ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိ အငြင်းပွားလေဆိပ်သစ်ကြီးဆောက်လုပ်ရေးစီမံကိန်းကို ဗီယက်နမ်အတည်ပြု

ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိ အငြင်းပွားလေဆိပ်သစ်ကြီးဆောက်လုပ်ရေးစီမံကိန်းကို ဗီယက်နမ်အတည်ပြု
Published 27 June 2015
Ref:AFP

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့အနီး၌ ဒေါ်လာ ၁၆ ဘီလျံတန်ဖိုးရှိသည့် အငြင်းပွားလေဆိပ်ကြီးတစ်ခု ဆောက်လုပ်ရေးကို ဇွန် ၂၅ ရက်တွင် ဥပဒေပြုအမတ်များက မဲခွဲအတည်ပြုလိုက်ကြသည်။    လေဆိပ်ဆောက်လုပ်ရေးစီမံကိန်းသစ်သည် ဗီယက်နမ်စီးပွားရေးဗဟိုချက် ဟိုချီမင်းမြို့ရှိ လေဆိပ်ပြည့်ကျပ်မှုများကို လျှော့ချပေးနိုင်ရန် ရည်ရွယ်သည်။ ထို့အပြင်လေဆိပ်သစ်သည် ၂၀၅၀ ပြည့်နှစ်တွင် ခရီးသည် သန်း ၁၀၀ နှင့် ကုန်တန်ချိန်ငါးသန်းကို လက်ခံနိုင်ရန်လည်း ရည်ရွယ်ထားသည်။    "လောင်ထန်းလေဆိပ်တည်ဆောက်ရေးကို အမျိုးသားလွှတ်တော်မှာ ထောက်ခံမဲ ၈၆ မဲနဲ့ အတည်ပြုလိုက်ပါတယ်" ဟု ကွန်မြူ နစ်အစိုးရဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ထိုလေဆိပ်သစ်ကို ဟိုချီမင်းမြို့၏ ၂၅ မိုင်အကွာတွင် ဆောက်လုပ်မည်ဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကတည်းက အဆိုပြုထားခြင်းဖြစ်သည့် လောင်ထန်းလေဆိပ်ဆောက်လုပ်ရေးသည် ပြည်သူများကြား၌ အငြင်းပွားမှုများစွာဖြစ်စေခဲ့ပြီး လက်ရှိလေဆိပ်ကို မတိုးချဲ့ဘဲ လေဆိပ်အသစ်ထပ်မံဆောက်မှုကို အများကမေးခွန်းထုတ်ခဲ့ကြသည်။    ယင်းဖြစ်ရပ်၏ အဓိကပြဿနာမှာ လက်ရှိတန်ဆန်ညက်လေဆိပ်နံဘေးရှိ ဗီယက်နမ်စစ်တပ်ကပိုင်ဆိုင်သော ဂေါက်ကွင်းကြီးကြောင့် ဖြစ်ဖွယ်ရှိသည်။ အစိုးရက လေဆိပ်ကို ဂေါက်ကွင်းဘက်သို့ တိုးချဲ့ခြင်းကို ပယ်ချထားသည်။    "လေဆိပ်ထဲမှာ လေယာဉ်တွေရပ်နားဖို့ နေရာနည်းပါးနေတဲ့အချိန်မှာ လေဆိပ်နားမှာ ဂေါက်ကွင်းတစ်ခုရှိခွင့်ပြုတာဟာ အလွန့်ကို ကျိုးကြောင်းမဆီလျော်ပါဘူး" ဟု လေဆိပ်သစ်ဆောက်လုပ်ခြင်းကို ကန့်ကွက်သော တန်ဆန်ညက်လေဆိပ်၏ အကြီးအကဲဟောင်း လီထရွန်ဆန်းက ပြောကြားခဲ့သည်။ တန်ဆန်ညက်လေဆိပ်၌ တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ ဝင်ထွက်သွားလာနိုင်ပြီး ထိုပမာဏသည် ၂၀၁၇ ခုနှစ်မတိုင်မီ ၂၅ သန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။    ၂၀၁၆ ခုနှစ်တွင်စတင်မည့် လေဆိပ်တည်ဆောက်ရေးကြောင့် စတုရန်းမိုင် ၁၉ မိုင်တွင်းအရှိ  မိသားစု ၄၂၀၀ ခန့်ကို နေရာရွှေ့ပြောင်းပေးရမည်ဖြစ်သည်။ စင်ကာပူ၏ ချန်ဂီလေဆိပ်သည် စတုရန်းမိုင် ၅ မိုင်သာ ကျယ်ဝန်းပြီး ထိုင်း၏ သုဝဏ္ဏဘူမိလေဆိပ်က ၁၂  စတုရန်းမိုင်ကျယ်ဝန်းသည်။ ဗီယက်နမ်၏လေဆိပ်သစ်က ယင်းလေဆိပ်နှစ်ခုပေါင်းထက်ပင် ပိုမိုကြီးမားမည်ဖြစ်သည်။ ယခုစီမံကိန်းဖြစ်မြောက်လာပါက လေဆိပ်သစ်ကြောင့် ဗီယက်နမ်သည် ဒေသတွင်း၌ လေကြောင်းခရီးသွားလာမှုဆိုင်ရာ ဗဟိုချက်တစ်ခုဖြစ်လာနိုင်သည်။    

Most Read

Most Recent