၂၀၁၄ ဂါဇာစစ်ပွဲတွင် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ဖွယ်ရှိကြောင်း ကုလသမဂ္ဂ ပြောကြား

၂၀၁၄ ဂါဇာစစ်ပွဲတွင် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ဖွယ်ရှိကြောင်း ကုလသမဂ္ဂ ပြောကြား
Published 24 June 2015

၂၀၁၄ ဂါဇာစစ်ပွဲကာလအတွင်း အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ဖွယ်ရှိကြောင်း ကုလသမဂ္ဂအစီရင်ခံစာ တစ်စောင်က ဇွန် ၂၁ ရက်တွင် ဖော်ပြခဲ့သည်။ ဂါဇာပဋိပက္ခနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့သော ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာက ၂၀၁၄ စစ်ပွဲကာလအတွင်း အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ယုံကြည်စိတ်ချရသော စွပ်စွဲမှုများ ရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။ ယင်းစစ်ပွဲတွင် ပါလက်စတိုင်း ၂၁၄၀ သေဆုံးခဲ့ပြီး အများစုသည် အရပ်သားများဖြစ်ကြသည်။ အစ္စရေးဘက်က ၇၃ ဦးသေဆုံးခဲ့ပြီး အများစုသည် စစ်သားများ ဖြစ်ကြသည်။
“ဂါဇာမှာ ကြုံခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ လူမှုဒုက္ခတွေက မကြုံစဖူး ဆိုးရွားပါတယ်။ အဲ့ဒီအပြင် နောင်လာမယ့် မျိုးဆက်တွေအထိ သက်ရောက်မှုက ရှိနေမှာပါ” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ မာရီမက်ဂိုဝမ်ဒေးဗစ်က ပြောကြားခဲ့သည်။
ယမန်နှစ် ဂါဇာစစ်ပွဲပြီးနောက် ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်၏ ပြင်းထန်စွာဝေဖန်မှု ခံခဲ့ရသော အစ္စရေးက ယင်းအစီရင်ခံစာကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး အစ္စရေးသည် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်း မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
ဟားမားကမူ စစ်ရာဇဝတ်မှုအတွက်  အစ္စရေးကို ရှုတ်ချခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာကို ချီးကျူးခဲ့သည်။ ကုလသမဂ္ဂက နှစ်ဖက်စလုံးကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး ၅၁ ရက်ကြာ စစ်ဆင်ရေးအတွင်း လေကြောင်းမှ အကြိမ် ၆၀၀၀ ကျော်၊ အမြောက်ဖြင့် အကြိမ် ၅၀၀၀၀ ကျော် တိုက်ခိုက်ခဲ့သည့် အစ္စရေး၏ အင်အားကြီးမားစွာ သုံးစွဲခဲ့မှုကို အစီရင်ခံစာက အထူးသဖြင့် ရှုတ်ချခဲ့သည်။ လူနေအိမ်များကို ဗုံးကြဲခဲ့မှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးခဲ့ပြီး မိသားစုလိုက် သေဆုံးမှုများ ရှိခဲ့ကြောင်း မက်ဂိုဝမ်ဒေးဗစ်က ဂျီနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဇွန် ၂၉ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းမည့် ယင်းအစီရင်ခံစာတွင် လူနေအိမ်များကို တိုက်ခိုက်မှုကြောင့် လူ ၇၄၂ ဦးသေဆုံးခဲ့ကြောင်း၊ မိသားစုအဖွဲ့ဝင် သုံးဦးထက်ပို၍ သေဆုံးသည့် မိသားစု ၁၄၂ စုရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ယင်းအစီရင်ခံစာက အစ္စရေးကို ဒုံးကျည်နှင့် အမြောက်များ အရမ်းကာရော ပစ်ခတ်ခဲ့သည့် ပါလက်စတိုင်း တို့ကိုလည်း ရှုတ်ချခဲ့သည်။ ယင်းကဲ့သို့ ပစ်ခတ်မှုသည် အစ္စရေး အရပ်သားများအကြား ကြောက်ရွံ့မှုများ ပျံ့နှံ့စေရန် ရည်ရွယ်ခဲ့ဖွယ်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့သည် ဒုံးကျည် ၄၈၈၁ ကြိမ်၊ မော်တာ ၁၇၅၃ ကြိမ် ပစ်ခတ်ခဲ့ပြီး အစ္စရေး အရပ်သားခြောက်ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကော်မရှင်က မှတ်တမ်းတင်ခဲ့သည်။
အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ပါလက်စတိုင်း စစ်သွေးကြွတို့က တူးခဲ့သော တူးမြောင်းများသည် အစ္စရေးအရပ်သားများကို စိတ်သောက ရောက်စေခဲ့ကြောင်း အဖွဲ့ဝင်နှစ်ဦးပါဝင်သော ဂါဇာစစ်ပွဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထောက်ပြခဲ့သည်။ ယင်းတူးမြောင်းများမှ သေနတ်သမားများ အချိန်မရွေး ပေါ်ထွက်လာနိုင်ပြီး တိုက်ခိုက်လာမည်ကို အစ္စရေး အရပ်သားများက စိုးရိမ်ပူပန်နေကြကြောင်း ကော်မရှင်အစီရင်ခံစာက ထောက်ပြခဲ့သည်။
ဂါဇာစစ်ပွဲ အဆုံးသတ်သွားချိန်တွင် နှစ်ဖက်စလုံးက ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ထုတ်ရန် ပျက်ကွက်ခဲ့သည်ဟု မက်ဂိုဝမ်ဒေးဗစ်က ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးသူများသည် အစ္စရေး နိုင်ငံအတွင်းနှင့် ပဋိပက္ခဧရိယာသို့ ဝင်ရောက်ခွင့်မရခဲ့ဘဲ ယုံကြည်စိတ်ချရသော တွေ့ဆုံမေးမြန်းမှုအကြိမ် ၂၈၀ ကျော်နှင့် စာဖြင့်တိုင်ကြားမှု ၅၀၀ ခန့်တို့ကို အခြေခံပြီး ယခုအစီရင်ခံစာကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။            
Ref: AFP

Most Read

Most Recent