ငယ်စဉ်ကတည်းက မိဘနှစ်ပါး၏ လမ်းညွှန်ဆုံးမမှုနှင့် ပရဟိတကို စိတ်ဝင်တစား လုပ်ဆောင်ခဲ့ပြီး ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း ရှိချိန်တွင်လည်း တစ်ကိုယ်တော်အနေဖြင့် ပရဟိတ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သူ။ ပရဟိတလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် မိမိကဲ့သို့ ပရဟိတ လုပ်ဆောင်ချင်သည့် တစ်ခြားသူများနှင့် တွဲဖက်ကာ ‘တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်’ ကို တည်ထောင်ထားသူ။ သူလုပ်ဆောင်ခဲ့သည့် မွန်မြတ်သောလုပ်ရပ်များကြောင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်သူများကို ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ပေးအပ်သည့် ၂၀၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုကို ရရှိထားသူ။ တစ်ကိုယ်တော် ပရဟိတလုပ်ငန်းတွေသာမက သတင်းအယ်ဒီတာတစ်ဦးအနေဖြင့်ပါ ဆောင်ရွက်နေသည့် ‘မခင်နှင်းကြည်သာ’ နှင့် တွေ့ဆုံပြီး သူလုပ်ကိုင်လျက်ရှိသည့် ပရဟိတ လုပ်ငန်းများအကြောင်း မေးမြန်းခဲ့ပါသည်။
‘ကျွန်မတို့ဟာ လူမြင်ခံဖို့၊ ဆုတွေရဖို့၊ အောင်မြင်မှုတွေရဖို့ ပရဟိတ လုပ်ကြတာ မဟုတ်ဘူး။ ပိုကောင်းတဲ့ လောကအသစ်ကို၊ အနာဂတ်အသစ်ကို ကျွန်မတို့ ထားခဲ့ချင်လို့ပါ’မခင်နှင်းကြည်သာနှင့် တွေ့ဆုံခြင်းမေး - လက်ရှိမှာ သတင်းအယ်ဒီတာတစ်ဦး၊ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေသူ တစ်ဦးအနေနဲ့ ငယ်ဘဝကို ဘယ်လိုဖြတ်သန်းခဲ့လဲ။ဖြေ - ငယ်ဘဝကတော့ ရေဆင်းမှာ ကြီးပြင်းခဲ့တယ်။ အဲဒီမှာက ဖေဖေနဲ့မေမေက ဝန်ထမ်းတွေပေါ့။ ဖေဖေက ငယ်ငယ်ကတည်းက ဘာသင်ပေးထားလဲဆိုတော့ အသက်မွေးဝမ်းကျောင်းပြုတဲ့နေရာမှာ ရိုးသားရမယ်။ နောက်တစ်ခုက အကုသိုလ်မပါတဲ့ အသက်မွေးဝမ်းကျောင်းမှုကို ပြုရမယ်ပေါ့။ အဲဒီအတိုင်းပဲ အကုသိုလ်နဲ့ရှာတဲ့ စီးပွားရေးမျိုးကို ဖေဖေက ဘယ်တုန်းကမှ မလုပ်ခဲ့တဲ့အတွက် ကျွန်မတို့က ချို့ချို့တဲ့တဲ့ နေရခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ မေမေက ကျောင်းမတက်နိုင်တဲ့ ကျောင်းသားတွေကို ကျောင်းထားတယ်။ ကျွန်မတို့ တိုဟူးကြော်တွေ ကြော်ပြီးတော့ ကျောင်းထားပေးကြတယ်။ ဖေဖေဆိုလည်း သူ့ရှိတဲ့ငွေနဲ့ လမ်းပြင်တဲ့ ကိရိယာတွေဝယ်၊ သဲတွေစု၊ ကျောက်ခဲတွေစုနဲ့ ညဘက်ဆို လမ်းပြင်တယ်။ အဲဒီလို ကျွန်မက ငယ်ငယ်ကတည်းက အဖေ့ရဲ့စကားတွေ၊ အမေ့ရဲ့ အပြုအမူတွေကြားထဲမှာ နေခဲ့ရတယ်။မေး - တစ်ယောက်တည်း အနေနဲ့ ပရဟိတ စလုပ်ဖြစ်တာကကော ဘယ်အချိန်လောက်က စလုပ်ဖြစ်ခဲ့လဲ။ဖြေ - ကျွန်မမေမေနဲ့ ကျောင်းသားတွေ ကျောင်းထားကြဖို့ တိုဟူးကြော်တွေ ကြော်ပေးကြတဲ့အချိန် ဖေဖေနဲ့ ရေဆင်းမှာရှိတဲ့ လမ်းတွေပြင်တဲ့အချိန်။ ကျွန်မ အဲဒီတုန်းက နှစ်တန်း၊ သုံးတန်းလောက်ပဲ ရှိဦးမှာပေါ့။ ပရဟိတတွေ ဘယ်အချိန်က စလုပ်သလဲဆိုရင် အဲဒီအချိန်ကစတာပေါ့။ ကျွန်မ ဖေဖေကော၊ မေမေကကောပြောတယ်။ ကိုယ်လုပ်နိုင်တာတွေကို ဘယ်တော့မှ ကျော်မသွားဘဲနဲ့ တာဝန်ကျေဖို့။ ကျွန်မအဲဒီလိုမျိုး ငယ်ငယ်လေးကတည်းက လုပ်ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။မေး - တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက် ဖွဲ့စည်းဖြစ်ခဲ့ပုံကို ပြောပြပေးပါ။ဖြေ - ၂၀၁၀ လောက်မှာ သတင်းလောကထဲကို ပြောင်းလိုက်တယ်။ အဲဒီမှာ ကျွန်မကံကောင်းတယ်လို့ ပြောရမယ်။ ကျွန်မရဲ့ တာဝန်ခံအယ်ဒီတာက အပတ်စဉ် ဆောင်းပါးရေးခိုင်းတယ်။ ကျွန်မက ၂၀၀၈ ခုနှစ် ကတည်းက ပရဟိတလုပ်ငန်းတွေမှာ ဝင်လုပ်နေတာဆိုတော့ ကျွန်မကို ရေးခိုင်းတာက ပရဟိတအဖွဲ့တွေရဲ့ Life ပေါ့။ နောက်တစ်ခုက လမ်းဘေးက ချို့တဲ့တဲ့ ကလေးတွေအကြောင်း။ အဲဒီမှာ မကွေးတိုင်း ရေစကြိုက သူငယ်ချင်းတစ်ယောက်က မြိုင်အနောက်ဘက် တောင်တန်းတွေပေါ်မှာ လူတွေရှိနေတယ်။ သူကတော့ ရောဂါသည်တွေလို့ပြောတယ်။ ရောဂါသည်တွေကို တောင်တန်းတွေပေါ်မှာ စွန့်ပစ်ထားတယ် ဆိုတာကို ကျွန်မ အရမ်းစိတ်ဝင်စားခဲ့တယ်။ နောက်ရေစကြိုက ပရဟိတအဖွဲ့ တစ်ဖွဲ့ကလည်း ပရဟိတနဲ့ ပတ်သက်တဲ့ Training သဘောမျိုး ခေါ်တဲ့အတွက် အဲဒီကို သွားခဲ့တယ်။ ဟိုရောက်တော့ သူတို့အဖွဲ့နဲ့ ပေါင်းပြီး တောင်တန်းတွေပေါ် သွားခဲ့တယ်။ အဲဒီတောင်တန်းတွေပေါ်မှာ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အကုန်လိုအပ်တယ်။ ကျွန်မ ပြန်လာတော့ အဲဒီအကြောင်း စာရေးတယ်။ ဆောင်းပါးပါသွားတဲ့အခါ အလှူရှင်တွေက လှူကြတယ်။ အဲဒါနဲ့ပဲ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက် တည်ထောင်လိုက်ပါတယ်။မေး - ဒီမြိုင်အနောက်ဘက် တောင်တန်းတွေပေါ်က အခြေအနေကို ပြောပြပေးပါ။ဖြေ - နေရာကတော့ မကွေးတိုင်း မြိုင်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်တန်း။ မြိုင်မြို့နဲ့ ၁၇ မိုင်လောက်တော့ ဝေးမယ်ထင်တယ်။ အဲဒီ တောင်တန်းတွေပေါ်မှာ။ ရောဂါသည်တွေကို စွန့်ပစ်ထားတယ်လို့ ကြားခဲ့တာ။ ရောက်သွားတဲ့အခါမှာ သူတို့က ရောဂါသည်တွေ မဟုတ်ဘူး။ သာမန်လူတွေပဲ။ သူတို့က နေစရာအိမ် မရှိဘူး။ လုပ်ကိုင်စရာ လယ်မြေ မရှိဘူး။ လယ်မြေမရှိလို့ တောင်တန်းပေါ်ကို သွားရင်းနဲ့ သူတို့ ပြန်မလာကြတော့ဘူး။ အဲဒီမှာပဲ သူတို့နေလိုက်ကြတယ်။ ပြန်မလာတာ ဘယ်လောက်ကြာလဲဆိုတော့ အသက်အကြီးဆုံး ဦးလေးကြီးက အသက် ၇၀ ကျော်သွားပြီ။ နှစ်ပေါင်း ၄၀၊ ၅၀ လောက်က သူတို့တောင်ပေါ်မှာပဲ နေလိုက်တဲ့ အခါကျတော့ အဲဒီနှစ်တွေအတွင်းမှာ ဘယ်သူမှ ပညာမသင်ကြရဘူး။ သင်ဖို့လည်း စိတ်မဝင်စားတော့ဘူး။ ပြီးတော့ သူတို့တွေ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျကြတယ်။ အသက် ၁၃၊ ၁၄ လောက်ဆိုရင် အိမ်ထောင်ကျသွားပြီ။ အိမ်ထောင်ကျသွားပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းမှာ ကလေးလေးတွေ ရှိတယ်။ အဲဒီ ကလေးတွေက အရမ်းများနေပြီ။ အဲဒီ ကလေးတွေက ပညာမတတ်ဘူး။ ဒေသရဲ့ စီးပွားရေးကလည်း သူတို့ ဝါးတွေခုတ်တယ်။ ဝါးတွေခုတ်ရင်းခုတ်ရင်းနဲ့ ဒေသအပူချိန်ကလည်း များများလာတယ်။ မိုးမရွာတော့ဘူး။ အဲဒီလိုမျိုး ပတ်ဝန်းကျင်က ထိခိုက်လာတဲ့ အခါကျတော့ သူတို့ဘဝတွေက အဆင်မပြေတော့ဘူး။ အဲဒီမှာ သူတို့ ပညာရေးကိုပြန်ပြီး စဉ်းစားမိတဲ့အခါ သူတို့လည်း ကလေးတွေကိုသင်ဖို့ ပညာမတတ်ဘူး။ ဆိုတော့ ကိုယ်ထူကိုယ်ထ တဲလေးတွေထိုးပြီး ဆရာမတွေကိုငှားပြီး စာသင်တယ်။ ဆရာမတွေကို ကျောင်းလခအနေနဲ့ ကလေးတစ်ယောက် ကျပ် ၅၀၀ ဆိုရင် ၅၀၀ လစဉ် အချိုးကျပေးတယ်။ အဲဒီမှာ မိုးရာသီဆိုရင် တောင်တွေပြိုတယ်။ လမ်းတွေ ပျက်တယ်။ အဲဒီအခါ ဝါးမခုတ်နိုင်တော့ ဆရာမတွေကို လခမပေးနိုင်တော့ဘူး။ လခမပေးနိုင်တော့ ဆရာမတွေကလည်း အိမ်ပြန်သွားတယ်။ အဲလိုမျိုးတွေနဲ့ သူတို့ ကျောင်းသာဖွင့်လာတာ နှစ်ကြာလာပေမယ့် ကလေးတွေက ပညာကို ဆုံးခန်းမတိုင်ဘူး။ အဲလိုတွေ ဖြစ်နေတာပေါ့။ အဲဒီနေရာကို ဘယ်သူတွေ သွားလဲဆိုရင် ဒေသခံတွေ အခါအားလျော်စွာ သွားတာကလွဲရင် အပြင်လူတွေ မလာကြဘူး။
မေး - အဲဒီဒေသမှာ ဘယ်လို ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေလဲ။ဖြေ - ကျွန်မ အဲဒီအချိန်ကစပြီး မြိုင်မြို့ အနောက်ဘက်မှာရှိတဲ့ တောင်တန်းမှာ နေကြသူတွေ။ သူတို့ကို တောတိုက်လို့ခေါ်တယ်။ အဲဒီမှာ တောတိုက်ရှစ်ခုရှိတယ်။ အဲဒီက လူတွေရဲ့ ကျန်းမာရေး၊ ဆေးတွေကုပေးတယ်။ ကျန်းမာရေး အသိပညာတွေ ပေးတယ်။ ပညာရေးအတွက်ကတော့ ကလေးတွေကို ကျောင်းခန်းထဲမှာပဲ အေးအေးလူလူ စာသင်နိုင်အောင်၊ ဘာကုန်ကျစရိတ်မှ မရှိဘဲနဲ့ ကျောင်းတက်နိုင်အောင် ရည်ရွယ်တယ်။ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်း မှန်သမျှ နှစ်စဉ်ပေးတယ်။ နောက်တစ်ခုက ရုပ်ဝတ္ထုဖွံ့ဖြိုးရေးနဲ့ စိတ်ဓာတ်ဖွံ့ဖြိုးရေး။ ရုပ်ဝတ္ထုဖွံ့ဖြိုးဖို့ ရေတွင်းတွေတူးတယ်။ ရေကန်တွေဆောက်တယ်။ ရေလှောင်ကန်တွေ ထားပေးတယ်။ စာသင်ကျောင်းတွေ ဆောက်ပေးတယ်။ နောက်အလုပ်အကိုင်တွေ ပြန်ရလာဖို့၊ ဒေသတွင်းက စီးပွားရေးတွေ ပြန်ကောင်းလာဖို့။ စိတ်ဓာတ်ပိုင်းကျတော့ ဒီလုပ်ငန်းတွေကို သူတို့လည်းပြန်ပြီး စိတ်ဝင်စားမယ်။ သူတို့လည်း လုပ်လို့ရပါလားဆိုတဲ့ စိတ်ပါဝင်လာဖို့။ သူတို့ကိုယ်တိုင် ပြန်ဦးဆောင်လာဖို့ကို ပြန်သွားတယ်။ ဆိုတော့ ကဏ္ဍကြီးသုံးခုနဲ့ လည်ပတ်ပါတယ်။မေး - ဒီဒေသအပြင် တခြားမှာကော ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတာရှိလား။ဖြေ - ကျွန်မတို့ အခါအားလျော်စွာ လုပ်တာတွေ ရှိတယ်။ ကျွန်မတို့ကွန်ရက်က အဲဒီဒေသကိုပဲ အခြေစိုက်တာဆိုတော့ တခြားမှာတော့ မလုပ်ဘူးပေါ့။ အခါအားလျော်စွာ ဆိုတာက သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံတာတွေ ရှိတဲ့အခါမှာ တခြားအပြင်က ပရဟိတ အဖွဲ့အစည်းတွေ လှူချင်တာတွေ ကိုလှူပေးတယ်။ အပြင်ကအဖွဲ့ဆိုတာက မြန်မာနိုင်ငံထဲကလည်း ဖြစ်ကောင်းဖြစ်မယ်။ နိုင်ငံခြားကို ရောက်နေတဲ့ မြန်မာတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ကျွန်မတို့က သူတို့နဲ့ ဘယ်လိုညှိလဲဆိုတော့ ကျွန်မတို့ကို လှူတာလည်း လက်ခံပေးတယ်။မေး - ဒီနေ့ခေတ်မှာ လူငယ်တွေကလည်း ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်လာကြတယ်။ လူငယ်တွေနဲ့ သူတို့ရဲ့ ပရဟိတစိတ်ဓာတ်ကို ဘယ်လိုမြင်လဲ။ဖြေ - အရမ်းကောင်းတယ်။ ၂၀၀၈ ခုနှစ်လောက်ကနေ ဒီပရဟိတဆိုတဲ့လှိုင်းက အကြီးကြီးတွေ တစ်ခုပြီးတစ်ခု လိမ့်တက်လာခဲ့တာက ၂၀၁၅ ရောက်တဲ့အခါ လှိုင်းတွေက ပိုပိုကြီးလာတယ်။ အစိုးရကလည်း အစိုးရအလျောက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ကျန်ခဲ့တဲ့ ကွက်လပ်ကလေးတွေကို ပရဟိတအဖွဲ့တွေက အရမ်းဖြည့်ကြတယ်။ အစိုးရလည်း အစိုးရအလုပ် လုပ်ရမှာပဲ။ ပရဟိတအဖွဲ့တွေ လုပ်နေလို့ဆိုပြီး ရပ်နေလို့တော့ မရဘူးပေ့ါ။မေး - ပရဟိတလုပ်ငန်း လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ရရှိခဲ့တဲ့ ဆုတွေအကြောင်း ပြောပြပေးပါ၊၊ဖြေ - ပြည်ပကို ရောက်နေတဲ့ မြန်မာတွေက စုပြီးတော့ ပြည်တွင်းထဲက ပရဟိတအဖွဲ့တွေကို ဆုပေးတာ ရှိတယ်။ အစကတော့ ပြည်သူ့ဂုဏ်ရည်ဆုပဲ ပေးရာကနေ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ပြည်သူ့ဂုဏ်ရည် အထူးဆုကို သူတို့ပေးတယ်။ ကျွန်မက ၂၀၁၄ ခုနှစ်မှာ ရတာ။ သူတို့ ရွေးချယ်တဲ့နေ့က ပြောတာတော့ ဒီကွန်ရက်က တည်ထောင်တာ မကြာသေးဘူး။ ဒါပေမဲ့ လုပ်ဆောင်ချက်က ထိရောက်တယ်။ အများပေါ်မှာ သက်ရောက်မှု အားကောင်းတယ်။ နောက်ရေရှည်လည်း ဆက်ပြီးတော့ အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးမှုအပိုင်းမှာ ထိထိရောက်ရောက်နဲ့ လုပ်ဆောင်သွားမယ်လို့ ယူဆတဲ့အတွက် ဒီဆုကိုပေးတာလို့ ပြောပါတယ်။မေး - ကိုယ်တိုင် ပရဟိတလုပ်နေတဲ့သူတစ်ယောက် အနေနဲ့ တခြားပရဟိတ လုပ်ကိုင်နေသူတွေကို ဘာပြောချင်သေးလဲ။ဖြေ - ကျွန်မမေမေ သင်ပေးခဲ့သလိုပဲ။ ကျွန်မတို့ လုပ်နိုင်တာတွေ ရှိတယ်။ အဲဒီ လုပ်နိုင်တာလေးတွေကို ကျော်ဖြတ်ပြီးတော့ ဖြစ်မှာမဟုတ်ပါဘူးကွာဆိုတဲ့ စိတ်ဓာတ်နဲ့ မထားခဲ့စေချင်ဘူး။ တချို့ကျတော့ ပရဟိတဆိုတာ ငွေတွေအများကြီးကုန်တယ်။ အချိန်ပေးရတယ်။ မိသားစု နောက်ခံအင်အားက အရမ်းကြီးတောင့်မှ လုပ်လို့ရတယ်ပေါ့နော်။ ကျွန်မဖေဖေနဲ့ မေမေက ဝန်ထမ်းတွေပါ။ ကျွန်မတို့ သာမန်မိသားစုပါ။ ကျွန်မကိုယ်တိုင်ကလည်း လခစားဝန်ထမ်း။ နောက်တစ်ခုက သတင်းသမားဆိုတာက မျက်စိဖွင့်ကတည်းက အလုပ်ချိန်စပြီး မျက်စိပိတ်မှ အလုပ်ချိန်ပြီးတယ်။ ကျွန်မမှာ အချိန်ပိုလည်း မရှိဘူး။ ဆိုတော့ ပရဟိတ လုပ်တယ်ဆိုတာ အချိန်တွေအများကြီးလည်း ပေးစရာ မလိုဘူး။ ငွေတွေလည်း အများကြီး မကုန်ဘူး။ မိသားစုကလည်း ချမ်းသာမှ ပရဟိတလုပ်လို့ရတာ မဟုတ်ဘူး။ လုပ်နိုင်တာလေးတွေ စပြီးတော့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကို အရင်းတည်ပြီးတော့ ကျွန်မ ဘာမှချန်မထားခဲ့တာပေါ့။ ကျွန်မတို့ဟာ လူမြင်ခံဖို့၊ ဆုတွေရဖို့၊ အောင်မြင်မှုတွေရဖို့ ပရဟိတ လုပ်ကြတာ မဟုတ်ဘူး။ ပိုကောင်းတဲ့ လောကအသစ်ကို၊ အနာဂတ်အသစ်ကို ကျွန်မတို့ ထားခဲ့ချင်လို့ပါ။
‘ကျွန်မတို့ဟာ လူမြင်ခံဖို့၊ ဆုတွေရဖို့၊ အောင်မြင်မှုတွေရဖို့ ပရဟိတ လုပ်ကြတာ မဟုတ်ဘူး။ ပိုကောင်းတဲ့ လောကအသစ်ကို၊ အနာဂတ်အသစ်ကို ကျွန်မတို့ ထားခဲ့ချင်လို့ပါ’၊ မခင်နှင်းကြည်သာနှင့် တွေ့ဆုံခြင်း