ကမ္ဘာပတ်မည့် ဆိုလာလေယာဉ် ဂျပန်တွင် တစ်နှစ်ခန့်အထိ သောင်တင်နေနိုင်ဟု လေယာဉ်မှူး ပြောကြား

ကမ္ဘာပတ်မည့် ဆိုလာလေယာဉ် ဂျပန်တွင် တစ်နှစ်ခန့်အထိ သောင်တင်နေနိုင်ဟု လေယာဉ်မှူး ပြောကြား
Published 27 June 2015
Photo:AFP

ကမ္ဘာပတ်ပျံသန်းရန် ကြိုးပမ်းနေသော ဆိုလာလေယာဉ်သည် လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံရမည်ဖြစ်ကြောင်း သို့မဟုတ်ပါက ဂျပန်တွင် တစ်နှစ်ခန့်ထိ သောင်တင်နေနိုင်ကြောင်း လေယာဉ်မှူးက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ဂျပန်တွင် သုံးပတ်ကြာ သောင်တင်နေသော ဆိုလာလေယာဉ်သည် ရာသီဥတုဆိုးရွားမှုကြောင့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းမည့် အစီအစဉ်အား ယခုတစ်ပတ်တွင်လည်း ရွှေ့ဆိုင်းခဲ့ရသည်။ သြဂုတ်လ အစောပိုင်းမတိုင်မီ နေ့တာများ တိုလာမည် ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာကို ဆိုလာလေယာဉ် ဖြတ်သန်းရန် နေ့တာတိုလွန်းသွားမည်ဖြစ်ကြောင်း လေယာဉ်မှူးဖြစ်သူ ဘာထရန်ပစ်ကပ်က ပြောကြားခဲ့သည်။
 
“သြဂုတ် ၅ ရက်မတိုင်မီ ကျွန်တော်တို့ ပစိဖိတ်နဲ့ အတ္တလန္တိတ်ကို ဖြတ်ကျော်ရပါမယ်”ဟု ပစ်ကပ်က ပြောကြားခဲ့သည်။ ဆိုလာလေယာဉ်ကို ဇွန် ၂၄ ရက်အစောပိုင်းတွင် ဂျပန်နိုင်ငံအလယ်ပိုင်း နာဂိုယာမြို့မှနေ၍ ဟာဝိုင်ယီသို့ ပျံသန်းရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း မိုးလေဝသခန့်မှန်းချက်များက ရာသီဥတုဆိုးရွားမည်ဟု ဆိုသောကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။  ဆိုလာလေယာဉ်သည် တိမ်ထဲတွင် ၁၀ နာရီကြာအောင် ပျံသန်းနိုင်သော်လည်း ထိုနောက်ပိုင်းတွင် ဘက်ထရီအားကို ပြန်ဖြည့်ရန်အတွက် ကြည်လင်သော ကောင်းကင်လိုအပ်ကြောင်း လေယာဉ်မှူး ပစ်ကပ်က ပြောကြားခဲ့သည်။ Ref: AFP
 
 
 

Most Read

Most Recent