ။
 
ဖြေ- မင်းသားကိုလည်း အဓိကကြည့်ဖြစ်တယ်။ ဇာတ်လမ်းကိုလည်း ကြည့်တယ်။ ဇာတ်ကောင်စရိုက်ကိုလည်း ကြည့်ဖြစ်ပါတယ်။ ဇာတ်ကားများရင်ပြီးရော မလုပ်ဖြစ်ပါဘူး။ တစ်ကားဆိုတစ်ကား ပရိသတ်ကြိုက်ပြီး အမှတ်တရဖြစ်နိုင်မယ့် ဇာတ်ကားမျိုးပဲ ရွေးပြီးရိုက်ဖြစ်တာများတယ်။ ကိုယ့်လုပ်ကွက်လည်းရှိတဲ့ ဇာတ်ကားမျိုးတွေေ ရွေးပြီးလက်ခံဖြစ်တယ်။ 
 
မေး- ၂၀၁၅ မှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ခွင့်ရသလို ရုပ်ရှင်ကားကြီးလည်း ရိုက်ဖြစ်တဲ့အခါကျတော့ ၂၀၁၅ က ကျေနပ်စရာ နှစ်တစ်နှစ်လို့ပြောလို့ရမလား။
 
ဖြေ- ပြောလို့ရတယ်။ ကားကြီးတွေရော ဗီဒီယိုကားတွေပါ ဆက်တိုက်ရိုက်ခွင့်ရတယ်ဆိုတော့ ၂၀၁၅ က ညီမအတွက် အနုပညာခြေလှမ်းတွေ စတင်တိုးတက်လာတဲ့နှစ်ပေါ့။ 
ညီမရဲ့ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ရတဲ့နှစ်ပေါ့။ 
 
မေး- ဒီဇာတ်ကားပြီးရင်ရော ဘာတွေထပ်ရိုက်ဖို့ လက်ခံထားသေးလဲ။
 
ဖြေ- ဒီကားပြီးရင် ကိုအောင်ရဲလင်းနဲ့တစ် ကားရိုက်ဖို့ လက်ခံထားပါတယ်။ ညီမက အတိတ်မေ့ပြီး ရူးသွားတဲ့ဇာတ်ကောင်စရိုက်မျိုးပေါ့။ နောက်ပိုင်းတော့ ပြန်ကောင်းသွားမှာပေါ့လေ။ အဲဒါပြီးရင် ကိုစိုင်းနဲ့ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ လက်ခံထားတာရှိတယ်။ ပထမပိုင်းတော့ စီစဉ်ထားတာ ညီမနဲ့ကိုစိုင်း နှစ်ယောက်တည်းပေါ့။ အခုတော့ ကိုစိုင်းက ဗီလိန်တစ်ယောက် ထပ်ထည့်မယ်ပြောတယ်။ ဇာတ်က ပရိသတ်တွေ အတွက် ပိုကြွသွားမှာပေါ့လေ။ ဇာတ်ပြောင်းသွားပြီဆိုတော့ နည်းနည်းတော့ ပြန်ကြည့်ရပါဦးမယ်။ 
နောက်ထပ်ပြောထားတာတွေလည်းရှိသလို ပျက်သွားတာတွေလည်း ရှိတယ်။ ကိုယ်မကြိုက်လို့ မရိုက်ဖြစ်တာတွေလည်း ရှိတယ်။ ကြော်ငြာတွေလည်း ရိုက်ထားတာတွေရှိပါတယ်။
 
မေး-ပညာရေးဘက်ကိုရော ဘယ်လိုစဉ်းစားထားလဲ။
 
ဖြေ- ပညာရေးက နားထားတာပေါ့နော်။ သေချာစာလုပ်လို့ တစ်စိုက်မတ်မတ် လုပ်နိုင်တဲ့အချိန်မျိုးကျရင် ပညာရေးဘက်ကို အချိန်ပြန်ပေးဖြစ်မှာပါ။ ဘွဲ့တစ်ခုရအောင်ယူဖို့တော့ စဉ်းစားထားပါတယ်။
 
မေး- ပရိသတ်တွေကိုပြောချင်တာများရှိဦးမလား။
 
ဖြေ- ပရိသတ်တွေအတွက် ကြိုးစားနေပါတယ်။ အားပေးကြပါလို့။ 

Most Read

Most Recent