အိန္ဒိိယအနောက်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၅၅ ဦး သေဆုံး

အိန္ဒိိယအနောက်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၅၅ ဦး သေဆုံး
Published 28 June 2015
Ref : AFP

အိန္ဒိယအနောက်ပိုင်း ဂူဂျရတ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ အရေအတွက် ၅၅ ဦး ထိရှိလာပြီး ရေကြီးမှုတွင် ပိတ်မိနေသူများကို ကယ်တင်ရန်အတွက် ကယ်ဆယ်ရေးများ က ဇွန် ၂၇ ရက်တွင် ကြိုးပမ်းနေရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
 
ဇွန် ၂၄ ရက်က မိုးစတင်ရွာသွန်းခဲ့ပြီးနောက် ထောင်နှင့်ချီသော ဒေသခံများသည်  ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြပြီးနောက် ဆူရတ်ထရာဒေသတွင် ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခဲ့သူများကို တာဝန်ရှိသူများက စားစရာနှင့်ရေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 
ယင်းနောက်ပိုင်း မိုးရွာသွန်းမှု နည်းပါးသွားသော်လည်း အိမ်အများအပြား ထိခိုက်ပျက်စီးကျန်ရစ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် လမ်းများ၊ ရထားလမ်းများ၊ တံတားများနှင့် လျှပ်စစ်တာဝါတိုင်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ 
 
ကမ်းရိုးတန်းခရိုင် အမ်ရီလီတွင် ဇွန် ၂၇ ရက်၌ အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း ပြည်နယ်အရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရေလွှမ်းမိုးမှုကြောင့် ဇွန် ၂၄ ရက်နောက်ပိုင်းမှ ယခုအချိန်အထိ ၅၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 
အိန္ဒိယ လေတပ်သည် MI-17 V5  ရဟတ်ယာဉ်ခြောက်စင်းဖြင့် ခေါက်ရေ ၂၃ ကြိမ် ပျံသန်းပြီး စားစရာအထုပ် ၅ ဒသမ ၈၇ တန်ကို ချပေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် စီတန်ရှုကာ က Twitter တွင် ရေးသားခဲ့သည်။
 
ရာသီအခြေအနေ ကောင်းမွန်လာ၍ အမ်ရီလီနှင့် ဂျူနာဂက်ခရိုင်များမှ ရွာ ၂၀၀ ခန့်သို့ လျှပ်စစ်ဓာတ်အား ပြန်ပေးနိုင်ရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ယင်းနေရာများသည် နှစ်စဉ်ရွာသွန်းသည့် မုတ်သုံမိုးကြောင့် ရေလွှမ်းမိုးမှုကို အဆိုးရွားဆုံး ခံစားခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
 
ပြီးခဲ့သော နှစ်ရက်အတွင်း မိုးထပ်မံ မရွာသွန်း၍ တာဝန်ရှိသူများသည် ရေဘေးဒုက္ခသည်များကို စားစရာ၊ ဆေးဝါးနှင့် ငွေကြေးအကူအညီများ ပေးနိုင်တော့မည်ဖြစ်ကြောင်း ဂူဂျရတ်ဒေသ ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး ဘီပင်ဘတ်က ပြောကြားခဲ့သည်။ ရေလွှမ်းမိုးမှုကြောင့် သေဆုံးခဲ့သော တိရစ္ဆာန်ကောင်ရေ ၅၀၀၀ ကျော်၏ အလောင်းများကို တွေ့ရှိခဲ့ရပြီး ဖျက်ဆီးမြှုပ်နှံခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
 
အမ်ရီလီနှင့် ဘာနာဂါခရိုင်တို့တွင်လည်း မျိုးသုဉ်းရန် အန္တရာယ်ရှိသော အာရှ ခြင်္သေ့လေးကောင်၏ အလောင်းများကိုလည်း တွေ့ရှိခဲ့ရကြောင်း သစ်တောတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဘာနာဂါခရိုင်တွင် အရွယ်ရောက်ပြီး ခြင်္သေ့နှစ်ကောင်နှင့် အမ်ရီလီခရိုင်တွင် ငါးနှစ်အရွယ် ခြင်္သေ့နှင့်ခြင်္သေ့မတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent