မိုးစက်ပွင့် လိုက်ဖ်ရှိုး

မိုးစက်ပွင့် လိုက်ဖ်ရှိုး
Published 25 June 2015
ရွှေဒါးမောင်လေးရည်

“မိုး ... ပစ္စုန်ဒေဝါ ...တသဲသဲ ရွာဖြိုးလေသောအခါ ... မိုးလုံးချုန်းထစ် ...လျှပ်ပစ်ရှစ်တိုင်း ဝဠာခွင်ဆိုင်းလို့သာ...သြော်... လွမ်းစရာပန်းချီကား ...တည်ထားသည် ပမာ”။ တေးသံရှင် တယောကိုတင်ရီ၏ ‘မြလယ်ယာနှင့် မိုးဒေဝါ’ တေးချင်းမှစာသား တစ်ပိုင်းတစ်စပါပေ။ မြန်မာနိုင်ငံ၏ လယ်သမားအပေါင်းတို့ အားထားရာ မိုးပစ္စုန်ရာသီ ကာလသည်လည်း အဖွင့်ဂီတသံများနှင့်အတူ မုတ်သုံတောင်ပြန်လေကို မြန်မာနိုင်ငံ အတွင်းသို့ ခေါ်ငင်လာခဲ့ပြီ ဖြစ်ပေသည်။ သည်အခိုက်အတန့်မှာပင် ကျွန်တော်တို့ အရေပြားပေါ် နှိပ်စက်ကလူ လောင်မြိုက်လျက်ရှိသည့် အပူရောင် မီးတောက်တို့၏ဒဏ်မှ အထိုက်အလျောက် တိမ်းရှောင်ခွင့်များရခဲ့ပြီ။ မိုးစက်ပွင့်တို့၏ အေးမြရိပ်ကိုလည်း ခံစားကြရပြီ ဖြစ်ပေသည်။ ထို့အတူ ပြည်သူအပေါင်းတို့ စိုးရွံ့ထိတ်လန့် အိပ်ခဲ့ကြရသည့် ခြောက်အိပ်မက်ညများ၊ မီးသတ်ကားက လိုင်လှုပ်သံများ သတိပေးခေါင်းလောင်းသံများကိုလည်း အထိုက်အလျောက်အားဖြင့် မေ့လျော့ထားနိုင်တော့မည် ဖြစ်သည်။ အကောင်းဘက်သို့ မြားဦးထိုးစိုက်ခိုက် အဆိုးဘက်က တိတ်တဆိတ် ဝင်ရောက်တိုက်ခိုက်လာနိုင်မည့် သဘာ၀ ဘေးဒဏ်တို့ကိုလည်း သတိထားရင်ဆိုင်ကြရမည် ဖြစ်ပေသည်။ မိုးဦးကာလဖြစ်၍ လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်တတ်ပြီး ပိုမို၍ အားကောင်းလာခဲ့လျှင် မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးဇလဦးစီးဌာန၏ မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်များကိုလည်း ဂရုပြု နားဆင်ကြရပေသည်။ယခု မိုးဦးရာသီ၌ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်းနှင့် ထိုအချိန်၌ မုတ်သုံလေအား အသင့်အတင့်ဖြင့် တစ်ပြည်လုံး၌ မိုးအသင့်အတင့်ရွာမည်ဟု ကြေညာခဲ့ပေသည်။ မိုးလယ်ကာလ၌ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ခန့် ဖြစ်ပေါ်ပြီး နှစ်ကြိမ်ခန့် မုန်တိုင်းအဆင့်သို့ ရောက်နိုင်ကြောင်း တစ်ပြည်လုံး မိုးရွာနိုင်ကြောင်း ထုတ်ပြန်ထားပေသည်။ မိုးနှောင်းကာလ၌ လေဖိအားနည်း နှစ်ကြိမ်နှင့် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်ထိ ဖြစ်နိုင်ကြောင်း ကြိုတင်ထုတ်ပြန်ထားခဲ့သည်။ ယခု မိုးဦးကာလမှာတော့ မုန်တိုင်းအဆင့်သို့ မရောက်သေးဘဲ သတိအနေအထားဖြင့် မုတ်သုံကာလကို ကျော်ဖြတ်ကြရပေမည်။“သည်မိုးသည်ရေအောင်ပါမှ မယ်နှင့်မောင် အလှူပေးရမယ်၊  မိုးကူပါ့လေး” ဆိုသကဲ့သို့ပင် တောင်သူတို့က မိုးကို မှီခိုကြရပေသည်။ ယခင်နှစ်ဆီက အညာဒေသများ မိုးဆက်တိုက် ဆွံ့ပါးမှုများကြောင့် တောင်သူတို့ အထိနာခဲ့ကြရသည်။ လူတို့ စားရေးရိက္ခာ ရှားပါးရသကဲ့သို့ တိရစ္ဆာန် ကျွဲနွားများလည်း စားရေးသောက်ရေး ကသီလင်တ ကြုံခဲ့ရသည်။ ‘မနှစ်က မိုးခေါင်တော့ ဒီဘက်ဒေသ မိုးစပါး ကောင်းကောင်း မစိုက်ကြရဘူး။ စိုက်ပြန်တော့လည်း စပါးက သိပ်မရကြပြန်ဘူး။ အခု နွေစပါးကတော့ ဆည်ရေမရတော့ မစိုက်နိုင်ဘူး။ တခြားသီးနှံတွေပဲ အစားထိုး စိုက်နေကြရတာ’ ဟု ခင်ဦးမြို့နယ်မှ တောင်သူတစ်ဦး၏ စကားသံများကို နားဆင်လိုက်ရပေသည်။ နွေစပါးစိုက်ပျိုးရာသီ၌ အဓိကအားဖြင့် ဆည်ရေမြောင်းရေများကို အားထားမှု ပြုကြရပေရာ မိုးခေါင်ရေရှားသဖြင့် ကန်ရေဆည်ရေများ ဝင်ရောက်မှု နည်းပါးကာ နွေစပါးအတွက် အထောက်အပံ့ မပြုနိုင်တော့ကာ စပါးစိုက်ဧကများ လျော့ပါးမှု၏ အကြောင်းရင်း ဖြစ်ခဲ့ရပေသည်။ အကြေရပ်တွင်တော့ မိုးကြီးရေလျှံမှုများကြောင့် လယ်ကွင်းများ ရေပြင်အောက် ငုပ်လျှိုးခဲ့ကြရပြီး ပျက်စီးဆုံးရှုံးခဲ့ကြရပြန်သည်။ ထိုသို့သော အကြောင်းရင်းများကြောင့်ပင် တိမ်တမန် တေးသီချင်းဖန်တီးရှင် ဆရာမောင်မောင်လတ်က” ဆည်မြောင်းချောင်းကန် ပြည့်လျှံတိုးအောင် မိုးလုံးမည်းမျှ မရွာစေချင်ပေ... ဆည်မြောင်းချောင်းကန်...အသင့်အမှန်ဖြိုးရန်...ပုလဲလုံးရွဲအလှ...ရွာစေချင်ပေ...” ရယ်လို့ စာသားအနုအလှ ကလေးများဖြင့် သင့်ရုံသာ ဖျန်းပက်ပါစေလိုကြောင်း တောင်းပန်တိုးလျှိုးခဲ့ခြင်း မဟုတ်ပါကလား ... ညှာတာသင့်ပါငဲ့...မိုးမင်းဒေဝါ။မိုးဒေဝါ၏ စေစားချက်များကြောင့် ကျေးလက်တောရွာများဆီ၌ တစ်စုံတစ်ရာ ထိပါးမှုများဖြင့် နှိပ်စက်ကလူ ရှိရသလိုပင် မြို့ပြဒေသအချို့တွင်လည်း မိုးနတ်မင်း၏ နှိပ်ကွပ်မှုများကြောင့် မြောင်းရေများ လျှံတက်ကာ လူသွားလမ်းများရေကျော်၊ အနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေဝင်ကာတိုက်တာ အဆောက်အအုံများ၊ ကျောင်းများ၊ ဈေးများသို့တိုင် ရေဝင်နစ်မြုပ်မှုတို့ဖြင့် အတိဒုက္ခများဖြင့် ရင်ဆိုင်တိုးတိုက်ကြရပေသည်။ မိုးနှင့်အတူ လေနတ်သားကပါ ဝင်ရောက်ကူပံ့မှုတို့ဖြင့် သစ်ပင်များ လဲပြိုကျိုးပဲ့၊ ဓာတ်တိုင်များပေါ်ပိကျကာ ဓာတ်ကြိုးတွေပြတ်တောက်ရ၊ အခန့်မသင့်တော့ ထိုဓာတ်ကြိုးပြတ်များ တက်နင်းမိကြပြန် မကြားဝံ့မနာသာ ဖြစ်ရပ်များက နောက်ဆက်တွဲကပ်လာပြီး ဆုံးရှုံးမှု အသင်္ချေဖြင့် ရင်နင့်နာကြည်းဖွယ်...များ..။မိုးကိုမျှော်သည်...မျှော်သည်...မျှော်သည်...မိုးရွာတော့ ပျော်သည်...မိုးကိုမျှော်သည် မျှော်သည်...မျှော်သည်...မျှော်သည် မျှော်သည်...မိုးရွာတော့ ပျော်သည်...မိုးလုံး ပတ်လည်...အုံ့မှိုင်းဝေရီ...ဆိုသည့် တေးသံ ရှင်မာမာအေး၏ တေးချင်းတစ်စကို နားဆင်ရင်း ငယ်ဘဝများဆီက မိုးရွာလျှင် ပျော်ရွှင်ခဲ့ရဖူးသည်များကို အောက်မေ့လည်ပြန် သတိရမိပေသည်။ သည်စဉ်ကတော့ ကလေးပီပီပင်၊ မိုးခေါ်၍ စပါးခင်းများ မပျိုးစိုက်ရသည်ကိုလည်း ဂရုမပြုမိခဲ့သလို ရွာတောင်ဘက်ဆီက ရွှေဒါးချောင်းရေများ၊ ဒလဟောစီးဆင်းလာသည်များကို တွေ့ရလျှင် ပျော်ရွှင်ခဲ့ရဖူးသည်များကိုလည်း ယခုထက်တိုင် မမေ့နိုင်အောင် အမှတ်တရ ရှိနေပေသေးသည်။ ယခုတော့ ထိုရွှေဒါးချောင်းသည်ပင် အထက်ဘက်က ‘သစ်ဆုံဆည်’ ပိတ်တည်ခဲ့ပြီးကတည်းက စမ်းချောင်းငယ်တစ်ခုမျှသာ ကျန်ရှိတော့ပြီး တစ်ဆယ့်နှစ်ရာသီ ရေစီးသောချောင်းအဖြစ်မှ ဘဝရွှေ့ပြောင်းသွားခဲ့ရသည်ပင် နှစ်ကာလတွေ ရှည်ကြာခဲ့ပြီလေ။ လွမ်းပြဖွယ်...ပေ။လက်ရှိ ကျွန်တော်တို့ ရှင်သန်ရာ ရန်ကုန်မြို့ပြ၏ မိုးရာသီလိုက်ဖ်ရှိုးကို မျှော်ကြည့်မိတော့ လိုက်ကာဖွင့်စမှာပင် ကားလမ်းမများပေါ် လှေလှော်ဖြတ်သန်းရမည့် မြင်ကွင်းများက ကျွန်တော်တို့အား ထိပ်ပုတ်ခေါင်းပုတ် ပြုခဲ့ပေပြီ။ မင်္ဂလာဈေး ယုဇနပလာဇာ ရှေ့နားဆီက ရေလျှံမြင်ကွင်းများ မော်တော်ယာဉ်နှင့် လူအများ ဖြတ်သန်းနေကြပုံများ သိမ်ဖြူ လမ်းစာတိုက်ထောင့်ချိုး မီးပွိုင့်အနီးမှ ရေကြီးမှုမြင်ကွင်း မြန်မာ့ဂုဏ်ရည်မီးပွိုင့်အနီးက ရေလွှမ်းမှုမြင်ကွင်းများက မျက်စပစ် လှောင်ပြောင်နေကြသည်လား။ သတင်းစာ စာမျက်နှာပေါ် ပျံသန်းလာသည့် ရေကြီးရေလျှံ ရန်ကုန်မြို့ပြဓာတ်ပုံများက သက်သေပြုနေပေသည်။ အနော်ရထာလမ်းနှင့် ၂၈ လမ်း ဝန်းကျင်တစ်ဝိုက်ဆိုလျှင် မိုးရွာပြီဆိုသည်နှင့် မြောင်းအပေါ် လျှံတတ်လာသည့် ရေဆိုးရေပုပ်များနှင့် ပလပ်စတစ်ပုလင်းခွံများ၊ ကြွပ်ကြွပ်အိတ်အစများက ခြေထောက်အား လာရောက်ကပ်ငြိသည်အထိ ရုန်းမလွတ် ရှောင်မရနိုင်အောင် ရှိလှသည်။ မြို့ပြင်ထွက်လာတော့ ရန်ကုန်အင်းစိန်လမ်းမဘေး ဆပ်ပြာစက်ရုံဟောင်းရှေ့ ရေမြောင်းက တစ်ဆယ့်နှစ်ရာသီကာလ တစ်လျှောက်လုံး ‘ခြင်သားဖောက်စခန်း’ သဖွယ် ရေဆိုများဖြင့် အမြဲနေရာယူပြီး အနံ့ဆိုးများ လှိုင်နေပျံ့နေလျက်ဖြင့် ဘေးနားမှာတော့ မူလတန်းကျောင်း တစ်ကျောင်းရှိပြီး ကျောင်းသားရင်သွေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးရိမ်နေကြတဲ့ မိဘများရဲ့ ရင်တွင်းအပူတွေကို ဘယ်ပုံဘယ်နည်း ကုစားပေးမလဲ မေးရမလိုပါ။ သမိုင်းလမ်းဆုံ ဘက်မှာတော့ မိုးရွာမယ်ဟန်ပြင်တာနဲ့ ရေဆိုးတွေထဲ ကျော်ဖြတ်နေကြတဲ့ မော်တော်ယာဉ်များလူများ ဘတစ်ပြန် ကျားတစ်ပြန် သတ်ပုတ်ကြရာ နေရာတစ်ခုပါပဲ။ဒီရေကြီးရေလျှံမှုနှင့် ဆက်နွှယ်၍ ကုစားနေပေရာ ယခင် ၂၀၁၄ ခုနှစ်တုန်းကတော့ နှစ်ဘီလျံကျော် သုံးစွဲမည်ဟု ကြားခဲ့ရပြီး ယနေ့ကာလထိတော့ ရေကြီးရေလျှံမှုများက အောင်ပန်းများဖြင့် ဝေလွင်ကြိုင်ပျံ့ဆဲ။ ယခု မိုးဦးဖွင့်စမှာပင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများ စတင်တွေ့နေရပြီးဖြစ်ကြောင်း သတင်းတစ်ပုဒ်တွင် ဖတ်ရှုလိုက်ရပေသည်။ ထို့အတူ မိုးရာသီနှင့် တွဲဖော်တွဲဖက် ဝမ်းပျက်ဝမ်းလျှော ရောဂါသည်လည်း အလေးဂရုပြုရမည့် ကိစ္စ ဖြစ်ပေသည်။ ရေနှင့်မသန့်ရှင်းသော အစားအစာများကြောင့် အများဆုံးဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ကြိုတင်ကာကွယ်၍ ရနိုင်ပြီး တစ်ကိုယ်ရည် သန့်ရှင်းရေး ဦးစားပေးဆောင်ရွက်ခြင်းဖြင့် အန်တု၍ရနိုင်သော အခြေ ရှိပေသည်။ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောသည့် အလေ့အကျင့်ကောင်းများ စွဲမြဲစွာ လုပ်ဆောင်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြပေသည်။ အနာသိ ဆေးရှိ ဆိုသကဲ့သို့ တစ်ဦးတစ်ယောက်ချင်းစီက ကျန်းမာရေးအသိဖြင့် တက်ညီလက်ညီ ပါဝင်ကြခြင်းဖြင့် အနိဋ္ဌာရုံများကို ကြိုတင်ရှောင်ရှားနိုင်ကြပေသည်။လက်ရှိအနေတွင် ညောင်သီးလည်းစား၊ လေးသံလည်းနားစွင့် ဆိုသကဲ့ မိုးစက်ပွင့်များကပေးသည့် အေးမြချမ်းငြိမ်းမှု လက်ဆောင်လျာကလေးကို အသိအမှတ်ပြုကာ မိုးနတ်မင်းကြီးကို ကျေးဇူးတင်ရပါသည်။ ကျွန်တော်တို့၏ မသိနားမလည်မှု၊ မသိကျိုးကျွန်ပြုမှုများကြောင့် ရရှိဖြစ်ပေါ်လာမည့် သွေးလွန်တုပ်ကွေးအစ ဝမ်းပျက်ဝမ်းလျှောရောဂါအဆုံး မိုးစက်ပွင့်များနှင့် ကပ်ငြိလိုက်ပါလာမည့် အနိဋ္ဌာရုံကပ်ဆိုးများနှင့် ထိပ်တိုက်မတိုးမိကြစေဖို့ ကျွန်တော်တို့အားလုံး မမေ့မလျော့သော သတိတရားဖြင့် စိမ်ခေါ်မှုများအပေါ်... ။