တတိယအကြိမ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မတ် ၁၃ ဆုကို ရရှိထားသည့် “ကျောင်းတက်ချင်တယ်” ရုပ်ရှင်ဇာတ်ကားကို ဖန်တီးသူမှာ ကာတွန်းအော်ပီကျယ်၏ သားဖြစ်သူ ဒါရိုက်တာ ဉာဏ်ကျယ်စေဖြစ်သည်။ ကလေးသူငယ်များ၏ အခွင့်အရေး၊ ကလေးအလုပ်သမား၊ ကလေးစစ်သားစသည့် အကြောင်းအရာများနှင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည့် ကလေးငယ်များ၏ အကြောင်းကို Animation ဖြင့် ပုံဖော်ထားခြင်းကို ဒါရိုက်တာဉာဏ်ကျယ်စေအား တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။
မေး- လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့တဲ့ ကျောင်းတက်ချင်တယ် Animation ဇာတ်ကားကို ဖန်တီးဖြစ်ခဲ့တဲ့ စိတ်ကူးကို အရင်သိချင်ပါတယ်။
ဖြေ- ကလေးတွေနဲ့ ပတ်သက်လို့ကတော့ ကိုယ်တိုင်ကြုံတွေ့ရတာတွေ ရှိသလို စာတွေ့ ဖတ်ရတာတွေလည်း ရှိတယ်။ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာ အိမ်ဖော်လုပ်ရတဲ့ ကလေးတွေတွေ့တယ်။ ဈေးခြင်းတောင်း အလေးကြီးတွေ မရတယ်။ စားပွဲထိုးလုပ်ရတယ်။ ကျွန်တော် ရံဖန်ရံခါ ပရဟိတအလုပ်တွေ လုပ်ဖြစ်တဲ့အခါ ရောက်ဖြစ်တဲ့ မိဘမဲ့ကလေးဂေဟာတွေမှာလည်း ကလေးတွေကို တွေ့ရတယ်။ တချို့ဆင်းရဲချို့တဲ့ ကလေးတွေ မိဘမဲ့ဂေဟာတောင် မရောက်ဘဲ ဆင်းရဲ ဒုက္ခကြုံနေရတာတွေ တွေ့တယ်။ အဲဒါတွေကတော့ ကိုယ်တွေ့ပေါ့။ စာတွေမှာလည်း ကလေးစစ်သားအရေးမျိုးတွေ ဖတ်ရတယ်။ အဲဒါတွေကြောင့်ပဲ ဒီဇာတ်ကားလေး ဖန်တီးဖို့ စိတ်ကူးရခဲ့တာပါ။
မေး- ဇာတ်ကားဖန်တီးရာမှာ ပြသတဲ့ အချိန်သုံးမိနစ်အတွင်းမှာ ကိုယ်ပေးချင်တဲ့ Message တွေပေါ်လွင်အောင် ဖန်တီးရတာ ဖြစ်တဲ့အတွက် ဘယ်လိုအခက်အခဲတွေ ကြုံရလဲ။
ဖြေ- ဒီဇာတ်ကားက အချိန်တစ်လလောက် အတွင်းမှာပဲ လုပ်ခဲ့ရတာပါ။ ကျွန်တော်နဲ့ တွဲဖက်လုပ်ကိုင်မယ့် Partner တွေမအားတဲ့အတွက် မလုပ်တော့ဘူးလို့တောင် ဆုံးဖြတ်ထားခဲ့တာ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က အားပေးတာနဲ့ပဲ ဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဆုံးဖြတ်ပြီးတာနဲ့ ဖန်တီးမယ့် ဇာတ်ကားအတွက် Brain Storming လုပ်ရပါတယ်။ ဇာတ်လမ်းရတဲ့ အခါမှာလည်း အချိန်တိုအတွင်း ဖန်တီးနိုင်ဖို့၊ သုံးမိနစ်ဆိုတဲ့ အချိန်အတွင်းမှာ ကိုယ်ပြချင်တာကိုလည်း ပရိသတ် နားလည်လက်ခံဖို့ ကြိုးစားရပါတယ်။
မေး- လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို ပေးပို့ယှဉ်ပြိုင်ဖြစ်တဲ့ အဓိကရည်ရွယ်ချက်ကရော။
ဖြေ- အဓိကတော့ မနှစ်ကလည်း ဒီရုပ်ရှင်ပွဲတော်ကို သွားကြည့်ဖြစ်တယ်။ ရည်ရွယ်ချက် အားဖြင့်လည်း ကောင်းသလို Animation ဇာတ်ကားတွေလည်းပါတယ်။ ဒါကြောင့် ပြိုင်ရင်ကောင်းမလားဆိုပြီး မနှစ်ကတည်းက စိတ်ကူးဖြစ်ခဲ့တာပါ။
မေး- ဆုရတဲ့ ခံစားချက် ဆိုရင်ရော။
ဖြေ- ဒီဇာတ်ကားကို ပေးပို့ခဲ့ပေမယ့် ဆုရလောက်တဲ့အထိတော့ မမျှော်လင့်ပါဘူး။ ဆုရသွားတဲ့အတွက် ပျော်ပါတယ်။ ဇာတ်ကားဖန်တီးစဉ် တစ်လျှောက်လုံးမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပင်ပန်းခက်ခဲမှုတွေ အများကြီး ရှိခဲ့ပါတယ်။ အခုဆုရတော့ ကိုယ်တိုင်ဝမ်းသာရတာထက် ပံ့ပိုးပေးခဲ့တဲ့ အဖေနဲ့အမေက ပျော်တာကြောင့် ပိုပြီးဝမ်းသာရပါတယ်။
မေး- Animation ကရော ဘယ်အချိန်ကတည်းက ဖန်တီးဖြစ်ခဲ့တာလဲ။
ဖြေ- ဇာတ်ကား တကယ်ဖန်တီးတာက အခုက ပထမဆုံးပါ။ အရင်လုပ်ဖြစ်တာတွေက လေ့ကျင့်တဲ့ သဘောလောက်ပဲ ရှိပါတယ်။ အသက် ၁၁ နှစ် ၁၂ နှစ်လောက်ကတည်းက စလုပ်ဖြစ်တာပါ။
မေး- အဖေကလည်း ကာတွန်းတွေ ဖန်တီးနေတဲ့သူ တစ်ယောက်ဆိုတော့ သူ့ဆီက ဘာတွေလေ့လာ သင်ယူဖြစ်လဲ။
ဖြေ - အဖေ့ဆီက တိုက်ရိုက်သင်ယူခွင့်ရတယ် ဆိုတာထက် အဖေကလည်း ဒီအလုပ်ကိုပဲ နေ့စဉ်လုပ်နေတာ ဆိုတော့ မြင်တွေ့နေတာနဲ့တင် သင်ယူပြီးသား ဖြစ်နေတယ်လေ။ စာအုပ်တွေလည်း အဖေအများကြီး စုဆောင်းပြီးသားဆိုတော့ ကျွန်တော်ဖတ်ချင်တာ ရှာဖတ်လို့ရသလို အဖေလမ်းညွှန်တဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်။
မေး- လက်ရှိက ဆေးတက္ကသိုလ်မှာ တက်နေတယ် ဆိုတော့ နောက်ပိုင်းမှာရော ပညာရေးနဲ့အနုပညာ တွဲလုပ်ဖြစ်မှာလား။
ဖြေ- ကျွန်တော်အဲဒီလိုပဲ စဉ်းစားထားပါတယ်။ ပြည်တွင်းမှာက ကျန်းမာရေး အသိပညာ အရမ်းအားနည်း ပါသေးတယ်။ အဲဒါနဲ့ပတ်သက်လို့ အသိပညာပေး ကာတွန်းတွေ၊ animation တွေလုပ်သွားဖို့ရှိတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့လည်း လုပ်ဖြစ်ပါမယ်။
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် မတ် ၁၃ ဆုရ “ကျောင်းတက်ချင်တယ်” ဇာတ်ကားဖန်တီးသူ ဒါရိုက်တာ ဉာဏ်ကျယ်စေနှင့် တွေ့ဆုံခြင်း