ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ဦးခင်မောင်ထွေးနှင့် တွေ့ဆုံခြင်း

ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့မှ ဦးခင်မောင်ထွေးနှင့် တွေ့ဆုံခြင်း
Published 28 June 2015
စုမှူးနိုင်

မြန်မာ့ရုပ်သေးလောကမှ ၂၀၀၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့အနေနဲ့ စတင်ဖွဲ့စည်းချိန်ကစလို့ ရန်ကုန်မှာ ရုပ်သေးကပြတင်ဆက်မှုတွေကို ရုံနဲ့တင်ဆက်ခဲ့သလို အိမ်မှာတင်ကပြမှုတွေလည်း လုပ်ခဲ့ပါတယ်။ နိုင်ငံတကာရုပ်သေးပွဲ အများအပြားကိုလည်း သွားရောက်ကပြဖျော်ဖြေခဲ့တဲ့ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့အနေနဲ့ ၂၀၁၅ ခုနှစ် ဇွန်လ ၁၃ ရက်မှ ရန်ကုန်မြို့ ဆူးလေမှာ Easy ထွေးဦးမြန်မာဆိုတဲ့ ရုပ်သေးကပွဲရုံလေးကို ဖွင့်လှစ်ပြီး ကပြဖျော်ဖြေမှုတွေ ပြုလုပ်လာခဲ့ပြန်ပါတယ်။ ဒါကြောင့် ထွေးဦးမြန်မာရုပ်သေးအဖွဲ့ရဲ့ တင်ဆက်မှုတွေနဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာတစ်ခုဖြစ်တဲ့ ရုပ်သေးအဖွဲ့တစ်ဖွဲ့ရဲ့ ဖြတ်သန်းကြုံတွေ့ရမှုအချို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်  .  .  .  .  .မေး- ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး လက်ရှိအထိ ပြည်တွင်းနဲ့ ပြည်ပဖျော်ဖြေရေးတွေနဲ့ ဖြတ်သန်းမှုအချို့ကို အနည်းငယ်ပြန်ပြီး ပြောပေးပါဦး။ဖြေ - ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ကို ၂၀၀၆ ခုနှစ်မှာ စပြီးဖွဲ့ခဲ့တာပါ။ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ထိ ဗိုလ်တထောင်ဘက်က ကုန်သွယ်မှုဗဟိုမှာ ရုံနဲ့ကတယ်။ ၂၀၀၈ ကနေ ၂၀၀၉ ခုနှစ်ထိ Happy World မှာ ကပြတယ်။ ၂၀၀၉ ကနေ ၂၀၁၀ ထိကို Asia Plaza Hotel နဲ့ ၂၀၁၁ မှာ ကရဝိက်တို့မှာက ခဲ့တယ်။ ဒါပေမဲ့ အဆင်ပြေမှုသိပ်မရှိဘဲ ၂၀၁၂ ခုနှစ်ကစပြီး အိမ်မှာ ကပြခဲ့ရတယ်။ အခု ၂၀၁၅ ခုနှစ် ဇွန် ၁၃ ရက်ကစပြီး Easy ထွေးဦးမြန်မာ ရုပ်သေးရုံလေးဖွင့်ပြီး ပြန်ကဖြစ်ပါပြီ။ ပြည်ပနိုင်ငံတွေကိုလည်း ၂၀၀၈ ခုနှစ်လောက်ကစပြီး ဖိတ်ကြားမှုတွေအရ သွားခဲ့တယ်။ ဒူဘိုင်း၊ ဆွီဒင်နဲ့ ဥရောပနိုင်ငံတွေအပြင် အရှေ့တောင်အာရှနိုင်ငံ အတော် များများကိုလည်း ရောက်ခဲ့ပြီးပါပြီ။ မေး- နိုင်ငံတကာ ရုပ်သေးပွဲတော်တွေမှာ သွားရောက်ကပြရတာတွေကနေ ဘယ်လိုတိုးတက်မှုတွေရခဲ့လဲ။ အခြားနိုင်ငံက လူတွေရဲ့ မြန်မာ့ရုပ်သေးအပေါ် စိတ် စင်စားမှုကရော ဘယ်လိုရှိလဲ။ဖြေ-  နိုင်ငံတကာပွဲတွေသွားတိုင်းမှာ မြန်မာ့ရုပ်သေးအဖွဲ့က တကယ့်ရိုးရာအတိုင်း လူအပြည့်အစုံ ဆိုင်းအဖွဲ့အပြည့်အစုံ မပါနိုင်ခဲ့တာတောင် တခြားနိုင်ငံကလူတွေရဲ့ စိတ်ဝင်စားမှုနဲ့ လေးစားမှုကို အားရဖွယ် အနေအထားထိရခဲ့ပါတယ်။ စင်ကာပူမှာကျင်းပခဲ့တဲ့ အာဆီယံရုပ်သေးပွဲမှာတော့ မန္တလေးက စိန်မွတ္တားဆိုင်းအဖွဲ့အပြည့်အစုံ ဆို၊ ငို၊ ပြော ပညာရှင်တွေနဲ့ သွားရောက်ကပြခဲ့တဲ့အခါ အာဆီယံအသိုင်းအဝိုင်းမှာ မြန်မာ့ရုပ်သေးအပေါ် ပိုပြီး လေးစားနှစ်သက်မှုရှိလာတာကို အဲဒီပွဲပြီး ဗီယက်နမ်မှာ မနှစ်ကသွားခဲ့တဲ့ ရုပ်သေးပညာဖလှယ်ပွဲမှာ သိခဲ့ရတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က လုပ်ခဲ့တဲ့ ဦးထွေးတို့ တက်ရောက်ကပြခဲ့တဲ့ ကမ္ဘာ့ရုပ် သေးပွဲတော်မှာလည်း မြန်မာ့ရုပ်သေးက ပေးတဲ့ဆု ၁၄ ဆုထဲကနေ Best Animation (အကောင်းဆုံးသက်ဝင်လှုပ်ရှား) ဆုရခဲ့တယ်။ အဲဒီတော့ မြန်မာ့ရုပ်သေးမှာ ဒီထက်ပိုပြီး ပံ့ပိုးမှုတွေရခဲ့ရင် လုပ်ပြနိုင်စရာတွေလည်း အများကြီးရှိတဲ့အတွက် နိုင်ငံတကာမှ အားပေးမှုရော လေးစားတန်ဖိုးထားမှုရော ပိုပြီးရနိုင်ပါတယ်။  မေး -  ထွေးဦးမြန်မာအဖွဲ့အနေနဲ့ ရန်ကုန်မှာပဲ ရုံနဲ့ကပြမှုတွေလုပ်ခဲ့ပြီး အဆင်မပြေတာတွေလည်း ရှိခဲ့တော့ အခုတစ်ခါရုံနဲ့ ကပြမှုကနေ ဘယ်လောက်ထိ တိုးတက်လာမယ်လို့ မျှော်လင့်ထားလဲ။ဖြေ -   အခုက ဦးထွေးရဲ့အိပ်မက်ကို ငါးကြိမ်မြောက် အကောင်အထည်ဖော်ခွင့်ရတာပါ။  အဲဒီတော့ အောင်မြင်ချင်ပါတယ်။ အောင်မြင်ဖို့လည်း ကြိုးစားနေတယ်။ အဲဒီလို အောင်မြင်ချင်တာက ဦးထွေးတို့ မိသားစုအတွက် ထွေးဦးမြန်မာ ရုပ်သေးအဖွဲကတစ်ဖွဲ့တည်းအတွက် မဟုတ်ပါဘူး။ မြန်မာ့ရုပ်သေး အပါအဝင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာ တင်ဆက်မှုတွေကို နိုင်ငံခြားခရီးသွားတွေကို ဒီ့ထက်ပိုပြီး သေချာကပြနိုင်ဖို့ အခွင့်အရေးတွေပိုပြီး ရချင်တဲ့အတွက်ပါ။ အခုကတော့ ဟိုတယ်တွေ စားသောက်ဆိုင်တွေမှာ စားသောက်ရင်း ကြည့်ဖို့အဖြစ်သဘောလောက်ပဲ ကပြနေရတာလေ။ အဲဒီတော့ ကိုယ့်ရိုးရာယဉ်ကျေးမှုအနုပညာကို ကောင်း ကောင်းမွန်မွန် တင်ဆက်နိုင်ဖို့ အခွင့်အလမ်းက နည်းပါတယ်။ ဒါကလည်း ပံ့ပိုးမယ့်သူတွေ လိုအပ်ပါတယ်။မေး-Easy ထွေးဦးမြန်မာ ရုပ်သေးရုံရဲ့တင်ဆက်မှုနဲ့ အစီအစဉ်တွေကိုလည်း ပြောပြပေးပါဦး။ဖြေ-  အခုချိန်က ခရီးသွားနည်းတဲ့ မိုးတွင်းဖြစ်နေတာကြောင့် တစ်ပတ်ကို စနေ၊ တနင်္ဂနွေရက်တွေမှာ နှစ်ပွဲပဲ ပုံမှန်ကမှာပါ။ သီးသန့်ပွဲကြည့်ချင်သူတွေအတွက်လည်း စီ စဉ်ပေးမှာပါ။ ဇူလိုင်လလောက်ကစပြီး နေ့စဉ်ပွဲကသွားဖို့လည်း အစီအစဉ်ရှိပါတယ်။ မြန်မာတွေရဲ့ ယဉ်ကျေးမှုအနုပညာကို မြန်မာတွေကပဲ မြှင့်တင်မှရမှာပါ။ ဒါကြောင့် မြန်မာတွေလည်း လာကြည့်စေချင်ပါတယ်။ ခရီးသွားလုပ်ငန်းတွေအနေနဲ့လည်း နိုင်ငံတကာမှာလို ဒီလိုပွဲကြည့်ဖို့အတွက် ကိုယ့်ခရီးသည်တွေကို လွှတ်ပေးစေချင်ပါတယ်။ အနုပညာ တင်ဆက်မှုပိုင်းမှာတော့ လက်ရှိမှာ ရိုးရာသမားစဉ်အတိုင်း ကပြမှုတွေပဲ ဦးစားပေးတင်ဆက်ပါတယ်။ ခေတ်ပေါ်ရုပ်သေး တောင်းဆိုမှုတွေရှိလည်း တင်ဆက် ကပြသွားမှာပါ။         

Most Read

Most Recent