MERS ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် တောင်ကိုရီးယားတွင် ဥပဒေသစ်ထုတ်ပြန်

MERS ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် တောင်ကိုရီးယားတွင် ဥပဒေသစ်ထုတ်ပြန်
Published 27 June 2015
Ref:AFP

တောင်ကိုရီးယားနိုင်ငံတွင် MERS ရောဂါဖြစ်ပွားမှုထိန်းချုပ်ရန်၊ သီးသန့်ခွဲခြားထားခြင်းဆိုင်ရာ စည်းမျဉ်းများကို ပိုမိုတင်းကျပ်ရန်နှင့် ရောဂါကူးစက်မှုမရှိစေရန်ချ မှတ်ထားသည့် စည်းမျဉ်းများအား ဆန့်ကျင်ချိုးဖောက်သူများကို ထောင်ဒဏ်ချမှတ်ရန် ဥပဒေသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်သည်။ နိုင်ငံတွင်း၌ MERS ရောဂါကြောင့် သေဆုံးသူ ၃၂ ဦးရှိပြီဖြစ်သည်။    ဇွန် ၂၅ ရက်နှောင်းပိုင်းက ပါလီမန်တွင်အတည်ပြုလိုက်သည့် ထိုဥပဒေအသစ်အရ MERS ရောဂါကူးစက်ခံရသူများသည် အစိုးရထောက်လှမ်းရေးများကို ၎င်းတို့ မည်သို့ရောဂါကူးစက်ခံခဲ့ရသည့်အကြောင်းအား လိမ်ညာပါက ငွေဒဏ်အဖြစ် ဝမ်သန်း ၂၀(အမေရိကန်ဒေါ်လာ ၁၈၀၀၀) (သို့မဟုတ်) ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံရမည်ဖြစ်သည်။ ရောဂါအကြောင်း အမှန်အတိုင်းမပြောသူများအတွက် ယခင်ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်မှာ ငွေဒဏ်ဝမ်နှစ်သန်းဖြစ်သည်။ ဥပဒေသစ်ထဲတွင် ရောဂါကူးစက်ခံရသူများ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန်နှင့် ရောဂါပိုးပျံ့နှံ့နေသည့် အဆောက်အအုံများကိုပိတ်ပစ်ရန် အစိုးရဝန်ထမ်းများ၏ အာဏာကိုလည်း ပိုမိုတိုးမြှင့်ပေးထားသည်။ MERS ရောဂါဖြစ်ပွားမှုကို ကာကွယ်ခြင်းနှင့် ရောဂါဖြစ်ပွားမှု၏ နောက်ကြောင်းလိုက်ခြင်းတို့ပြုလုပ်မည့် ကျန်းမာရေးလုပ်သားဦးရေကိုလည်း နှစ်ဆမြှင့်တင်လိုက်သည်။    တောင်ကိုရီးယားနိုင်ငံထဲတွင် MERS ရောဂါဖြစ်ပွားမှုကို အစိုးရကတားဆီးရန် ပျက်ကွက်ခဲ့သည်ဟု ဝေဖန်မှုများထွက်ပေါ်လာစဉ် ယခုဥပဒေသစ်ထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားတွင် အစိုးရကျန်းမာရေးအာဏာပိုင်များ၊ ဆေးရုံများ၊ ဒေသတွင်းအစိုးရအဖွဲ့အစည်းတို့သည် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ပူးပေါင်းဆောင်ရွက်မှုနည်းပါးခဲ့သည်ဟု ဝေဖန်သူများကဆိုခဲ့သည်။ ထို့အပြင် သီးသန့်ခွဲခြားကန့်သတ်ထားမှုနှင့်ပတ်သက်သည့် ကျွမ်းကျင်သူဦးရေမလုံလောက်ခြင်း၊ အခြားကဏ္ဍများတွင်လည်း  ကျွမ်းကျင်သူများနည်းပါးခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှု၏ အစောပိုင်းအဆင့်တွင် ဗိုင်းရပ်ပျံ့နှံ့မှုကို မတားဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဝေဖန်ခဲ့ကြသည်။ရောဂါဖြစ်ပွားနေသည့် ကျန်းမာရေးဌာနများ၏အမည်ကို ထိန်ချန်ထားခြင်း၊ ရောဂါဖြစ်ပွားသူများကို အခြားနေရာများသို့ သွားခွင့်ပြုခြင်းအစရှိသည့် ဖြစ်ရပ်များကြောင့်လည်း ကျန်းမာရေးအာဏာပိုင်များကို အပြင်းအထန် ဝိုင်းဝန်းဒေါသထွက်ခဲ့ကြသည်။ MERS ရောဂါကြောင့် နိုင်ငံ၏ အားနည်းလာသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်ရန် ဒေါ်လာ ၁၄ ဘီလျံတန်ဖိုးရှိသည့် အစီအစဉ်တစ်ခုကို ဇွန် ၂၅ ရက်က အစိုးရမှကြေညာခဲ့သည်။  

Most Read

Most Recent