ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဘဘဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နည်းနာခံယူမှသာ ပြင်ဆင်နိုင်မည်ဟု ယုံကြည်ကြောင်း ချင်းတိုးတက်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဘဘဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နည်းနာခံယူမှသာ ပြင်ဆင်နိုင်မည်ဟု ယုံကြည်ကြောင်း ချင်းတိုးတက်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 25 June 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဘဘ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ သွားရောက်နည်းနာ ခံယူမှသာ ပြင်ဆင်နိုင်မည်ဟု ယုံကြည်ကြောင်း ချင်းတိုးတက်ရေး ပါတီဝင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်းက ဆွေးနွေးပြောကြားသည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် စပ်လျဉ်း၍ ဇွန် ၂၄ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးမှုများ ပြုလုပ်ရာ၌ ဦးကျွန်ခဲန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်အစိုးရလက်ထက်၌ ပြင်ဆင်ရေးဆွဲသည့် ဥပဒေဖြစ်ကြောင်း၊ တပ်မတော်အစိုးရ လက်ထက်မှာ ရေးဆွဲခြင်း ဖြစ်သည့်အတွက် ကဏ္ဍစုံ၊ ထောင့်စုံမှ ပညာရှင်ပေါင်းစုံများက ရေးဆွဲသည့်ဥပဒေ ဖြစ်သောကြောင့် အစဉ်သဖြင့် တာဝန်ခံခြင်းသည် တပ်မတော်အစိုးရဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေသည် တပ်မတော်၏ လက်စွဲဥပဒေဟု ဆိုချင်ကြောင်း ဦးကျွန်ခဲန်းက ပြောကြားသည်။“တပ်မတော်သားများရဲ့ အကြီးအကဲဟာ ဘဘဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တဲ့အတွက်ကြောင့် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မူပိုင်လို့ပဲ ကျွန်တော် ခံယူပါတယ်။ အဲဒါကြောင့် ဒီအခရာဖြစ်တဲ့ ပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်လိုတဲ့အခါမှာ ကျွန်တော်တို့ ဒီအခြေခံဥပဒေ မူပိုင်ဖြစ်တဲ့ ဘဘကြီးဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ သွားပြီးမှ ကျွန်တော်တို့ အဲဒီလို အခြေအနေ ဖြစ်နေတယ်။ ကျွန်တော်တို့ ဆွဲထားတဲ့ ဥပဒေဟာ လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ နည်းနည်း မစပ်အပ်ဘူး ဆိုပြီးမှ နည်းနာခံလို့ရှိရင် ဘဘဆီကနေပြီးမှ သူမေတ္တာစေတနာ နှုတ်ထွက်စကားကို ကျွန်တော်တို့ ခံယူပြီးမှ ဒီဟာတွေကို ပြုပြင်လို့ရှိရင် အားလုံးကို ပြင်ဆင်လိုရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဦးကျွန်ခဲန်းက ပြောကြားသည်။ထို့ပြင် ပုဒ်မ ၄၃၆ (က) နှင့်ပတ်သက်၍ မူလပြဋ္ဌာန်းချက်တွင် ၇၅ ရာခိုင်နှုန်းကျော်အား ယခုပြင်ဆင်ချက်တွင် ရာခိုင်နှုန်း ၇၀ ပြဋ္ဌာန်းထားချက်အား ထောက်ခံကြောင်း ၎င်းက ဆွေးနွေးပြောကြားသည်။အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ) ၌ စစ်ရေးအမြင်အား ကာကွယ်ရေးအမြင်ဟု ပြင်ဆင်ဖော်ပြခြင်းသည် တပ်မတော်သားများမှ အခွင့်အရေး ပိုယူနေသည်ဟု ဝေဖန်စရာ အကြောင်းရှိသောကြောင့် နိုင်ငံတော်အရေးအရာအားလုံး ကျွမ်းကျင်စွာ ကိုယ်တွယ်ဖြေရှင်းနိုင်သူ ဖြစ်ရမည်ဟု ပြင်ဆင်လိုကြောင်း ဦးကျွန်ခဲန်းက ပြောကြားသည်။“အဲဒါ ပြင်ဆင်လိုက်လို့ ရှိရင်တော့ နိုင်ငံရေးရာအားလုံး ဆိုတဲ့အခါမှာ ကာကွယ်ရေးလည်း ပါပြီးသားဖြစ်မယ်။ အုပ်ချုပ်ရေးလည်း ပါပြီးသား ဖြစ်မယ်။ စီးပွားရေးလည်း ပါပြီးသား ဖြစ်မယ်။ ရေးအားလုံးဟာ နိုင်ငံရေးဖြစ်ပါတယ်” ဟု ဦးကျွန်ခဲန်းက ပြောကြားသည်။ထို့အတူ ပုဒ်မ ၅၉ (စ) မှာ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရည်ညွှန်းပြီး ရေးဆွဲသကဲ့သို့ ဖြစ်နေသလို ဆွေးနွေးသည့် ပုဂ္ဂိုလ်များ အနေဖြင့်လည်း တစ်ဦးတစ်ယောက်ကို ရည်ညွှန်းပြီး ဆွေးနွေးသည့် ပုံစံမျိုး ဖြစ်နေသောကြောင့် ပြင်ဆင်ရေးဆွဲသင့်ကြောင်းနှင့် ပုဒ်မ ၆၀ (ဂ) ပြင်ဆင်ပြဋ္ဌာန်းချက်အား ထောက်ခံကြောင်း ဦးကျွန်ခဲန်းက ဆွေးနွေးပြောကြားသည်။

Most Read

Most Recent