အီဘိုလာရောဂါ အမြန်စစ်ဆေးနိုင်သည့် စမ်းသပ်ချက်ကို လူနာများ၌ လက်တွေ့စမ်းသပ်မှု အောင်မြင်

အီဘိုလာရောဂါ အမြန်စစ်ဆေးနိုင်သည့် စမ်းသပ်ချက်ကို လူနာများ၌ လက်တွေ့စမ်းသပ်မှု အောင်မြင်
Published 29 June 2015
ွRef: AFP

အီဘိုလာရောဂါ ရှိ မရှိကို နေရာ၌ပင် ချက်ချင်းစစ်ဆေးပြီး ၁၅ မိနစ်အတွင်း အဖြေထွက်သည့် စမ်းသပ်ချက်တစ်မျိုးကို လူနာများ၌ စမ်းသပ်ခဲ့ရာ တိကျသည့်အဖြေရရှိကြောင်း အမေရိကန်အခြေစိုက်အဖွဲ့က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ 
 
အကုန်အကျနည်းပြီး လျင်မြန်စွာ စစ်ဆေးနိုင်သော ယင်းစမ်းသပ်ချက်သည် လက်တွေ့ကွင်းဆင်း လုပ်ဆောင်နေရသော ကျန်းမာရေးလုပ်သားများအတွက် အဖိုးမဖြတ်နိုင်သည့် ကိရိယာတစ်ခုဖြစ်လာမည်ဟု ဆိုသည်။ ယင်းစမ်းသပ်ချက်သည် ရောဂါဖြစ်ပွားနေသူကို ချက်ချင်းဖော်ထုတ်နိုင်ပြီး သီးခြားခွဲထားနိုင်စေသောကြောင့် အီဘိုလာရောဂါပျံ့နှံ့မှုကို တိုက်ဖျက်ရာ၌ လွန်စွာအသုံးဝင်လိမ့်မည်ဟု ဆိုသည်။ 
 
ReEBOV ဟု အမည်ပေးထားသော ယင်းစမ်းသပ်ကိရိယာကို ကော်လိုရာဒိုအခြေစိုက် Corgenix ကုမ္ပဏီက ထုတ်လုပ်ပြီး လက်ထိပ်ကိုဖောက်ကာ သွေးတစ်စက်ရရှိရုံဖြင့် စစ်ဆေးနိုင်ပြီး ရောဂါရှိပါက ယင်းစမ်းသပ်ပြား၏ အရောင်သည် ငါးမိနစ်မှ ၁၅ မိနစ်အတွင်း ပြောင်းသွားသည်ဟု ဆိုသည်။ 
 
ယင်းကို အသုံးပြုရန်အတွက် သင်တန်းပေးရန် မလိုသော်လည်း မကောင်းသည့်အချက်မှာ ယင်းကို သိမ်းဆည်းရန်အတွက် ရေခဲသေတ္တာလိုအပ်ခြင်း ဖြစ်သည်။ 
 
လက်ရှိအသုံးပြုနေသော စမ်းသပ်စစ်ဆေးမှုကို RealStar TRPCR ဟုခေါ်ပြီး ပိုမိုများပြားသော သွေးနမူနာလိုအပ်ကာ ဓာတ်ခွဲခန်းအတွင်း မြင့်မားသော လုံခြုံရေးအဆင့်ဖြင့် လေ့ကျင့်ပေးထားသော ဝန်ထမ်းများသာ ဆောင်ရွက်နိုင်သည်။ ရောဂါဖြစ်ပွားနေသော ဒေသများ၌ ယင်းဓာတ်ခွဲခန်းမျိုးရှိရန် မလွယ်ကူပေ။ 
 
ဂျာမနီကုမ္ပဏီမှ ထုတ်လုပ်သည့် RealStar စမ်းသပ်စစ်ဆေးမှုသည်လည်း သွေးဖောက်သူ၊ သယ်ဆောင်သူနှင့် စမ်းသပ်စစ်ဆေးမှုဆောင်ရွက်သူ အားလုံးအတွက် အန္တရာယ်ရှိသည်။ 
 
“ဓာတ်ခွဲခန်းအဖြေကိုရဖို့ တစ်ခါတစ်ရံ ရက်အတန်ကြာပါတယ်။ အဖြေရဖို့ ကြန့်ကြာနေတာက ရောဂါဖော်ထုတ်ဖို့ မအောင်မမြင် ဖြစ်စေရုံသာ မကဘူး၊ ရောဂါကုသဖို့လည်း မအောင်မမြင် ဖြစ်စေတယ်။ အီဘိုလာရောဂါမရှိတဲ့ လူတွေအတွက်လည်း အီဘိုလာရောဂါ ကူးစက်ခံရသွားနိုင်တယ်”ဟု လေ့လာချက်၌ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သော ဘော်စတွန်ကလေးဆေးရုံမှ နီရာပူးလော့က ပြောကြားခဲ့သည်။ 
 
လက်တွေ့စမ်းသပ်ရန်အတွက် ပူးလော့နှင့်အဖွဲ့သည် Re-EBOV စမ်းသပ်ချက်နှင့် RealStar စမ်းသပ်ချက် နှစ်မျိုးစလုံးကို အသုံးပြုကာ ဖေဖော်ဝါရီလအတွင်း ဆီယာရာလီယွန်ရှိ အစိုးရကုသရေးဌာန နှစ်ခု၌ အီဘိုလာရောဂါ ကူးစက်ခံနေရသည်ဟု မသင်္ကာသူ ၁၀၅ ဦးကို စမ်းသပ်စစ်ဆေးခဲ့သည်။ ဆီယာရာလီယွန်သည် ယခုအကြိမ် အီဘိုလာရောဂါဖြစ်ပွားမှု၌ အဆိုးရွားဆုံးနိုင်ငံသုံးနိုင်ငံထဲ၌ ပါဝင်သည်။  RealStar ဖြင့် ရောဂါတွေ့ရှိခဲ့သော လူနာ ၂၈ ဦးစလုံးကို  Re-EBOV  စမ်းသပ်ချက်၌လည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ 
 

Most Read

Most Recent