‘အနာဂတ်သို့ ပြန်သွားခြင်း’ ရုပ်ရှင်ထဲမှ ရှပ်ပြေးယာဉ်ပျံငယ်နှင့် ပုံစံတူကို ဖန်တီးခဲ့ကြောင်း တိုယိုတာပြောကြား

‘အနာဂတ်သို့ ပြန်သွားခြင်း’ ရုပ်ရှင်ထဲမှ ရှပ်ပြေးယာဉ်ပျံငယ်နှင့် ပုံစံတူကို ဖန်တီးခဲ့ကြောင်း တိုယိုတာပြောကြား
Published 26 June 2015

“အနာဂတ်သို့ ပြန်သွားခြင်း” ရုပ်ရှင်ထဲတွင် အသုံးပြုခဲ့သော ရှပ်ပြေးယာဉ်ငယ်နှင့် ပုံစံတူယာဉ်ကို ဖန်တီးခဲ့ကြောင်း ဂျပန်ကားကုမ္ပဏီ တိုယိုတာက ပြောကြားခဲ့သည်။ လျှပ်စစ်သံလိုက် ရထားများတွင် သုံးစွဲသော နည်းပညာကို သုံးစွဲထားသည့် ယင်းယာဉ်ပျံသည် မြေပြင်ကို ရှပ်ပြေးနိုင်ကြောင်း တိုယိုတာက ပြောကြားခဲ့သည်။ အွန်လိုင်းတွင် မိတ်ဆက်ခဲ့သော ကြေညာဗီဒီယို၌ မျောနေသော ရှပ်ပြေးယာဉ်ပျံကို မြင်တွေ့ခဲ့ရသည်။
အနာဂတ်သို့ ပြန်သွားခြင်းအမှတ် (၂) ရုပ်ရှင်တွင် အသုံးပြုထားသော ရှပ်ပြေးယာဉ်ပျံသည် ရေပြင်မှလွဲ၍ မည်သည့်နေရာတွင်မဆို ရှပ်ပြေးနိုင်သည်။ တိုယိုတာက တည်ဆောက်ခဲ့သော ရှပ်ပြေးယာဉ်ပျံကမူ မြေပြင်တွင် မြှုပ်နှံထားသော လျှပ်စစ်ဓာတ်အားကို အသုံးပြုပြီး အထူးသီးသန့် လမ်းကြောင်းတွင်သာ ရှပ်ပြေးနိုင်မည် ဖြစ်သည်။
ယင်းရှပ်ပြေးယာဉ်ကို စပိန်နိုင်ငံ ဘာစီလိုနာတွင် မကြာမီ စမ်းသပ်မည်ဖြစ်ကြောင်း တိုယိုတာက ပြောကြားခဲ့သည်။ ယမန်နှစ်ကလည်း အမေရိကန်အဖွဲ့တစ်ဖွဲ့က ရှပ်ပြေးယာဉ်ပျံကို တည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့ဖူးသည်။ တိုယိုတာသည် လျှပ်စစ်သံလိုက်ရထား နည်းပညာတွင် အထူးကျွမ်းကျင်သူဖြစ်ပြီး ဂျပန်ရထား ကုမ္ပဏီသည် ၂၀၂၇ ခုနှစ်တွင် အလွန်မြန်သော လျှပ်စစ်သံလိုက်ရထား ပြေးဆွဲရန် စီစဉ်ထားသည်။ ဖူဂျီတောင်အနီးတွင် ဧပြီလက စမ်းသပ်ခဲ့သော ယင်းလျှပ်စစ် ကျည်ဆန်ရထားသည် တစ်နာရီလျှင် ၃၇၃ မိုင် (၆၀၀ ကီလို မီတာ) အထိ စံချိန်တင် ပြေးဆွဲနိုင်ခဲ့သည်။ ယင်းရထားသည် ရထားလမ်းအထက် ၄ လက်မ အကွာတွင် ရှပ်၍ပြေးဆွဲ ခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်သံလိုက် နည်းပညာသုံး ကားများကို တည်ဆောက်နေကြောင်း တိုယိုတာသည် ယခင်ကလည်း ပြောကြားခဲ့ဖူးသည်။
“ကျွန်တော်တို့ရဲ့ အဆင့်မြင့်ဆုံး နည်းပညာ သုတေသနလုပ်ငန်းမှာ ကားပျံကို ကျွန်တော်တို့ လေ့လာနေပါတယ်။ ကားပျံဆိုတာက လမ်းအထက် နေရာအနည်းငယ်ကနေ ပြေးဆွဲထားမျိုးပါ။ လမ်းနဲ့ပွတ်တိုက်မှု မရှိပါဘူး” ဟု တိုယိုတာ၏ နည်းပညာစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူ ဟီရိုယိုရှီယိုရှီကီက ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် ရှပ်ပြေးယာဉ်ပျံနှင့် ပတ်သက်ပြီး အသေးစိတ်ကို ထပ်မံပြောကြားမည်ဖြစ်ကြောင်း တိုယိုတာ၏ တန်ဖိုးကြီး ကားထုတ်လုပ်သည့် လုပ်ငန်းခွဲ Lexus က ပြောကြားခဲ့သည်။  
Ref: AFP

Most Read

Most Recent