လမ်းဆူညံသံကြောင့် လူ့သက်တမ်း လျော့ကျနိုင်ကြောင်း လေ့လာတွေ့ရှိ

လမ်းဆူညံသံကြောင့် လူ့သက်တမ်း လျော့ကျနိုင်ကြောင်း လေ့လာတွေ့ရှိ
Published 25 June 2015

ဆူညံသောလမ်းများ အနီးတွင် နေထိုင်ကြသူများသည် ဘဝသက်တမ်းတိုနိုင်ပြီး လေဖြတ်မှုအန္တရာယ် မြင့်တက်နိုင်ကြောင်း ဇွန် ၂၄ ရက်တွင် ထုတ်ပြန်သော လေ့လာမှုတစ်ရပ်၌ ဖော်ပြခဲ့သည်။ European Heart Journal တွင် ဖော်ပြခဲ့သော ယင်းလေ့လာမှု၌ သုတေသနပညာရှင်များက လန်ဒန်တစ်ဝန်း၌ ဆူညံမှုပမာဏနှင့် သေဆုံးမှု၊ ဆေးရုံတက်ရောက် ကုသမှုတို့ကို နှိုင်းယှဉ်လေ့လာ ခဲ့ကြသည်။
နေ့အချိန်တွင် လမ်းများပေါ်မှ ဆူညံမှု သည် ၆၀ ဒယ်ဆီဘယ်ထက် ကျော်လွန်ပါ က ၅၅ ဒက်ဆီဘက် အောက်နိမ့်သော နေရာများတွင် နေထိုင်သူများထက် သေဆုံးနိုင်ခြေ လေးရာခိုင်နှုန်း ပိုမိုသည်ဟု သုတေသန ပညာရှင်များက လေ့လာမှုတွင် ဖော်ထုတ်ခဲ့သည်။ လူများနေထိုင်သော ရပ်ဝန်းတွင် ဆူညံသံသည် ၅၅ ဒက်ဆီဘယ်ထက် မကျော် သင့်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပြီး ယင်းထက်ကျော်လွန်ပါက ကျန်းမာရေးပြဿနာများ ရှိနိုင်ကြောင်း ပြောကြားထားသည်။
ပိုမိုဆူညံသော နေရာများတွင် နေထိုင်သူများသည် လေဖြတ်သဖြင့် ဆေးရုံသို့ တက်ရောက်ကုသရရန် ဖြစ်နိုင်ခြေ ငါးရာခိုင်နှုန်းရှိကြောင်း၊ သက်ကြီးရွယ်အိုများတွင် ကိုးရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း သုတေသန ပညာရှင်များက ဆိုသည်။ ညအချိန်တွင်လမ်း၏ ဆူညံသံသည်  ၅၅ ဒက်ဆီဘယ်မှ ၆၀ ဒက် ဆီဘယ်ကြားရှိပါက လေဖြတ်မှုကို ခံစားရနိုင်သည့် အန္တရာယ် ငါးရာခိုင်နှုန်း မြင့်တက်စေကြောင်း၊ သို့သော် သက်ကြီးရွယ်အိုများ ကြားတွင်သာ လေဖြတ်နိုင်ခြေမြင့်တက်ခြင်း ဖြစ်ကြောင်း သုတေသန ပညာရှင်များက ဆိုသည်။ ဆေးလိပ်သောက်သုံးသည့် အလေ့အထ၊ လူမှုစီးပွားအခြေအနေ၊ လူမျိုးစုဆိုင်ရာ အချက်အလက်များကို သုတေသန ပညာရှင်များက ထည့်သွင်းတွက်ချက်ကြောင်း သိရသည်။
လန်ဒန်ဆေးပညာကျောင်း London School of Hygiene Tropical Medicine မှ သုတေသနပညာရှင် ယာနာဟာလိုလင် ဦးဆောင်သော ယင်းလေ့လာမှုတွင် လန်ဒန်ကို ဝိုင်းပတ်ထားသော အဝေးပြေး လမ်းမအတွင်း ဒေသများ၌ နေထိုင်သူများကို ထည့်သွင်းလေ့လာ ခဲ့ခြင်းဖြစ်သည်။ ယင်းသုတေသနကို ၂၀၀၃ ခုနှစ်မှ၂၀၁၀ ပြည့်နှစ်အတွင်း လေ့လာခဲ့ခြင်းဖြစ်ပြီး လန်ဒန်တွင် နေထိုင်သူ ၈ ဒသမ ၆ သန်းအနက် ၁ ဒသမ ၆ သန်းကျော်သည် နေ့အချိန်တွင် ၅၅ ဒက် ဆီဘယ်ထက်ကျော်သော ဆူညံသံကို ခံစား နေရကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။ ဆူညံသံကြောင့် ကျန်းမာရေးအန္တရာယ် ရှိခြင်းသည် ပမာဏနိမ့်ပါးသော်လည်း သေချာကြောင်း အခြားသုတေသန ပညာရှင်များကလည်း ပြောကြားခဲ့သည်။
Ref : AFP

Most Read

Most Recent